ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားကို စစ်ပွဲပြန်ဦးတည်လာပြီလို့ ဇလန်းစကီးပြော
ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက်မှာပဲ ရုရှားဘက်ကို စစ်ပွဲပြန်ဦးတည်လာပြီလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက သတိပေးလိုက်ပါတယ်။
မစ္စတာ ဇလန်းစကီးကတော့ ရုရှားနယ်မြေပေါ် တိုက်ခိုက်မှုတွေဟာ နှစ်နိုင်ငံကြားက စစ်ပွဲမှာ ''မလွှဲသာမရှောင်သာဖြစ်လာတဲ့ဖြစ်ရပ်ဖြစ်ပြီး ဘက်မျှတဲ့လုပ်ငန်းစဥ်'' ဖြစ်တယ်လို့ ပြောထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းဒရုန်းတွေဟာ တနင်္ဂနွေနေ့မှာ ကျဆင်းခဲ့ပြီး ရုံးခန်း ၂ ခုကို ပျက်စီးစေခဲ့တယ်လို့ ပြောပါတယ်။
မြို့တော်ကနေ အနောက်တောင်ပိုင်းမှာရှိတဲ့ Vnukovo လေဆိပ်ကိုလည်း ယာယီပိတ်ခဲ့ရပါတယ်။
တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာဖြစ်ပွားတဲ့ ဒရုန်းတိုက်ခိုက်မှုဟာ ယူကရိန်းဘက်ကို ရုရှားက စွပ်စွဲတဲ့နောက်ဆုံး စွပ်စွဲချက်ဖြစ်လာပါတယ်။
ယူကရိန်းနိုင်ငံ အနောက်ပိုင်းက Ivano-Frankivsk မြို့မှာ တနင်္ဂနွေနေ့တုန်းက ပြုလုပ်တဲ့ဗီဒီယို မိန့်ခွန်းမှာတော့ မစ္စတာ ဇလန်းစကီးက ယူကရိန်းနိုင်ငံဟာ ပိုပြီးကြံ့ခိုင်လာတယ်လို့ ပြောပါတယ်။
''ဒီနေ့ဟာ ရုရှားခေါင်းဆောင်ပိုင်းက သီတင်းပတ်အနည်းငယ်သာကြာမြင့်မယ်လို့ပြောထားတဲ့ ''အထူးစစ်ရေးလုပ်ဆောင်ချက်''လို့ခေါ်တဲ့ စစ်ဆင်ရေး ၅၂၂ ရက်မြောက်ဖြစ်ပါတယ်'' လို့ သူကပြောပါတယ်။
''တဖြည်းဖြည်းနဲ့ စစ်ပွဲဟာ ရုရှားရဲ့ အခရာကျတဲ့နေရာတွေနဲ့ စစ်အခြေစိုက်စခန်းတွေ ပြန်လှည့်လာပါပြီ။ ဒါဟာ မလွှဲသာမရှောင်သာဖြစ်ပြီး သဘာဝကျတဲ့လုပ်ငန်းစဥ်ဖြစ်တယ်''
ဒါဟာ ရုရှားနိုင်ငံထဲကို တိုက်ခိုက်မှုတွေအတွက် ဝန်ခံလေ့မရှိတဲ့ ကိယက်ဗ်ရဲ့ ပုံမှန်ချဥ်းကပ်မှုတွေထဲ တဆင့်တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။
ဝန်ခံမှုတွေကနေ ကင်းကွာနေဦးမှာဖြစ်ပေမဲ့ သမ္မတ ဇလန်းစကီးကတော့ ကရင်မလင်ကိုသာမက ဖိအားတွေပေးဖို့ ယုံကြည်မှုရှိနေပုံပါ။
အခုလို ဒရုန်းတိုက်ခိုက်မှုတွေဟာ မော်စကိုရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုဟာ လုပ်သင့်တဲ့လုပ်ရပ်လို့ ယူဆနေပုံရတဲ့ ရုရှားလူဦးရေအများစုအရေး ဖြေရှင်းဖို့ အခွင့်အရေးလည်းဖြစ်လာပါတယ်။
ရုရှားသမ္မတဟောင်း မီဒီထရီ မဲဒီဗက်ကတော့ ကိယက်ဗ်ဘက်က တန်ပြန်ထိုးစစ်ဟာ အောင်မြင်တယ်ဆိုရင် မော်စကိုအနေနဲ့ နျူကလီးယားလက်နက် အသုံးပြုသင့်တယ်လို့ ပြောပါတယ်။
မစ္စတာ မက်ဒီဗက်ဟာ ရုရှားသမ္မတပူတင်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်။ သူ့အပြောအရ ''ကျွန်ုပ်တို့မြေကို''ယူကရိန်းက သိမ်းမယ်ဆိုရင် ''အခြားရွေးချယ်စရာရှိမှာမဟုတ်ဘူးဆိုပြီး'' လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောဆိုပါတယ်။
