ငပလီနဲ့ လားရှိုး - မွေးရေးနဲ့ ဝမ်းရေးခက်နေတဲ့ စစ်အတွင်းကကိုယ်ဝန်ဆောင်သည်တွေ

ရခိုင်၊ သံတွဲမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အာရက္ခတပ်တော် ( အေအေ) နဲ့ မြို့ကိုလက်မလွှတ်ရဖို့ အပြင်းအထန်ခုခံနေတဲ့စစ်ကောင်စီတပ်တွေ ကြားပြင်းထန်တိုက်ပွဲတွေကြောင့် ဒေသခံအားလုံးနီးပါး မြို့ကိုစွန့်ခွာနေကြပါပြီ။

သာမန် အရပ်သားတွေအတွက် စစ်ရှောင်၊စစ်ပြေးရတာတောင် အခက်အခဲမျိုးစုံကြုံတွေ့နေရချိန်မှာ လရင့်ကိုယ်ဝန်နဲ့မိခင်လောင်းတွေအတွက်က ကလေးအသက်ရော သူတို့အသက်ကိုပါအဖက်ဖက်က တွေးဆရတာတွေရှိနေပါတယ်။ ဒါတွေအပြင် ငွေကြေးလိုအပ်ချက်ကလည်း စိန်ခေါ်ချက်ဖြစ်ပါတယ်။

အဲဒီလိုကိုယ်ဝန်ဆောင်တွေထဲမှာ ကိုယ်ဝန် ၇ လ ရှိနေတဲ့ အသက် ၂၀ အရွယ် မလင်းလင်းရွှေလည်းပါပါတယ်။

အသက် ၆၀ ကျော်သက်ကြီးရွယ်အိုယောက္ခမနှစ်ယောက်အပါအဝင် မိသားစု ၅ ဦးရှိတဲ့မလင်းလင်းရွှေတို့မိသားစုက သံတွဲမြို့နဲ့သိပ်မဝေးတဲ့ နန်းချောင်းရွာမှာနေပါတယ်။

သူ့အမျိုးသားရယ်၊ အသက် ၄ နှစ်အရွယ်သမီးဖြစ်သူနဲ့အတူ တောအစပ်၊ ခြံစည်းရိုးအစပ်တွေမှာ ပေါက်နေတဲ့ ဆူးပုပ်အပါအဝင် ဟင်းစားချက်လို့ရသမျှ အသီးအရွက်တွေကို နေ့တိုင်းလိုက်ခူးပါတယ်။

ရသမျှဟင်းရွက်တွေ၊ အသီးတွေကိုတော့ နာရီဝက်လောက် လမ်းလျှောက်သွားရတဲ့ သံတွဲမြို့သစ်ဈေးကို သွားရောင်းကြပါတယ်။ မိသားစု ၅ ယောက်ရဲ့ စားဝတ်နေရေးကို အဲဒီဝင်ငွေနဲ့ ဖြေရှင်းခဲ့ကြတာပါ။

“တောင်ပေါ်အထိတော့ မတက်ရဲဘူး၊ မြေမြှုပ်မိုင်းတွေရှိတော့ တောအစပ်လောက်အထိပဲ သွားရဲတယ်” လို့ မလင်းလင်းနွယ်က ပြောပါတယ်။

အိမ်ထောင်စု တစ်ရာဝန်းကျင်ရှိတဲ့ သူတို့နေထိုင်တဲ့ နန်းချောင်းရွာမှာ သူတို့မိသားစုနဲ့ တခြား မိသားစု နှစ်စုလောက်သာ ကျန်တော့ပြီး ရွာခံအားလုံးနီးပါးက စစ်ဘေးရှောင်သွားကြပါပြီ။

