ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၃၁ ထိပ်တန်းရောက်သတင်းများ-ကျောင်းသား ၆ သန်းကျော် ကျောင်းလာအပ်တယ်လို့ စစ်ကောင်စီကြေညာ
ဒေါ်လာ ၁၀ သန်းဖိုးတန် သိမ်းဆည်းခံ မြန်မာပဲမျိုးစုံ တရုတ်လေလံတင်မယ်
တရုတ်နယ်စပ်ကုန်သွယ်ရေးအာဏာပိုင်တွေက သိမ်းယူထားတဲ့ ကျပ်သိန်းပေါင်း ၃ သိန်း (အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်) တန်ဖိုးရှိတဲ့ ပဲမျိုးစုံ တန်ချိန်သောင်းချီ ကို ဇွန်လ ၁ ရက်နေ့မှာ လေလံတင် ထုတ်ရောင်းတော့မယ်လို့ သိမ်းခံခဲ့ရတဲ့ ပိုင်ရှင်ကုန် သည် တွေထံကသိရပါတယ်။
တရုတ်ဘက်ကို အခွန်အပြည့်အဝမဆောင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ ကုန်သည်အယောက် ၄၀ ရဲ့ ပဲတွေကို ဧပြီလ ၂၄ ရက်နေ့က သိမ်းဆည်းခဲ့တာပါ။
တရုတ်ဘက်ကပြောထားတဲ့ အခွန်အပြည့်အဝ မဆောင်တဲ့ အကြောင်းပြချက်ကိုတော့ အဲဒီကုန်သည်တွေက မေလ ၃၀ ရက်နေ့မှာ မန္တလေးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုထားပါတယ်။
အဲဒီပဲမျိုးစုံနဲ့ ပစ္စည်းတွေအတွက် ကျသင့်တဲ့အခွန်အခအားလုံးကို ကုန်သည်တွေဘက်ကပေးဆောင်ခဲ့ တယ်လို့ ဆိုထားပေမယ့် ပစ္စည်းတွေကိုတာဝန်ယူပို့ဆောင်ခဲ့သူ တရုတ်နိုင်ငံအတွင်းဖမ်းဆီးခံထားရသူ ၂ ဦးကတော့ ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကို ကုန်သည်တွေက တိတိပပ မပြောနိုင်ကြပါဘူး။
အဲဒီအတွက် အခွန်လျော့ပေါ့စေတဲ့ လုပ်ဆောင်မှုတွေရှိနေတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်း ပေါ်ထွက်နေ ပါတယ်။
ဖမ်းဆီးခံထားရသူ အကျိုးဆောင် ၂ ဦးနဲ့ မြန်မာပြည်ဘက်က ကုန်သည်တွေအရေးလိုက်လံ လုပ်ဆောင် နေသူတွေအကြားမှာလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
အဲဒါအပြင် မူဆယ်နယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ကုန်သည်တွေဘက်ကတင်ပြလာတဲ့ စာရွက် စာတမ်းတွေကို တရုတ်ဘက်ကို ပေးပို့ပေးတာသာရှိပြီး အာဏာပိုင်အချင်းချင်းတွေ့ဆုံ ဖြေရှင်းပေးတာမျိုးမရှိဘူးလို့ ကုန်သည်တွေဘက်က ဝေဖန်ပြောဆိုကြပါတယ်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးကတော့ အခုပြဿနာကို နိုင်ငံခြားရေးအရဆက်ဆံဖြေရှင်းဖို့ လိုအပ်တယ်လို့ ဘီဘီစီကိုပြောလာပါတယ်။
အဲဒီလို ပဲမျိုးစုံနဲ့ ပစ္စည်းတွေသိမ်းဆည်းခံရလို့ နယ်စပ်ကနေ ပဲတွေတင်ပို့တာကို ကုန်သည်အများစုက ရပ်နားလိုက်ကြတယ်လို့ သိရပါတယ်။
အချို့ကတော့ နယ်စပ်ကအစား ရေလမ်းကြောင်းကနေ ပြောင်းလဲ တင်ပို့နေကြပါတယ်။
အခု ထိန်းသိမ်းခံလိုက်ရတဲ့ပဲ မျိုးစုံတွေထဲမှာ ပဲတီစိမ်းက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက နှမ်းဖြစ်ကာ
ပရဆေးအချို့လည်း ပါတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
ပဲတီစိမ်းဟာ ပေါက်စျေး ၁ တန်ကို ငွေကျပ် သိန်း ၂၀ ဝန်းကျင် တန်ကြေးရှိတာကြောင့်လည်း ကုန်သည်တွေဟာတစ်ဦး ကို ငွေကျပ် သိန်းပေါင်းသောင်းနဲ့ချီ ဆုံးရှုံး ကြတာလည်း ဖြစ်ပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တည်ထောင်တာ ၂ နှစ်ပြည့်ပြီ
