ပါကစ္စတန် ဗုံးကွဲမှု နှစ်ခုမှာ သေဆုံးသူ ၅၀ ကျော် - စက်တင်ဘာ ၂၉ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ပါကစ္စတန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရက်အတွင်း သေဆုံးသူ အယောက် ၅၀ ကျော်တဲ့ တိုက်ခိုက်မှုတွေ

ပါကစ္စတန် အနောက်တောင်ပိုင်း ဘလူချီစတန် ပြည်နယ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဘာသာရေးပိတ်ရက် အတွင်း ဗလီတခုနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

သေဆုံးသူတွေထဲမှာ အသေခံဗုံးသမားဖောက်ခွဲမှုကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ ထိပ်တန်း ရဲအရာရှိတယောက်လည်း ပါတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အလားတူ နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်ထွန်ခဝါ ပြည်နယ် ရဲဝန်းထဲက ဗလီတခုမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

သေနတ်သမားနှစ်ယောက် ရဲ့ တိုက်ခိုက်မှုကြောင့် ဗလီ အမိုးလည်း ပြိုကျသွားတယ်လို့ ရဲက ပြောပါတယ်။

အဲဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၄ ယောက် သေဆုံးသွားပြီး အယောက် ၄၀ လောက် အပျက်အစီးပုံအောက်မှာ ရောက်နေတယ်လို့လည်း ရဲက ဆိုပါတယ်။

နိုင်ငံပိုင်နက်နဲ့ ငါးဖမ်းသမားတွေကို ကာကွယ်သွားမယ်လို့ ဖိလစ်သမ္မတပြော

တောင်တရုတ်ပင်လယ်အရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ကချထားတဲ့ ပိုက်တန်းတွေကို ဖိလစ်ပိုင်က ဖြတ်တောက်ခဲ့

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သူ့တိုင်းပြည်နဲ့တောင်တရုတ်ပင်လယ်က သူတို့ ငါးဖမ်းသမားတွေကို ကာကွယ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သန္တာကျောက်တန်းတွေနဲ့ ကျောက်ဆောင်တွေရှိရာ Scarborough Shoal ဆိုတဲ့ နေရာကို ဖိလစ်ပိုင်နဲ့ တရုတ်ကြား သူပိုင်ကိုယ်ပိုင် ပြီးခဲ့တဲ့လပိုင်းတွေက အငြင်းပွားနေတာပါ။

ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေကတော့ အခင်းဖြစ်ရာနေရာမှာ တရုတ်က ပိုက်တန်းဘောတွေ ချထားတာကို ဖိလစ်ပိုင်က ဖြတ်တောက် ပစ်ခဲ့ပါတယ်။

အခင်းဖြစ်ရာ ကျွန်းစုနေရာတွေကို တရုတ်က ထိန်းချုပ်ထားပြီး အရင်တခါတုန်းကတော့ ဖိလစ်ပိုင် ငါးဖမ်းလှေတွေကို တရုတ်က တားခဲ့ဖူးပါတယ်။

ဗာဂနာကြေးစားတပ် တပ်မှူးဟောင်းနဲ့ ပူတင်တွေ့

ဗာဂနာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှား သမ္မတပူတင်ဟာ ဗာဂနာကြေးစားတပ် ထိပ်တန်းတပ်မှူးဟောင်း အန်ဒရေ ထရိုရှက်ဗ် နဲ့ ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ပုန်ကန်မှုကို ခေါင်းဆောင်ခဲ့တဲ့ ၊ တလောက ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားတဲ့ ယက်ဂေးနီ ပရီဂေါ်ဂျင် နဲ့ မစ္စတာ ထရိုရှက်ဗ် တို့ဟာ အတူလက်တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။

အခုတော့ မစ္စတာ ထရိုရှက်ဗ်ဟာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေပြီလို့ ရုရှားအစိုးရပြောခွင့်ရ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

ဗာဂနာ ကြေးစားတပ်ဖွဲ့ဟာ ယူကရိန်း တိုက်ပွဲမှာ ပါဝင်နိုင်ပါတယ်လို့ မစ္စတာ ပူတင်က မစ္စတာ ထရိုရှက်ဗ်ကို ပြောကြောင်း ရုရှားအစိုးရ မီဒီယာမှာ ဖော်ပြပါတယ်။

အာဖရိက ၊ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ဘယ်လာရုစ်က နေရာတချို့မှာ လတ်တလော တပ်တွေချထားတဲ့ ဗာဂနာအဖွဲ့အတွက် တိုက်ခိုက်ရေးသမားတွေ မစ္စတာ ထရိုရှက်ဗ် စုဆောင်းနေတယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဂျပန်မှာ ခြင်္သေ့ကိုက်လို့ ၀န်ထမ်းသေဆုံးတဲ့ ဆာဖာရီဥယျာဥ်ကို ခဏပိတ်ထား

ဂျပန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခြေင်္သေ့ခုန်အုပ်လို့ တိရစ္ဆာန်ရုံ၀န်ထမ်း အစာကြွေးရင်း သေဆုံး

ဂျပန်နိုင်ငံမှာ ဆာဖာရီ ဥယျာဥ်ကဝန်ထမ်းတယောက် ခြင်္သေ့ကို လှောင်အိမ်ထဲ ပြန်သွင်းဖို့ ကြိုးစားစဉ် တိုက်ခိုက်ခံရလို့ သေဆုံးသွားပါတယ်။

အသက် ၅၃ နှစ်ရှိ ဝါရင့်ဝန်ထမ်းဟာ ဂုတ်မှာ သွေးတွေထွက်ပြီး သတိမေ့မျောနေတာ တွေ့ရပါတယ်။

လုံခြုံရေးကင်မရာကပုံတွေအရ ခြင်္သေ့က သူ့ပေါ် ခုန်အုပ်နေတာ တွေ့ရပါတယ်။

ဥယျာဥ်ဝန်ထမ်းက အစာခွက်နဲ့ ခြင်္သေ့ကို ချော့ခေါ်ဖို့ ကြိုးစားရင်း အကိုက်ခံရတာ ဖြစ်ပါတယ်။

လူတွေနဲ့ ခြင်္သေ့ကို ခြားထားတဲ့ တံခါးလည်း ပွင့်နေတာ တွေ့ရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမားကျွန်းပေါ်က တိုဟိုခူ ဆာဖာရီ ဥယျာဥ်ကို အခုတော့ လုံခြုံရေး ပြန်လည် စစ်ဆေးဖို့ ပိတ်ထားပါတယ်။