“စစ်ဘေးရှောင်ဖို့ ဂိတ်တွေမှာ မှတ်ပုံတင်ပြရတယ်ပြောတော့ ကျွန်မမှာမှတ်ပုံတင်မရှိဘူး။ ပြီးရင် သံတွဲကနေ ဂွအထိကို တစ်ယောက်ကို လမ်းစရိတ် တစ်သိန်းတဲ့၊ ကျွန်မတို့ မှာငွေလည်းမရှိဘူး။ဘယ်လိုတတ်နိုင်မှာလဲ၊ လက်ထဲမှာစုဆောင်းမိထားတာ ဘာမှမရှိဘူး”ဆိုပြီး တိုက်ပွဲနားကပ်ရပ်ရှိနေတဲ့ နန်းချောင်းမှာ ကိုယ်ဝန်နဲ့ဆက်နေရတဲ့အကြောင်း မလင်းလင်းရွှေကပြောပြပါတယ်။

စစ်ပွဲတွေငြိမ်တဲ့တခြားဒေသမှာ သူတို့ စားသောက်နေထိုင်ဖို့ ၊ အကူညီတောင်းဖို့အတွက် ဆွေမျိုး၊ မိတ်ဆွေတွေကလည်း မရှိကြပါဘူး။

ဂွနဲ့ ကျိန္တလီမြို့နယ်တွေဘက်က ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ချိန် တည်းခိုလို့ရပေမဲ့လည်း သွားဖို့ လမ်းစရိတ်မရှိတဲ့အတွက် ကိုယ့်ရွာမှာပဲ ကိုယ်နေပြီး အခြေအနေစောင့်ကြည့်ဖို့ ရွေးချယ်လိုက်တာလို့ မလင်းလင်းရွှေက ပြောပါတယ်။

မလင်းလင်းရွှေ အမျိုးသားကတော့ "ကျွန်တော်တို့ ဗုံးခိုကျင်းတော့တူးထားတယ်၊ ကျန်တာတော့ မတတ်နိုင်ဘူး''လို့ ပြောပါတယ်။

တချို့ကျေးရွာတွေမှာလည်း မလင်းလင်းရွှေတို့လို ငွေကြေးမတတ်နိုင်လို့ ရွာမှာ ကျန်ရစ်ခဲ့တဲ့သူတွေ အများကြီးရှိသေးတယ်လို့ ဒေသတွင်းအခြေအနေတွေသိရှိသူတစ်ယောက်က ပြောပါတယ်။

စစ်ရေးကြား မီးဖွားဖို့ထက် စားဖို့ကို ရုန်းကန်နေရ

ဆူးပုပ်ရွက် ခူးပြီးရောင်းလို့ရတဲ့ ဝင်ငွေက တစ်ရက်မှာ ၅ ထောင်ကနေ ၁ သောင်းကြားရပေမဲ့ သံတွဲမြို့ မှာလက်ရှိဆန်တစ်ပြည်ဈေးနှုန်းကလည်း တစ်သောင်းဝန်းကျင် ရှိနေတာပါ။

“ဆန်ကို အဓိကထားဝယ်တယ်။ ဟင်းသီးဟင်းရွက် ခူးစားတယ်။ ငါးနီတူခြောက် ရှိတယ်။ အသားဟင်း မစားရတာ တော်တော်ကြာနေပြီ။ ဘယ်နှစ်လ ရှိမှန်းတောင် မသိတော့ဘူး”လို့ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် အဟာရပြည့်အောင် စားရမယ်ဆိုတာထက် အစာအိမ်ပြည့်အောင် ဖြည့်နိုင်ဖို့တောင် ခဲယဉ်းနေတဲ့အခြေအနေကို မလင်းလင်းရွှေ က ပြောပြပါတယ်။

ရသလောက်ငွေကြေးနဲ့ ဝယ်ထားတဲ့ဆန်က မိသားစုအတွက် မလောက်ငှတဲ့အခါ “တစ်ခါတလေ ထမင်းမလောက်ရင် ကလေးနဲ့ အမျိုးသမီးကို ဦးစားပေးကျွေးလိုက်တယ်”လို့ မလင်းလင်းရွှေရဲ့ အမျိုးသား ကိုအောင်ပိုင်က ပြောပါတယ်။

ဒါကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မလင်းလင်းရွှေတို့ဟာ စစ်ပွဲကြားမှာမီးဖွားစရိတ်လည်း မစုဆောင်းမိသေးသလို မီးဖွားရင် လိုအပ်မယ့်ပစ္စည်းတွေလည်း မဝယ်နိုင်ကြသေးပါဘူး။

ဒါအပြင် နယ်မြေစစ်ရေးအခြေအနေကြောင့် ဆေးရုံ၊ဆေးခန်းမရှိ လို့ ကာကွယ်ဆေးတွေလည်းမထိုးရပါဘူး။

“မိခင်လောင်း မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးရမယ်။ ကိုယ်ဝန်ဆောင်အားဆေး သောက်ရမယ်။ မေးခိုင်ကာကွယ်ဆေးထိုးမှ မွေးကင်းစကလေး မွေးကင်းစကလေး မေးခိုင်ရောဂါကနေ ကာကွယ်နိုင်မယ်” လို့ ဆရာဝန်တစ်ယောက်ကကိုယ်ဝန် ၇ လမိခင်တွေထိုးရမယ့် ကာကွယ်ဆေးတွေအကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

မလင်းလင်းနွယ်လို့ စစ်မက်ဇုန်ထဲမှာ ရောက်နေတဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အားဆေးဆိုတာလည်း မရှိသလိုမေးခိုင်ကာကွယ်ဆေးကလည်း တစ်ကြိမ်သာထိုးလိုက်ရတယ်လို့ မလင်းလင်းနွယ်က ပြောပါတယ်။

ဆူးပုပ်ခူးပြီး ပြန်လာချိန်မှာဆိုရင်လည်း လမ်းလျှောက်ထားရတဲ့အရှိန်၊ ကိုယ်ဝန်လွယ်ထားရတဲ့ အလေးချိန်တွေကြောင့် ခြေထောက်တွေက ရောင်ကိုင်းနေတဲ့အကြောင်းလည်းသူက ရင်ဖွင့်ပါတယ်။

နန်းချောင်းရွာက ကျန်နေတဲ့ သားဖွားဆရာမတချို့ ပါ စစ်ရှောင်သွားကြတာကြောင့် ဘယ်သူက မွေးပေးမလဲဆိုတာလည်း မသိသေးပါဘူး။

“ကျွန်တော်ကတော့ ရွာမှာ ကျန်နေသေးတဲ့သူတွေကို ကလေးဘယ်လိုမွေးရလဲ လိုက်မေးကြည့်ထားတယ်။ အိမ်မှာပဲ မွေးရမယ့်အခြေအနေပဲ။ ကျန်တာ ဘယ်လိုမှလည်း စဉ်းစားလို့မရသေးဘူး။ အနှီးလည်း မဝယ်နိုင်တော့ ပုဆိုးအဟောင်းတွေကိုပဲ အနှီးလုပ်ပြီးသုံးရမှာပဲ”လို့ မလင်းလင်းရွှေ ရဲ့ ခင်ပွန်း ကိုအောင်ပိုင်က သူပြင်ဆင်ထားနိုင်တဲ့ အခြေအနေတွေကို ပြောပြပါတယ်။

စစ်မက်ဇုန်ထဲက နန်းချောင်းရွာ

သံတွဲမြို့ထဲကနေအထွက် သံတွဲ ဘိုးဘွားရိပ်သာပြီးရင် နန်းချောင်းရွာ၊ လင်းသာ၊ မြပြင်၊ မဇင်တို့ဟာ သံတွဲမြို့နဲ့ ငပလီမြို့နယ်ခွဲအကြားမှာ ရှိနေတဲ့ ရွာတွေဖြစ်ပါတယ်။