တိုက်ပွဲ ၁၀၀၀ ကျော်ဖြစ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၃ ဦးသေဆုံးခဲ့
စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့အကြား ၂ နှစ်အတွင်း တိုက်ပွဲ ၁၀၀၀ ကျော်ဖြစ်ခဲ့ပြီး ၁၅၃ ဦး သေဆုံးခဲ့တယ် လို့ တပ်တည်ထောင်ခြင်း နှစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စခန်းငယ် ၁၀ ခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်လက်နက် ၆၀၀ ကျော် ရရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဝါရင့်တော်လှန်ရေးအဖွဲ့အစည်းတွေထံက ပံ့ပိုးကူညီမှုများစွာ ရခဲ့တယ် လို့ KNDF က ထုတ်ပြန်ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ စစ်ရေးဦးဆောင်မှုဟာ အရေးကြီးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ် လို့ KNDF က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းရုံး (KNU) ထံကတော့ စစ်သင်တန်း နဲ့ စစ်ရေးနည်းနာတွေ သင်ယူခွင့်ရခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဆီက လက်နက်ခဲယမ်းတွေ နဲ့ စစ်ရေးအကူအညီတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ကလည်း KNDF နှစ်နှစ်ပြည့်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
KNDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီကတဆင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောပါတယ်။
ကရင်နီပြည်နယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဖြစ် ပူးပေါင်းတည်ဆောက်ရေးစတဲ့ အချက်တွေပါဝင်တဲ့ ကရင်နီအိပ်မက် မကြာမီ ပြီးမြောက်မယ် လို့ ထုတ်ပြန်ထားပါတယ်။
ဆန်စျေးတည်ငြိမ်အောင် ဆန်သိုလှောင်ရုံ မှတ်ပုံတင်စနစ်လုပ်မယ်
ဆန်တွေလှောင်ပြီး တက်စျေးနဲ့ ထုတ်ရောင်းနေတဲ့အခြေအနေကို ထိန်းကျောင်းနိုင်ဖို့ ဆန်သိုလှောင်ရုံမှတ်ပုံတင်စနစ်ကို လာမယ့်လပိုင်းအတွင်း အကောင်အထည်ဖော်မယ် လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့ပူးပေါင်းအကောင်အထည်ဖော်မယ့်စနစ်ကြောင့် ဆန်သိုလှောင်သူတွေဟာ မဖြစ်မနေ မှတ်ပုံတင်ရလိမ့်မယ်လို့ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောပါတယ်။
အိမ်နီးချင်း ထိုင်း အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ဆန်သိုလှောင်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို(National Storage Capacity) တိတိကျကျ မှတ်တမ်းတင်ထားကြပြီး မြန်မာနိုင်ငံမှာတော့ အခုမှ အကောင်အထည်ဖော်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။
‘’ဒီစနစ်ကိုကျင့်သုံးတဲ့အခါ နိုင်ငံထဲမှာဆန်ဘယ်လောက်သိုလှောင်ထားလဲဆိုတာ တိတိပပ သိသွားမယ်။ ဆန်စျေးကွက်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ စျေးနှုန်းတစ်ခုဖြစ်အောင် ထိန်းကျောင်းပေးနိုင်မယ်’’ လို့ ဦးရဲမင်းအောင်က ဘီဘီစီကိုပြောပါတယ်။
ဆန်ဈေးနှုန်း မြင့်တက်နေတဲ့ အကြောင်းအရာတွေထဲမှာ လှောင်လက်တွေက ဈေး ကို တက်အောင်လုပ်ပြီးမှ ထုတ်ရောင်းတဲ့ အချက်လည်း တစ်ခု အပါအဝင်ဖြစ်တယ် လို့ ဦးရဲမင်းအောင်က ဘီဘီစီကိုပြောပါတယ်။
