ကိုလံဘတ် စပိန်နဲ့ ဂျူးအနွယ် ဖြစ်နိုင်ကြောင်း သုတေသနပြ

    • ရေးသားသူ, အဲလက် စမစ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိတဲ့ ခရစ္စတိုဖာ ကိုလံဘတ်ဟာ စပိန်နဲ့ ဂျူးလူမျိုး အဆက်အနွယ်ဖြစ်နိုင်ကြောင်း သူ့ရုပ်ကြွင်းတွေကို မျိုးဗီဇ လေ့လာမှုအရ သိရပါတယ်။

စပိန်သိပ္ပံပညာရှင်တွေရဲ့ အနှစ် ၂၀ ကျော် သုတေသနပြုထားချက်တွေအပေါ် အခြေခံပြီး ဒီလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အစဉ်အလာ လက်ခံထားကြတဲ့ ကိုလံဘတ်ဟာ ဂျီနိုအာမြို့က အီတာလျံ တယောက်ဆိုတဲ့ ဇာတ်ကြောင်းကို ပယ်ချခဲ့ကြပါတယ်။

ကိုလံဘတ်ဟာ အနောက်ဥရောပမှာပဲ မွေးဖွားခဲ့ပုံ ရပြီး စပိန်က ဗလန်စီယာ မြို့မှာ မွေးခဲ့ပုံ ရပါတယ်။

ကိုလံဘတ်ရဲ့ ရေကြောင်းခရီးတွေကနေ စပြီး အမေရိကတိုက်မှာ စပိန်တွေ နယ်ချဲ့ခဲ့ကြလို့ သူ့ရဲ့ ဂျူးမျိုးရိုးကို ဖုံးကွယ်ထားကြတယ်လို့ ယူဆကြပါတယ်။

ဒါမှမဟုတ် ဘာသာရေး နှိပ်ကွပ်မှုက လွတ်အောင် ကက်သလစ် ဘာသာထဲ ကူးပြောင်းခဲ့သလားလည်း တွေးဆကြပါတယ်။

စပိန်ရဲ့ ကက်သလစ် ဘုရင်က ထောက်ခံအားပေးတဲ့ နယ်သစ် ရှာဖွေမှုကို ကိုလံဘတ် ဦးဆောင်ခဲ့ပြီး အာရှကို သွားတဲ့လမ်းသစ်ကို ရှာရင်း ကယ်ရစ်ဘီယံကျွန်းစုကို ရောက်ရှိခဲ့ပါတယ်။

သူရောက်သွားရာကနေ စပြီး ဥရောပသားတွေနဲ့ အမေရိကန်တိုင်းရင်းသားတွေ ထိတွေ့လာမိပြီး နယ်မြေသိမ်းပိုက် အခြေစိုက်တာတွေ ဖြစ်လာပါတယ်။ အဲဒီနောက် သန်းနဲ့ချီတဲ့ နယ်ခံမျိုးနွယ်စုတွေ ရောဂါဘယနဲ့ စစ်တွေကြောင့် သေကြေခဲ့ကြပါတယ်။

ကိုလံဘတ်ဟာ သူတို့နိုင်ငံက ဆိုပြီး ငြင်းတဲ့ တိုင်းပြည်တွေလည်း ရှိကြပါတယ်။

ဒီထဲမှာ သူ့မွေးရပ်နဲ့ ပတ်သက်ပြီး သီ၀ရီ ၂၅ ခုလောက် ရှိသလို ပိုလန်၊ ဗြိတိန်၊ ဂရိ၊ ပေါ်တူဂီ၊ ဟန်ဂေရီနဲ့ စကန်ဒီနေးဗီးယား ဒေသက နေရာတွေ ပါပါတယ်။

အသစ်တွေ့တဲ့ လေ့လာမှုကို ၂၀၀၃ ကတည်းက စခဲ့ပြီး ဂရာနာဒါ တက္ကသိုလ်က မှုခင်းဆေးပညာ ပါမောက္ခ ဟိုဆေး အန်တိုနီယို လော်ရန့်နဲ့ သမိုင်းဆရာ မာရှဲလ် ကက်စထရိုတို့က ကိုလံဘတ်ရဲ့ ရုပ်ကြွင်းလို့ ယုံကြည်ကြတဲ့ အရိုးတွေကို ဆဗီးလ်မြို့ ကက်သီဒရယ် ဘုရားကျောင်းကြီးကနေ ပြန်ဖော်စစ်ဆေးကြပါတယ်။

ကိုလံဘတ်ဟာ စပိန်နိုင်ငံ ဗိုင်ယာဒလစ်မြို့မှာ ၁၅၀၆ ခုနှစ်က ကွယ်လွန်ပေမယ့် သူ့ဆန္ဒနဲ့အညီ ကာရစ်ဘီယံက ဟစ်ပါနီယိုလာကျွန်းမှာ ၁၅၄၂ ခုနှစ်မှာမြှုပ်နှံခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးနောက် ဒီရုပ်ကြွင်းတွေကို ကျူးဘားကို ရွှေ့ခဲ့ပြီး အဲဒီကနေ စပိန်တောင်ပိုင်း ဆဗီးလ်မြို့ကို နောက်ဆုံးရွှေ့ခဲ့ပါတယ်။

သူ့အုတ်ဂူက ဒီအန်အေ မျိုးဗီဇနမူနာ ယူတဲ့အပြင် ကိုလံဘတ်ရဲ့သား ဟာနန်ဒိုနဲ့ ညီ ဒီယာဂိုတို့ရဲ့ အရိုးတွေဆီကလည်း ဗီဇနမူနာကို ယူပါတယ်။

ဒီရုပ်ကြွင်းတွေဆီက ရတဲ့ မျိုးဗီဇအချက်အလက်တွေကို နှိုင်းယှဥ်ပြီး ကိုလံဘတ် ဘာလူမျိုးလဲဆိုတာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာပါ။

အရင်ကတော့ ကိုလံဘတ်ကို ဂျီနိုအာမှာ သိုးမွေးရက်တဲ့ မိသားစုက ၁၄၅၁ မှာ မွေးတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြပါတယ်။

အခုတော့ သူ့ကို စပိန်နိုင်ငံ ဗလန်စီယာမှာ မွေးတဲ့ ဂျူးနွယ်ဖွားအဖြစ် ယုံကြည်လာကြပါတယ်။

စပိန်မှာ အဲဒီအချိန်က ဂျူးလူမျိုး သုံးသိန်းလောက် နေခဲ့ကြပြီး ကိုလံဘတ် အမေရိကကို ရောက်တဲ့ ၁၄၉၂ မှာပဲ ဂျူးနဲ့ မွတ်ဆလင်တွေကို ကက်သလစ်ဘာသာကို ကူးပြောင်းမလား၊ နိုင်ငံက ထွက်မလားဆိုပြီး အမိန့်ထုတ်ခဲ့ပါတယ်။

ဒီသုတေသန တွေ့ရှိချက်ကို ကြေညာတဲ့နေ့ကလည်း စပိန်အမျိုးသားနေ့နဲ့ တိုက်ဆိုင်နေပြီး ကိုလံဘတ် အမေရိကကို ရောက်တဲ့နေ့ကို အထိမ်းအမှတ်ပြု သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပါမောက္ခ လော်ရန့်က ပြောပါတယ်။