သံတွဲ- ငပလီကို ကားလမ်းခရီး ဆယ်မိနစ်လောက်သာ ကွာဝေးပြီး နန်းချောင်းရွာနားမှာ ခလရ ၅၅ ရှိတာကြောင့် ကိုယ်ဝန်ဆောင်သည် မလင်းလင်းရွှေတို့ ရှိနေတဲ့ နန်းချောင်းရွာဟာ စစ်မက်ဇုန်ထဲမှာ ရှိနေပါတယ်။

“ငွေကြေးမတတ်နိုင်လို့ ထွက်မပြေးနိုင်တဲ့သူတွေလည်း ရွာတွေမှာ ကျန်ခဲ့ကြတာရှိတယ်။ အဲဒီကိုယ်ဝန်ဆောင်ရှိတဲ့ ရွာဆိုရင် တိုက်ပွဲဇုန်ထဲမှာ ရှိနေတယ်။ အန္တရာယ်များတယ်၊ စစ်တပ်က လေကြောင်းကရော၊ ရေကြောင်းကပါ ပစ်နေတော့ လက်နက်ကြီးကျတာတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်တွေလည်း ရွာအနားမှာ ကျတာရှိတယ်”လို့ သံတွဲမြို့ခံတစ်ယောက်က ပြောပါတယ်။

မလင်းလင်းရွှေရဲ့ အမျိုးသားကိုအောင်ပိုင်ကတော့ သူ့တို့မိသားစု အသက်အန္တရာယ်အတွက် ကတုတ်ကျင်း၊ ဘုန်းကြီးကျောင်းနဲ့ အဆောက်အဦ ခိုင်ခံ့တဲ့နေအိမ်တွေမှာ သွားခိုလှုံနေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့မှာက အိမ်လို့ ပြောမရတဲ့ တဲ ပဲရှိတာ” လို့ လက်နက်ကြီးအန္တရာယ်ကို မကာကွယ်နိုင်တဲ့ သူတို့ ဘဝအခြေအနေကို ပြောပြပါတယ်။

စစ်ပွဲဒေသမှာ စစ်ရှောင်ဖို့လည်းခက်၊ ဆက်နေဖို့လည်းမလုံခြုံတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာ အသက်ဘေးစိန်ခေါ်ချက်တွေရှိနေပါတယ်။

ကမ္ဘာကျော်ကမ်းခြေငပလီရှိတဲ့ သံတွဲရဲ့ စစ်ရေးအခြေအနေ

မလင်းလင်းရွှေတို့ ရွာနားမှာရှိတဲ့ ငပလီကမ်းခြေနားက ခြေလျင်တပ်ရင်း ၅၅ ကို သိမ်းပိုက်နိုင်ပြီလို့ အာရက္ခတပ်တော် (အေအေ)က ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ခလရ ၅၅ ကို အာရက္ခတပ်တော် အေအေဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင်မှာပဲ မြို့တွင်းတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။

ငပလီကမ်းခြေမှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းတချို့ကို အေအေတပ်တွေကသိမ်းပိုက်ထားပေမယ့် သံတွဲမြို့တွင်းနဲ့ အနီးဝန်းကျင်မှာတော့ ကုန်းဝိုင်းရေတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတချို့ ကျန်နေပါသေးတယ်။

စစ်ကောင်စီတပ်တွေဟာ သံတွဲမြို့ပေါ်မှာရှိတဲ့ အကျဉ်းထောင်မှာ တပ်စွဲထားပြီးခုခံတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်း မြို့မှာကျန်ဒေသခံတချို့ကပြောပါတယ်။

သံတွဲတစ်မြို့လုံးကို သိမ်းပိုက်နိုင်တဲ့အထိ ထိုးစစ်တွေဆက်ဆင်နွှဲမယ်လို့လည်း AA က ကြေညာထားပါတယ်။