ဆန်အိတ်တွေကို သိန်းနဲ့ချီ သိုလှောင်မှုတွေ ရှိခဲ့ပြီး တက်စျေးနဲ့ ထုတ်ရောင်းလို့ စျေးကွက်ကမောက်ကမ ဖြစ်ခဲ့ရတယ်လို့ ဆန်လုပ်ငန်းရှင်တချို့ကပြောပါတယ်။
‘’တစ်အိတ်ကို တစ်သောင်းတင်လိုက်ရင် အိတ်တစ်သိန်း ဆို သိန်းတစ်သောင်းမြတ်သွားပြီလေ။ အဲဒီလိုစျေးကစားသွားတဲ့ လုပ်ငန်းရှင်အသစ်တွေအများကြီးပဲ’’ လို့ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိဆန်ဈေးနှုန်းတွေဟာ မနှစ်ကထက် ဆန်အမျိုးအစားအလိုက် ၃၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိကို တက်သွားတယ် လို့ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ကပြောပါတယ်။
ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ ထက်ပိုပြီး သိုလှောင်မယ် ဆိုရင် မှတ်ပုံတင်ဖို့လိုမယ်လို့ ကနဦး စီစဉ်ထားပြီး သိုလှောင်ရုံတွေကို အရွယ်အစားအလိုက် ၃ မျိုး ခွဲဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။
ဒီသိုလှောင်ရုံစနစ်ဟာ တောင်သူတွေ ဆန်စပါးသိုလှောင်မှု၊ ရိက္ခာချန်ထားမှုတွေနဲ့ မသက်ဆိုင်ဘဲ ဆန်စက်၊ ဆန်ကုန်သည် နဲ့ ဆန်အရောင်းဆိုင်တွေရဲ့ သိုလှောင်မှုကိုသာ မှတ်ပုံတင်ရမှာ လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဆန်တန်ချိန် ၁၃ သန်း ကနေ ၁၄ သန်းခန့်အထိ ထုတ်လုပ်မှုရှိတယ်လို့ ဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီထဲက ၁၀ သန်းခန့် က ပြည်တွင်းစားသုံးမှုဖြစ်ပြီး ပြည်ပတင်ပို့မှု နဲ့ ပြည်တွင်းလက်ကျန်က နှစ်စဉ် တန်ချိန် နှစ်သန်း ကနေ သုံးသန်းခန့် အထိ ရှိနေတာပါ။
ကျောင်းသား ၆ သန်းကျော် ကျောင်းလာအပ်တယ်လို့ စစ်ကောင်စီကြေညာ
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းလာအပ်သူ ၆ သန်းကျော် (၆ ၁၅၇ ၉၂၈) ရှိတယ်လို့ မေလ ၃၀ ရက်အထိ လာအပ်တဲ့ စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေမှာ အပ်တဲ့ ကျောင်းသားဦးရေတွေကိုပါ ထည့်သွင်းကောက်ခံထားတာလို့ သိရပါတယ်။
ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားလို့ ကျောင်းအပ်နှံမှုတွေကိုဒီကနေ့မှာ ဆက်လက်လက်ခံနေဆဲဖြစ်ပါတယ်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နဲ့ မူလတန်းအဆင့်ကျောင်းတွေကို ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
မိုခါ မုန်တိုင်းဒဏ်သင့်လို့ ကျောင်းတွေ ထောင်ဂဏန်းပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာတော့ ကျောင်းအပ်နှံသူဦးရေ သုံးသိန်းကျော်ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က ကျောင်းတွေကို အမြန် ပြန်ပြင်ခိုင်းထားပြီး တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနည်းတူ ဇွန်လ ၁ ရက်မှာပဲ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။
မိုခါပြန်လည်ထူထောင်ရေး ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် တစ်သောင်းရှစ်ထောင် ကျော် ပို့ဆောင်ထား
မိုခါပြန်လည်ထူထောင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို နှစ်ပတ်အတွင်း ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း တန်ချိန် တစ်သောင်းရှစ်ထောင် ကျော် ပို့ပြီးပြီလို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
