ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ စစ်ရေးဘာဆက်ဖြစ်နေလဲ
လျှပ်စစ်မီးနဲ့တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ အရပ်သားသေဆုံးမှုတွေလည်းနေ့စဥ်လိုလိုရှိနေပါတယ်။
တအာင်းတပ် - TNLA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား မူဆယ်မြို့ ကွက်ကွက်လေးကျန်ပြီး နမ့်ခမ်း နဲ့ မူဆယ် ၁၀၅ မိုင် တဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတာ ရက်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင်နဲ့ နမ့်ခမ်းမြို့က ၂၇ မိုင်ဝေးပြီး နမ့်ခမ်း - မူဆယ် ၁၀၅ မိုင်ကြားမှာ မူဆယ်မြို့ရှိတာဖြစ်ပါတယ်။ နမ့်ခမ်းဒေသခံအချို့ကတော့ စစ်ကောင်စီတပ်ဘက်က ပြင်းအားမြင့် ဗုံးတွေနဲ့ လေကြောင်းကနေ နေ့တိုင်းလိုလို တိုက်ခိုက်နေတယ်လို့ ပြောဆိုကြပါတယ်။
မြေပြင်အခြေအနေအရ မူဆယ်မြို့ကို ကြားခံပြီး တစ်ဖက်တစ်ချက်မှာ စစ်ရေးပြင်းထန်နေတာဖြစ်ပါတယ်။
‘’ ၁၅ မိုင်ပတ်ချာလည်အထိအသံပြင်းအားရှိတယ်။ အရမ်းတုန်ခါပြီး အသံတော်တော်ကျယ်တယ်။ နမ့်ခမ်းကိုနေ့တိုင်းလေယာဥ်လာတယ်။ ဗုံးလာကြဲတယ်။မြို့ပေါ်မှာတော့လူတွေနေနေကြသေးတယ်။ စစ်တပ်ကတော့ စခန်းသစ်ကုန်းဘက်မှာရှိနေသေးတယ်’’ လို့ နမ့်ခမ်းမြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာ ၉ ရက်အထိနမ့်ခမ်းမြို့ မှာ စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အားလုံးကို ဂုဏ်ယူတယ်ဆိုပြီး ထုတ်ပြန်ပါတယ်။
‘’ သူတို့ထိန်းချုပ်နိုင်ပြီဆိုရင် နမ့်ခမ်းကိုဘာကြောင့်အခုချိန်အထိ တိုက်နေသေးတာလဲ။ ဒါတွေက သူတို့ရဲ့အပြောနဲ့အလုပ်ဘဲဖြစ်ပါတယ်’’ လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၉ ရက်ထုတ်ပြန်တဲ့ နေ့စဥ် သတင်းထုတ်ပြန်ချက်မှာ နမ့်ခမ်းကို TNLA သိမ်းထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ထည့်ပြောပါတယ်။
ဒါပေမဲ့ နမ့်ခမ်းမြို့ကို စစ်တပ်ထိန်းချုပ်နိုင်တာရှိလား၊ မရှိလားဆိုတာကို တိတိကျကျပြောဆိုတာမရှိပါဘူး။
မြို့ခံတွေကတော့ လက်ရှိမှာ နမ့်ခမ်းမြို့ကို TNLA - တအာင်းတပ်က စိုးမိုးနေရာထားပြီး ဌာနဆိုင်ရာတွေ၊တပ်နဲ့ ရဲတွေက မြို့ပေါ်မှာနေထိုင်တာမရှိတော့ဘူးဘဲ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက သွားလာလှုပ်ရှားနေတယ်လို့ အတည်ပြုပြောဆိုပါတယ်။
TNLA ဘက်က နိုဝင်ဘာ ၇ ရက်ကတည်းက နမ့်ခမ်းကို သိမ်းပိုက်ပြီလို့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နမ့်ခမ်းမြို့နဲ့ ၁ မိုင်လောက်သာ ကွာဝေးတဲ့ စစ်ကောင်စီရဲ့ စခန်းသစ် စစ်ခန်းကုန်းကိုတော့ သိမ်းယူနိုင်တာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
TNLA ဘက်က နမ့်ခမ်းနဲ့ စခန်းသစ်ကုန်းကို ထိုးစစ်ဆင်တဲ့ ရက်ပေါင်း ၄၂ ရက်အတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၅၀ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
'' နမ့်ခမ်း နဲ့ ၃ မိုင်အကွာမှာ ရွှေလီ ကြိုးတံတား ရှိတယ်။ တံတားကျော်ရင် ကချင်ပြည်နယ်ရှိတယ်။ သူတို့မြောက်ပိုင်းမဟာမိတ်တွေနဲ့ ကပ်နေတာပေါ့။ ဒီဘက် မူဆယ် ၁၀၅ မိုင်ကလည်း အခု MNDAA သိမ်းထားတဲ့ ကြူကုတ် ပန်ဆိုင်း တို့ မုံကိုးတို့ ဘက်ကို ကပ်တယ်။ အဲဒီတော့ စဥ်းစားကြည့်ရင် မဟာမိတ်တွေက စစ်ရေးနယ်ကရှင်းပါတယ်'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