တပ်စခန်းတွေ စွန့်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ လေကြောင်းပစ်ခတ်တာတွေ လုပ်လာနိုင်တာကြောင့် ဘေးလွတ်တဲ့နေရာကို ရှောင်ကြဖို့ အာရက္ခတပ်တော်နဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းကနေ ပစ်ခတ်တဲ့ ဗုံးတွေဟာ ပြင်းအားများတာအပြင် လူနေကျေးရွာတွေ၊ မြို့တွေကိုပါ ပစ်ခတ်တာကြောင့် တိုက်ပွဲဇုန်ထဲမှာ ရှိနေတဲ့သူတွေအနေနဲ့ အန္တရာယ်ရှိတယ်လို့လည်း သူက ပြောပါတယ်။

နန်းချောင်းရွာနားက လင်းသာကမ်းခြေမှာ ပြီးခဲ့တဲ့ဇူလိုင် ၉ ရက်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်တာကြောင့် ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်နဲ့ သံတွဲမြို့နယ်ထဲက ရပ်ကွက်တွေထဲကို လက်နက်ကြီးကျတာတွေရှိခဲ့ပါတယ်။

တိုက်ပွဲတွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက နန်းချောင်းရွာပတ်ဝန်းကျင်တွေကို ကျရောက်တာရှိပြီး နေအိမ်ပျက်စီးတာတွေ ရှိပေမဲ့ လူအထိအခိုက်တော့ မရှိသေးဘူးလို့ ကိုအောင်ပိုင်က ပြောပါတယ်။

“လက်နက်ကြီးတွေကျတာ သုံး၊ လေးလုံးလောက်ရှိတယ်”လို့ သူက ပြောပါတယ်။

ဇူလိုင် ၁၁ ရက်မှာတော့ သံတွဲ-ဂွ လမ်းပေါ်မှာရှိတဲ့ ပဒဲကောကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ရေတပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက် နေရာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သားဖွားဆရာဝန်တွေမရှိတော့တဲ့ နိုင်ငံအရှေ့ မြောက်ဘက်က လားရှိုးမြို့

နိုင်ငံအနောက်ပိုင်းကရခိုင်ပြည်နယ် သံတွဲမှာ တိုက်ပွဲတွေကြောင့် မလင်းလင်းရွှေတို့လို ကိုယ်ဝန်ဆောင်တွေ အခက်အခဲကြုံနေရသလိုနိုင်ငံ ရဲ့ အရှေ့မြောက်ဘက်မှာလည်း ပြင်းထန်တိုက်ပွဲတွေရှိနေပါတယ်။

တရုတ်ကြားဝင်ပြီး ဇန်နဝါရီမှာ အပစ်ရပ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း က ၁၀၂၇ စစ်ဆင်ရေး ဟာ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လမှာ ရှမ်းမြောက် လားရှိုး၊ ကျောက်မဲ၊ သီပေါနဲ့ နောင်ချို မှာ တပြန်တိုက်ပွဲတွေဖြစ်လာပါတယ်။

လားရှိုးမြို့ မှာ စစ်တပ်နဲ့ ကိုးကန့်တပ် - MNDAAတပ်တို့ ကြားတိုက်ပွဲတွေ ၁၀ ရက်ကျော် ရှိလာချိန်မှာ

တိုက်ပွဲတွေအကြားမှာ လက်နက်ကြီးထိလို့ အရပ်သားသေဆုံးတာဆယ်နဲ့ချီရှိသလို ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော် ရှိပါတယ်။

မြို့ရဲ့ လူဦးရေ နှစ်သိန်းနီးပါးရှိတဲ့ လားရှိုးမြို့ မှာ မြို့ လူဦးရေ ၆၀ ရာခိုင်နှုန်းက မြို့ကိုစွန့်ခွာသွားပြီဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးရုံတွေ အကုန်ပိတ်သွားပြီး အစိုးရဆေးရုံနဲ့ စစ်ဆေးရုံသာ ရှိတော့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေဆီကနေ သိရပါတယ်။

