နေပြည်တော် - ဘေဂျင်း နဲ့ ခပ်စိပ်စိပ်တရုတ်သံခရီး

ဓာတ်ပုံ ရင်းမြစ်, MRTV
ရက်ပေါင်း ၁၄၀ ကျော် အကြာမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း နေပြည်တော်ကို ထပ်ရောက်လာပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ ဇူလိုင် ၂၈ ရက် နေပြည်တော်မှာတွေ့ဆုံပါတယ်။
ဒီတကြိမ်နဲ့ဆိုရင် မစ္စတာတိန့်ရှီကျွင်း နေပြည်တော်ကို ရောက်လာတာ ၃ကြိမ်မြောက်ပါ။ ပထမအကြိမ်က ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်ပါ။ ဒုတိယအကြိမ်ကတော့ အခုနှစ် မတ်လ ၆ ရက်ကပါ။ ဒါ့ကြောင့် မစ္စတာတိန့်ရှီကျွင်း နဲ့ နေပြည်တော် သံတမန်လမ်းကြောင်းပေါက်နေတာ ၃ လခြားတခါ နဲ့ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ပြောရမှာပါ။
ဒီတကြိမ်ကတော့ စစ်ခေါင်းဆောင် အာဏာသက်တမ်းဆက်တိုးဖို့ပြင်နေတဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးခါနီးမှာပဲ ထပ်ရောက်လာတာပါ။
မစ္စတာတိန့်ရှီကျွင်း ခရီးစဥ်နဲ့ မြန်မာ့နိုင်ငံရေး
ဒီတစ်ခေါက်ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်တယ်လို့ သတင်းထွက်ပေါ်နေချိန် နောက်ပိုင်း အာရှနိုင်ငံသံတမန်တချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စစ်ကောင်စီကိုတောင်းဆိုထားကြတဲ့ အချိန်မှာရောက်လာတာပါ။
ဒါ့ကြောင့် မစ္စတာတိန့်ရှီကျွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလားဆိုတာကို သံတမန်အသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ မစ္စတာ တိန့်ရှီကျွင်းက အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီကိုတောင်းဆိုခဲ့တယ်လို့ တရုတ်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ သံတမန်သတင်းရင်းမြစ်ကပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရုတ်အထူးသံဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ပြီး မြန်မာ့ငြိမ်းချမ်းရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သာ ထုတ်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်အထူးသံတွေ့ဆုံလား ၊ ဒါမှမဟုတ် တွေ့ဆုံခွင့် မရတာလား ဆိုတာကိုတော့ တိတိကျကျမဖြေပါဘူး။
'' ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့လားဆိုတာနဲ့ ပတ်သက်လို့ကတော့ မှတ်ချက် မပြုလိုပါဘူး'' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။
တရုတ်ရေးရာကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အထူးသံရဲ့အခုမြန်မာခရီးစဥ်မှာ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား စေ့စပ်ဆွေးနွေးရေးကိုပဲ တိုက်တွန်းလိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။
'' မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ တရုတ်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေတယ်ဆိုတာ တရုတ်ကသိတယ်။ တရုတ်ရဲ့ ရည်ရွယ်ချက်ကိုက မြန်မာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တင်ပေးသင့်တယ်၊ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ပြန်ကြိုးစားသင့်တယ်လို့ပြောထားတာဖြစ်တော့ သူတို့ပြောရင်လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ စေ့စပ်ဆွေးနွေးရေးတွေပဲ ပြောမယ်ထင်တယ်။''
မစ္စတာတိန့်ရှီကျွင်းဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MRTV
ကချင်မြေက စစ်ပွဲချိန် ရောက်လာခဲ့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မစ္စတာတိန့်ရှီကျွင်းဟာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့လည်း ဇူလိုင် ၂၇ ရက်က တွေ့ခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ မစ္စတာ တိန့်ရှီကျွင်း ထပ်ရောက်လာတာပါ။ ကေအိုင်အေရဲ့ ဌာနချုပ် လိုင်ဇာနဲ့မဝေးတဲ့ နမ်ဆန်ယန်ဒေသထဲမှာ စစ်ကောင်စီအင်အားတိုးချဲ့နေတာ ဒီလပိုင်းအစကတည်းကပါ။