စနေနေ့တုန်းက ဒရုန်းတိုက်ခိုက်မှုတွေမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ရုရှားအာဏာပိုင်တွေကပြောပြီး မော်စကိုမြို့တော်ဝန် Sergei Sobyanin ကတော့ ရုံးအဆောက်အအုံရဲ့ မျက်နှာစာနှစ်ဖက် အနည်းငယ်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကနေ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ အဆောက်အအုံထောင်တွေက ပြတင်းပေါက်အတော်များများ ပျက်စီးခဲ့ပြီး မြေပြင်မှာလည်း အပျက်အစီးတွေ ပြန့်ကြဲနေပါတယ်။
လိုင်လာလို့ပြောတဲ့ မျက်မြင်သက်သေတစ်ဦးကတော့ မီးတွေ၊ မီးခိုးတွေ ထွက်လာတာကို သူမြင်ခဲ့ရတယ်ဆိုပြီး ရိုက်တာသတင်းဌာနကိုပြောပါတယ်။
''ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရတယ်။ လှိုင်းရိုက်သွားသလိုမျိုးပဲ။ အကုန်လုံး ထပြီးခုန်လိုက်ကြတယ်'' လို့ သူက ပြောပါတယ်။
''အဲဒါလည်းပြီးရော မီးခိုးတွေ အများကြီးထွက်လာတယ်။ ဘာဆိုဘာမှ မမြင်ရတော့ဘူး။ အပေါ်စီးကနေ ကြည့်ရင်တော့ မီးလောင်နေတာကို မြင်နိုင်တယ်''
မြို့လယ်ကနေ အနောက်တောင်ပိုင်းမှာရှိတဲ့ Vnukovo လေဆိပ်မှာတော့ လေယာဥ်ပျံသန်းတာတွေ ယာယီဆိုင်းငံ့ခဲ့ရပြီး ဆင်းမယ့်လေယာဥ်တွေလည်း တခြားလေဆိပ်တွေဆီကို ဦးလှည့်ဆင်းသက်ခဲ့ရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ''အကြမ်းဖက်တိုက်ခိုက်ရန်ကြိုးပမ်းမှု''ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ပြောပါတယ်။
မော်စကိုမြို့ဟာ ယူကရိန်းနယ်စပ်ကနေ မိုင်ပေါင်း ၃၁၀ ဝန်းကျင်မှာရှိပြီး ရုရှားက ယူကရိန်းအပေါ် အင်အားပြည့်ကျူးကျော်စစ် ဆင်နွှဲတဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ပစ်မှတ်ထားခံရမှု အတော်လေးနည်းခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားဘက်ကတော့ မြို့တော်ထဲကနေရာအတော်အများများအပါအဝင် နိုင်ငံ့နယ်နိမိတ်တွေထဲကို ဒရုန်းတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့လတွေအတွင်း ပြုလုပ်ထားတယ်လို့ ပြောပါတယ်။
ထူးခြားဖြစ်စဥ်ဟာ မေလတုန်းကဖြစ်ပြီး မော်စကို မြို့လယ်တည့်တည့်မှာရှိတဲ့ ရုရှားသမ္မတအိမ်တော် ကရင်မလင်နန်းတော်ကို တိုက်ခိုက်ဖို့ ယူကရိန်းဟာ ဒရုန်း ၂ ခုကို သုံးခဲ့တယ်လို့ ရုရှားဘက်က အခိုင်အမာပြောခဲ့ပါတယ်။
ယူကရိန်းဟာ ခရိုင်းမီးယားဒေသထဲကို ညဘက်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။ ခရိုင်းမီးယားဟာ ရုရှားက ၂၀၁၄ ခုနှစ်မှာကျူးကျော်ခဲ့တဲ့နယ်မြေဖြစ်ပါတယ်။ ဒရုန်း ၁၆ စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး နောက်ထပ် ၉ စင်းကိုလည်း မြေပြင်မကျအောင်လုပ်နိုင်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေကို ကိုးကားပြီး Tass သတင်းဌာနက သတင်းဖော်ြပပါတယ်။
ဒီအတောအတွင်းမှာပဲ ယူကရိန်းအာဏာပိုင်တွေက နိုင်ငံ့အရှေ့မြောက်ပိုင်းမှာ ရုရှားရဲ့ဒုံးကျည်တစ်စင်းကျရောက်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောထားပါတယ်။
ဒေသခံတော်ချိန်ည ၈ နာရီနီးပါးမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အအုံတစ်လုံး ပျက်စီးခဲ့တယ်လို့ ယူကရိန်းရုပ်သံဌာန Suspiline က ပြောပါတယ်။
စနေနေ့တုန်းကတော့ နိုင်ငံတောင်ပိုင်းက Zaporizhzhia မြို့မှာ လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။