ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်မလင် ဝန်းကျင်မှာကို ယူကရိန်းဒရုန်းတွေရဲ့ တိုက်ခိုက်တာခံရပြန် - ဇူလိုင် ၃၀ ထိပ်တန်း နိုင်ငံတကာသတင်း
ယူကရိန်းနဲ့ ရုရှားတို့ဟာ ဒရုန်းယာဉ်ပျံ အသုံးပြုပြီး ပြီးခဲ့တဲ့ စနေညက တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။
သိမ်းပိုက်ခံ ခရိုင်းမီးယား ဒေသကို ဦးတည် တိုက်ခိုက်လာတဲ့ ဒရုန်း ၂၅ စင်း ထဲက ၁၆ စင်းကို ဖျက်စီး ပစ်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ကျန်တဲ့ ဒရုန်းတွေကိုလည်း ရန်မမူနိုင်အောင် အီလက်ထရောနစ် နည်းပညာသုံးပြီး ဟန့်တား ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းဘက်က ခရိုင်မီးယားထဲက နေရာတွေကိုသာမက မော်စကိုမြို့ကိုပါ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ မော်စကိုကို တိုက်ခိုက်လာတဲ့ ဒရုန်း ၃ စင်း ရှိတာမှာ၊ အဲဒီ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ကရင်မလင်နန်းတော်နဲ့ ကီလိုမီတာ အနည်းငယ်ပဲ ဝေးတဲ့ အဆောက်အအုံ ၂ လုံး ထိခိုက် ပျက်စီးမှုတွေ ရှိတယ်လို့ ရုရှားဘက်က အတည်ပြုပြီး၊ အဲဒီ ဒရုန်းတွေထဲက တစ်စင်းကို ဖျက်ချ နိုင်ခဲ့ပြီး၊ ကျန် ၂ စင်းကို ဆက်လက် အန္တရာယ် မပြုနိုင်အောင် ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်မလင် နန်းတော် အနီးထိ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အကြောင်း မျက်မြင် တွေ့ရှိသူ မော်စကို မြို့ခံ လီယျာက အခုလို ပြောပါတယ်။
“သူငယ်ချင်းတွေနဲ့ အတူ ဒီတဝိုက်မှာပဲ အခန်းငှား နေကြတာပါ။ ပေါက်ကွဲသံ ကြားလိုက်ရပြီး လှိုင်းလိုပဲ တုန်ခါ နေခဲ့တယ်။ အားလုံးလန့်ပြီး ထ ခုန်ကြရတယ်။ ပြီးတော့ မီးခိုးတွေ အများကြီး ထွက်လာတာတွေ့ရပြီး၊ မီးတောက်တွေကိုပါ နောက် တွေ့လာရပါတယ်” လို့ ပြောသွားတာပါ။
ယူကရိန်းဘက်ခြမ်းမှာလည်း အရှေ့မြောက်ပိုင်း ဆိုမေ Sumy မြို့မှာ ရုရှားတို့ရဲ့ ဒုံးကျည်ကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာရသွားတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားရဲ့ ရေတပ်ကို ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူးလို့ သမ္မတ ပူတင်ပြော
တခါ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့မှာ ရုရှားတို့ရဲ့ ရေတပ်နေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ ကိုယ်တိုင်ရှိနေခဲ့တဲ့ သမ္မတ ပူတင်က ရုရှားရဲ့ ရေတပ်အင်အား ခိုင်မာတောင့်တင်း လှတယ် ဆိုပြီး ဂုဏ်ယူ ပြောဆိုပါတယ်။
စီတန်း ရပ်နေတဲ့ ရုရှား စစ်သင်္ဘောအုပ်စုကြီးကို သမ္မတ ပူတင်က သင်္ဘောတစ်စင်းနဲ့ လိုက်လံ ကြည့်ရှု စစ်ဆေးပြီး၊ သင်္ဘောပေါ်ကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။
ရုရှား ရေတပ်ရဲ့ အဆမတန် ကြီးမားလာတဲ့ အင်အားကို ဘယ်သူမှ ဟန့်တားနိုင်မှာ မဟုတ်ဘူး၊ အခု နှစ်ထဲမှာတင် စစ်သင်္ဘော အသစ် အစီး ၃၀ ထိအောင် ထပ်တိုး လာတယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။
နီဂျဲ စစ်အာဏာသိမ်းမှုကို ဒေသတွင်းအဖွဲ့ စစ်ရေးသုံးပြီး ဟန့်တား စွက်ဖက်လာမလား