မနေ့ဇူလိုင် ၂၇ ရက်ကဆိုရင် ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ခြောက်မိုင်လောက်ပဲဝေးတဲ့ နမ်ဆန်ယန်ရွာနားကို ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်အရ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို အဓိကထားဆွေးနွေးတယ်လို့ဆိုပါတယ်။
တိန့်ရှီကျွင်းဟာ အခုနှစ် နှစ်ဆန်းပိုင်းက မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ တွေ့ခဲ့သေးတာပါ။ အဲဒီလိုတွေ့ဆုံပြီးနောက် ဇွန်လဆန်းမှာ မြောက်ပိုင်း မဟာမိတ်၃ ဖွဲဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA ၊ တအာင်းတပ်မတော် TNLA ၊ ကိုးကန့်တပ် MNDAA အဖွဲ့နဲ့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ မိုင်းလားမှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ နှစ်ဖက်တင်ပြချက်တွေ ညှိနှိုင်းအဆင်မပြေလို့ စီစဉ်ထားတဲ့ ၃ ရက်မပြည့်ခင်မှာပဲ ဆွေးနွေးပွဲပျက်ခဲ့တာပါ။
ဒါ့ကြောင့် မစ္စတာတိန့် ရဲ့ နေပြည်တော်ခရီးစဥ်ဟာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ကြား KIA ဌာနချုပ်နဲ့ နီးကပ်တဲ့ ဒေသအထိကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေရှိနေချိန် ရောက်လာလို့ ဒီတိုက်ပွဲ အရှိန်လျှော့နိုင်ရေး ကြားဝင်ဆွေးနွေးမှုလည်းပါနိုင်တယ်လို့ အကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MRTV
နယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို အမြစ်ဖြတ်ဖို့ ဖိအားပေး
ဒီတရုတ်အထူးသံ မလာခင်ရက်ပိုင်းကပဲ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့သေးတာပါ။
အဲဒီတွေ့ဆုံချိန်မှာ မြန်မာထဲရှိနေတဲ့ အွန်လိုင်းအသုံးချလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေနဲ့ ဆက်စပ်တဲ့ရာဇဝတ်မှုတွေဟာ မြန်မာနယ်စပ်မှာ ဆက်လက်ပျံ့နှံ့နေလို့ ဒီလုပ်ငန်းတွေကို အစွမ်းကုန်နှိမ်နင်းဖို့ နဲ့ ဥပဒေနဲ့ အညီအမြစ်ဖြတ် အရေးယူဖို့အထိ စစ်ကောင်စီက လုပ်ဖို့ ဖိအားပေး ဆွေးနွေးခဲ့တာပါ။
တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အကဲခတ်တစ်ဦးကတော့ တိန့်ရှီကျွင်းရဲ့ ခရီးစဥ်ဟာ တရုတ် - မြန်မာ နယ်စပ်မှာ အခြေစိုက်နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်ဂိုဏ်းတွေကို ဖြေရှင်းဖို့ ၊ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အဓိကဆွေးနွေးဖို့ နဲ့ ပြီးခဲ့တဲ့ ခရီးစဥ်တွေကဆွေးနွေးချက်တွေကို ပြန်သုံးသပ်ဖို့အဓိကလို့ ပြောပါတယ်။
တိန့်ရှီကျွင်းဟာ နေပြည်တော်ခရီးစဥ်အပြီးမှာတော့ ဘင်္ဂလားဒေ့ရှ်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ တရုတ်ဝင်ကူနေတဲ့ ရခိုင်မြောက်ပိုင်းက နေရပ်စွန့်ခွာ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး တစ်စိတ်တစ်ပိုင်းလည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကင်းပြီး တည်ငြိမ်မှုရှိရေးကို တရုတ်က လိုလားကြောင်း အစဥ်တစိုက် ပြောနေခဲ့တာပါ။
နိုင်ငံ့ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးအဖြေရှာကြဖို့နဲ့ အာဆီယံ ဘုံသဘောတူညီ ချက် ၅ ချက်ကို သူတို့ ထောက်ခံကြောင်းလည်း တရုတ်က ပြောထားပါတယ်။
မစ္စတာ တိန့်ရှီကျွင်းဟာ သူ့ရဲ့ မြန်မာ့အရေးအပေါ် အမြင်တွေကို ထုတ်ဖော်ပြောတာမျိုး မရှိပေမယ့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးအပေါ် အရင်ကရှုမြင်ထားတဲ့ပုံ အတိုင်းပဲ အလုပ်လုပ်သွားမယ့်ပုံ ရှိပါတယ်။