မေလ ၁၆ ရက်နေ့ကစပြီး မေလ ၃၀ရက်နေ့အထိ တပ်မတော် စစ်ရေယာဥ် အပါအဝင် စုစုပေါင်း ရေယာဥ် ၁၄ စီးနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၁၈၅၁၁ တန် ကို ပို့ပြီးပြီလို့ ထုတ်ပြန်လာတာပါ။
ဒါ့အပြင် ဒီဇယ် ဂါလံ နှစ်သောင်းခွဲခန့် နဲ့ ၉၂ အောက်တိန်း ဂါလန် နှစ်သိန်းနီးပါး ပို့ဆောင်ပေးထားပြီးပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အိမ်ဆောက်ပစ္စည်း၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးတွေ အပါအဝင် စုစုပေါင်း တန်ချိန် ၂၇၀၀ တင်ဆောင်ထားတဲ့ MV Charites ရေယာဥ်ဟာ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အိမ်ဆောက်ပစ္စည်းတွေထဲ သွပ်အချပ်ရေ တစ်သိန်းကျော်၊ ဘိလပ်မြေအိတ် သုံးသောင်း၊ သံချောင်းတန် ၄၀၀၊ မိုးကာဖျင် ၂၉၇ လိပ်၊ အိမ်ရိုက်သံ ဖာ ၄၀၊ ကျွန်းသစ်လုံး တစ်ထောင်ကျော်၊ သစ်ခွဲသားတန် တစ်ရာကျော် ပါဝင်တယ်လို့ ဖော်ပြပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် မဖြစ်မနေလိုအပ်တဲ့ ဆန်၊ သွပ်၊ သစ် လိုအပ်ချက်တွေကို ဒေသအလိုက် စာရင်းပြုစုဖို့ မေလ ၂၉ ရက်မှာ ပြုလုပ်တဲ့ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောခဲ့ပါတယ်။
မေလ ၃၀ ရက် နဲ့ ၃၁ ရက်မှာ လည်း လေကြောင်းကရော ရေကြောင်းကပါ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ဆက်လက်ပို့ဆောင်နေတယ် လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် သောင်းကျော်ပို့ဆောင်ထားတယ်လို့ ဖော်ပြပေမယ့် လက်ရှိတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီစဥ် WFP ကပေးတဲ့ လူတစ်ဦးကို ဆန် ၇ ပြည်နဲ့ စစ်တွေမြို့နယ်၊ မင်းဂံရပ်ကွက်ထဲက အိမ်ထောင်စုအချို့ ရရှိထားတာသာရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်တွေမြို့မှာ မိသားစုတစ်စုကို ဆန် ၄ ပြည်နဲ့ ဆီ ၁၂ ကျပ်သားခန့်သာ ပေးဝေတာကလွဲလို့ ဘာအကူညီမှမရကြသေးဘူးလို့ စစ်တွေမြို့ခံတွေက ပြောကြပါတယ်။
အဲဒါအပြင် အိမ်ဆောက်ပစ္စည်းအချို့ ဖြန့်ဝေပေးဖို့ကိုလည်း မြို့အလိုက်တာဝန်ပေးအပ်ထားတဲ့ စစ်တပ်အရာရှိကြီးတွေကတဆင့်သာ ဖြန့်ဖြူးပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပေမယ့် ပြည်သူတွေထံကိုတော့ အဲဒီလို ပစ္စည်းတွေ ရောက်ရှိမရှိသေးဘူးလို့ စစ်တွေ၊ ရသေ့တောင်အပါအဝင် မုန်တိုင်းသင့် မြို့နယ်အချို့က ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။
အဲဒါအပြင် ပြင်ပကပေးတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေလည်း ရခိုင်ပြည်နယ်ကိုရောက်ရှိလာတာမတွေ့ရသေးဘူးလို့ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုန်လှောင်ရုံတွေကတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ရေးပစ္စည်းတွေကို သယ်ယူဖို့ ခွင့်ပြုချက်နဲ့ အတူ ဖြန့်ဖြူးပေးရေးစတဲ့ လုပ်ငန်းတွေအတွက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA- Myanmar ရဲ့ မေလ ၃၁ရက်နေ့ အစီရင်ခံစာအရ သိရပါတယ်။