နီဂျဲနိုင်ငံ စစ်အာဏာသိမ်းမှုကို ဒေသတွင်း အနောက်အာဖရိက နိုင်ငံများ အဖွဲ့က စစ်ရေး အင်အား အသုံးပြုပြီး စွက်ဖက် ဟန့်တား လာဖွယ် ရှိနေတယ်လို့ နီဂျဲ အာဏာသိမ်း စစ်ခေါင်းဆောင်ပိုင်းက ပြောနေပါတယ်။
အဲ့ခိုဝပ်စ် ECOWAS လို့ အတိုကောက် ရည်ညွှန်း ခေါ်ဆိုလေ့ ရှိတဲ့ အဲဒီ ဒေသတွင်းအဖွဲ့ဟာ နီဂျဲနိုင်ငံ စစ်အာဏာသိမ်းခံရမှု အပေါ် ဆွေးနွေးကြဖို့ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် အဘူဂျာမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
နီဂျဲ နိုင်ငံ အပေါ် စစ်ရေးအရ ရန်လို တိုက်ခိုက်မယ့် အစီအစဉ်ကို အတည်ပြုဖို့ ခေါ်ယူတဲ့ အစည်းအဝေးပဲလို့ နီဂျဲ အာဏာသိမ်း စစ်ခေါင်းဆောင်ပိုင်းက သူတို့ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
အခုဆိုရင် နီဂျဲနိုင်ငံရဲ့ အရွေးကောက်ခံ သမ္မတ မိုဟာမက် ဘဇူးမ်ဟာ အာဏာကို ပုန်ကန် သိမ်းယူတဲ့ တပ်ဖွဲ့ရဲ့ လက်ထဲ အဖမ်းခံထားရတာ ၄ ရက် ရှိနေပြီ ဖြစ်ပါတယ်။
မဏိပူရပဋိပက္ခ မဖြေရှင်းနိုင်ရင် တစ်နိုင်ငံလုံး လုံခြုံရေး ကျိုးပေါက်နိုင်
မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ် မဏိပူရမှာ လူမျိုးစုတွေကြား ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံး မဖြေရှင်း ပေးနိုင်ဘူးဆိုရင်၊ နိုင်ငံ တစ်ခုလုံး အပေါ်ကိုပါ သက်ရောက် နိုင်တဲ့ လုံခြုံရေး ဆိုင်ရာ ပြဿနာတွေ တွေ့လာရလိမ့်မယ် ဆိုပြီး အိန္ဒိယ အတိုက်အခံ ပါလီမန် အမတ်တွေက သတိပေးပါတယ်။
အဲဒီ အမတ်တွေဟာ မဏိပူရထိ သွားပြီး မြေပြင် ကွင်းဆင်း စုံစမ်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
မဏိပူရပြည်နယ်ထဲ မြန်မာတွေ ကသည်းလို့ ရည်ညွှန်းခေါ်လေ့ ရှိတဲ့ လူများစု မဲ့သေးတွေနဲ့ ကူကီး မျိုးနွယ်စုတို့ကြား ပဋိပက္ခတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
မေလကတည်းက စတင်လာခဲ့တဲ့ အဓိကရုဏ်းတွေ၊ တိုက်ခိုက်မှုတွေ အတွင်း လူ ၁၄၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို၊ လူ ၅ သောင်း ဝန်းကျင်လည်း အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အကြီးအကျယ် ပေါက်ကွဲခဲ့တဲ့ ထိုင်း မီးရှူးမီးပန်း ဂိုဒေါင်ရုံ ပိုင်ရှင်ကို ထိုင်းရဲတွေ ရှာဖွေနေ
ထိုင်းနိုင်ငံတောင်ပိုင်းက ဆွန်ဂိုင်း ဂိုလော့ ဆိုတဲ့ မြို့မှာ မီးရှူးမီးပန်းတွေ သိုလှောင်ထားရှိရာ အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် ပေါက်ကွဲမှု ဖြစ်ပြီး၊ လူ ၁၀ ဦးထက် မနည်း သေဆုံး ခဲ့ရတဲ့နောက် အခုဆိုရင်၊ အဲဒီ အဆောက်အအုံ ပိုင်ရှင်ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေပါတယ်။
အဲဒီ အဆောက်အအုံဟာ မီးရှူးမီးပန်းတွေ သိုလှောင်မယ့် ဂိုဒေါင် အဖြစ် အသုံးပြုဖို့ရာ လိုင်စင် ရယူထားတာမျိုး မရှိဘူးလို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။
အခု ပေါက်ကွဲမှုဟာ တာဝန်ယူမှု ပျက်ကွက်လို့ ပေါ်ပေါက်ရတဲ့ ဖြစ်ရပ်အနေနဲ့ ကိုင်တွယ် အရေးယူနိုင်ဖို့ စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီ ပေါက်ကွဲမှု အတွင်း မီးရှူးမီးပန်းတွေထဲက ယမ်းတွေ အလေးချိန် တန်နဲ့ချီလို့ ပေါက်ကွဲခဲ့ပြီး၊ ဧရာမ ကျင်းချိုင့်ကြီး ၂ ခု ဖြစ်ပြီး ကျန်ရစ်ခဲ့ပါတယ်။