မူဆယ် ၁၀၅ မိုင်ဘက်မှာလည်း တိုက်ပွဲတွေကဆက်တိုက်ပြင်းထန်နေပြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က မနက် ၄ နာရီလောက်က မူဆယ် ၁၀၅ မိုင်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၆၀ အရွယ် ဆေးဆရာဦးထွန်းဝေဆိုသူ နေရာမှာပဲလက်နက်ထိမှန်သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်။
" ဆေးဆရာ မိသားစုအိမ်ပေါ်ကိုလက်နက်ကျတာ။ မိသားစုလိုက် ထိသွားတာပေါ့။ အဖေဖြစ်သူကသေသွားတယ်။ ကျန်နှစ်ယောက်တော့ ဒဏ်ရာပဲရတယ်။ သူတို့အလံဖြူထောင်ပြီး မူဆယ်ဘက်ကို ရအောင်သွားပြီးဆေးသွားကုကြတယ်’’ လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဒီအရပ်သားနေအိမ်ပေါ်ကျခဲ့တဲ့လက်နက်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လက်နက်လဲဆို တာကိုတော့ တိတိကျကျသိရတာမရှိပါဘူး။ ဒေသတွင်းသတင်းတွေမှာ ဒီဇင်ဘာ ၁၀ ရက် မနက် ၄ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ဖော်ပြထားသလို ဒရော့ဗုံးကျရောက် ပေါက်ကွဲတာဆိုတဲ့ ပြောဆိုချက်တွေလည်းရှိနေတာပါ။
ဘီဘီစီအနေနဲ့ ကျရောက်ပေါက်ကွဲတဲ့အခြေအနေကို သီးခြားအတည်ပြုနိုင်ဖို့ ၁၀၅ မိုင်အနီးနေထိုင်တဲ့ ဒေသခံတွေကို ထပ်မံဆက်သွယ်ပေမဲ့ ဆက်သွယ်မရသေးပါဘူး။ မူဆယ် ၁၀၅ မိုင်မှာ ဒရေ့ာ့ဗုံးကျတာ၊ လေယာဉ်ဗုံးဒဏ်နဲ့ လက်နက်ကြီးပစ်တာတွေကြောင့် နေအိမ်နဲ့ ကုန်သွယ်ရေးဇုန်မှာ ထိခိုက်ပျက်စီးတာ တွေရှိပါတယ်။
၁၀၅ မိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ညီနောင် ၃ ဖွဲ့က တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင်နဲ့ နမ့်ခမ်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ဒီဇင်ဘာ ၁၀ရက်အထိ ပစ်ခတ်မှုတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရာ ၂ ခုပေါင်း အရပ်သား အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ နှစ်ဒါဇင်ခန့်ရှိပြီဖြစ်ပါတယ်။
ဒီနေရာမှာ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေဖြစ်နေသလို ရှမ်းမြောက် မူဆယ်မြို့နယ်ထဲမှာ လျှပ်စစ်မီးပြတ်တောက်နေပြီး ရေတင်လို့ မရတော့တာကြောင့် ဒေသခံတွေက ရွှေလီမြစ်ဘေးမှာရေချိုးတာနဲ့ ရေအသုံးပြုတာတွေလုပ်ရတယ်လို့ လူမှုကူညီကယ်ဆယ်ရေးသမားတချို့ကပြောပါတယ်။
'' ထမင်းဟင်း ချက်ပြုတ်ဖို့အတွက်ရေကတော့ ရပ်ကွက်ထဲက မီးစက်ရှိတဲ့အိမ်ကပေးတဲ့ ရေကို လိုက်ခပ်သုံးနေရတယ်။ သူတို့လည်း အလှူလုပ်ပေးတာ။ ရေချိုးရင် ချောင်းရေရှိတဲ့နေရာမှာ ချိုးရတယ်။ တချို့လည်း ဒီရွှေလီမြစ်ဘေး ရေသွားချိုး အဝတ်သွားလျှော်ပေါ့ ။ ရေတိမ်တဲ့နေရာပေါ့။ ဒီကြားထဲမှာ ရေထဲမျောပြီး ရေနစ်သွားတာလည်းရှိတယ်'' လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တခွင် ၁၀၂၇ စစ်ဆင်ရေးနောက်မှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ စစ်ဆင်ရေးဒုတိယအဆင့်ကို ဆက်လက်အကောင်ထည်ဖော်နေပြီး မိမိတို့ရည်မှန်းချက်တွေနဲ့အတူ မြန်မာတစ်နိုင်ငံလုံး မျှော်မှန်းတဲ့ ရည်မှန်းချက်ကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ထုတ်ပြောထားပါတယ်။