အဲဒီလို လုပ်ဆောင်နိုင်ဖို့ အသေးစိတ်အစီအစဥ်တွေ ချမှတ်ကာ သက်ဆိုင်ရာအာဏာပိုင်တွေဆီကို ပေးပို့ ထားပြီး ခွင့်ပြုတဲ့ အတည်ပြုချက်ကို နှစ်ပတ်ကြာတဲ့အထိ စောင့်ဆိုင်းနေရတယ်လို့ UNOCHA- Myanmar က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းဖိုရမ် ကို KNU နဲ့ တခြားအဖွဲ့အစည်းတွေ သဝဏ်လွှာပို့
စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေး KNU တိုက်တွန်း
နိုင်ငံရေးအင်အားစုတွေ၊ မြေပေါ်မြေအောက်ခေါင်းဆောင်တွေ နဲ့ ဒေသဆိုင်ရာ တော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ပထမအကြိမ် "စစ်ကိုင်းဖိုရမ်" ကို ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တခြားအဖွဲ့အစည်းအသီးသီးက သဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ်ပါဝင်နိုင်ဖို့ KNU ကမျှော်လင့်နေတဲ့အကြောင်း မေလ ၃၀ ရက်နေ့က ပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းကို ဦးဆောင်နေသူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ခိုင်မာမှု၊ အမျှော်အမြင်ရှိမှု၊ မိမိကြမ္မာ မိမိဖန်တီးခွင့်ကိုကျင့်သုံးပြီး မတူကွဲပြားမှုတွေကို အင်အားအဖြစ်စုစည်းပြီး ဒီဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှု အဆင်အဆင့်နဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးကို KNU က တိုက်တွန်းထားပါတယ်။
စစ်ကိုင်းဖိုရမ်ကို ပြည်သူ့ပန်းတိုင်၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ ၊မွန်ပြည်ဖက်ဒရယ်ကောင်စီ ၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အပါအဝင် တခြားအဖွဲ့အစည်းတွေကလည်း သဝဏ်လွှာတွေပေးပို့နေကြပါတယ်။
မေလ ၃ဝ ရက် နဲ့ ၃၁ ရက် နှစ်ရက်ဆက်တိုက် အွန်လိုင်းကနေ ကျင်းပတဲ့ စစ်ကိုင်းဖိုရမ်ကို တော်လှန်ရေးအင်အားစုပေါင်း ၁၈၀ ကျော်စာရင်းပေးထားတယ်လို့ တော်လှန်ရေးစာစဉ်တချို့က ဖော်ပြနေကြပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲ ရုရှားကူညီမယ်
မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်လာစေဖို့ ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရုရှား ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌဟာ တောင်ကြီးမြို့ကိုရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မေလ ၃၀ ရက် ညနေပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲမှာ ကူညီမယ့်အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌဟာ တောင်ကြီးမသွားခင် နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ ရုရှားရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်မပြုဘူးလို့ ကြေညာထားပေမယ့် တရုတ်၊ အိန္ဒိယ နဲ့ ရုရှားတို့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး ရွေးကောက်ပွဲကို ကူညီမယ်လို့ ထုတ်ဖော် ပြောကြားထားကြပါတယ်။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ အစောပိုင်းမှာ ကတိပြုထားပေမယ့် ဘယ်အချိန်ကျင်းပမလဲဆိုတာကိုတော့ အတိအကျထုတ်ပြောတာမရှိတော့ပါဘူး။