“သားဖွားဆရာဝန်တွေရော၊ကျန်းမာရေးဝန်ထမ်းအများစုရောမရှိတော့ဘူးဗျ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ လူငယ်အဖွဲ့တစ်ခု ပြောပါတယ်။

လားရှိုးကနေ မန္တလေးအထိ လူတစ်ယောက်အတွက် ကားခ ၄ သိန်းကနေ ၅ သိန်းအထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းစရိတ်မတတ်နိုင်တဲ့သူတွေ၊ လမ်းတွေပိတ်တာကြောင့် ပြန်လှည့်လာရသူတွေဟာ လားရှိုးမြို့ထဲက ခိုင်ခံ့တဲ့အဆောက်အဦတွေမှာ စစ်ဘေးရှောင်နေကြရတာပါ။

အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်တွေလည်း ပါနေပေမဲ့ အရေအတွက်တော့ မခန့်မှန်းနိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်သည်တွေ မီးဖွားနိုင်ဖို့ တတ်နိုင်သမျှကြိုပြင်ထားကြတဲ့ အခြေအနေကိုမြို့မှာကျန်နေတဲ့ မြို့ခံတချို့ကပြောပါတယ်။

“ ရိုးရိုးမွေးမယ့် ကိုယ်ဝန်ဆောင်သည်တွေအတွက် အငြိမ်းစားဆရာမကြီးတွေကို အကူညီတောင်းထားတယ်။ ခွဲမွေးဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဓာတ်မှန်ရိုက်ဖို့လည်း အခက်ခဲဖြစ်တယ်။ သားဖွားဆရာမတွေလည်း မရှိတော့ဘူး။ ဆေးရုံတွေကလည်း ပိတ်တယ်ဆိုတော့ တော်တော်တော့ ခက်ခဲမယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခွဲမွေးဖို့ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်တချို့ကလည်း တိုက်ပွဲအခြေအနေကိုကြည့်ပြီး မန္တလေးဘက်ကို ဆင်းခွင့်ရချိန်မှာ သွားမွေးဖို့ စီစဥ်ထားကြပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့နေရာ၊ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ထိခိုက်လွယ်တဲ့ ကလေး၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကိုယ်ဝန်ဆောင်တွေဟာ ဦးစားပေး ကယ်တင်ရတဲ့သူတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသတွေမှာတော့ ထိလွယ်ခိုက်လွယ်အစုအဖွဲ့တွေအတွက် လူမှုကူညီရေးအဖွဲ့တွေကကူကြရတာ၊ ကိုယ့်ဘာသာလွတ်မြောက်အောင်ရှောင်တိမ်းရတာတွေသာရှိနေတာပါ။

အသက် ၆၀ ကျော် သက်ကြီးရွယ်အို နှစ်ယောက်၊ အသက် ၄ နှစ်အရွယ် ကလေးတစ်ယောက်၊ ကိုယ်ဝန် ၇ လလွယ်ထားရတဲ့ သံတွဲမြို့နယ်၊ နန်းချောင်းရွာက မလင်းလင်း‌ရွှေတို့ကတော့ အသက်ဘေးက လွတ်ကင်းနဲ့နေရာကို မတိမ်းရှောင်နိုင်ကြသေးပါဘူး။

တိုက်ပွဲတွေကြားမှာ အသက်ဘေးလွတ်မြောက်နိုင်မလား၊ ကလေးမီးဖွားချိန် တိုက်ပွဲတွေဖြစ်နေမလား၊ ကလေးကိုလွယ်လွယ်ကူကူ မွေးဖွားနိုင်ပါ့မလားဆိုတဲ့ ပူပင်သောကတွေကတော့ ကိုအောင်ပိုင်နဲ့ မလင်းလင်းရွှေတို့ လို စစ်ပွဲကြားက ဇနီးမောင်နှံတွေအတွက် သောကမီးတွေပဲဖြစ်ပါတယ်။