ယူကရိန်းအရေး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို မငြင်းပယ်ဘူးလို့ ပူတင်ပြော

ယူကရိန်းနဲ့ပတ်သက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးတာတွေကို မငြင်းပယ်ဘူးဆိုပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ထုတ်ပြောလာပါတယ်။

စိန့်ပီတာဇဘတ်မြို့မှာ အာဖရိကနိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံအပြီးမှာ အာဖရိကနဲ့တရုတ်နိုင်ငံက ပြုလုပ်နေတဲ့ ရှေ့ဆောင်အစီအစဥ်တွေဟာ ငြိမ်းချမ်းရေးရရှိဖို့ အခြေခံဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

သမ္မတပူတင်ကတော့ ယူကရိန်းစစ်တပ်က ထိုးစစ်ဆင်နေချိန်မှာ အပစ်ရပ်ရေးကို အထမြောက်အောင်လုပ်ဖို့ ခက်တယ်လို့လည်း ပြောပါတယ်။

ကနဦးကြိုတင်သတ်မှတ်သဘောတူညီချက်တွေမရှိဘူးဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းမှာ ထိုင်မှာမဟုတ်ဘူးလို့ ရုရှားဘက်ကရော၊ ယူကရိန်းဘက်ကပါ အစောပိုင်းတုန်းက ပြောထားတာပါ။

ယူကရိန်းအစိုးရဘက်က ဘယ်နယ်မြေမှာမှ မဆုတ်ပေးဘူးလို့ ပြောထားပေမဲ့ ရုရှားအစိုးရဘက်ကတော့ ယူကရိန်းအနေနဲ့ ရုရှားရဲ့ နယ်မြေပိုင်ဆိုင်မှုပကတိအရှိတရားအသစ်ကို လက်ခံရမယ်လို့ ပြောထားပါတယ်။ ရုရှားဟာ ယူကရိန်းကို ပြီးခဲ့တဲ့နှစ်တုန်းက ကျူးကျော်ခဲ့တာပါ။

စနေနေ့ညနှောင်းပိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတပူတင်က အခုလောလောဆယ်အထိတော့ ယူကရိန်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ထိုးစစ်တိုးမယ့် အစီအစဥ်မရှိသေးဘူးလို့ ပြောပါတယ်။

လူအချို့ဟာ ရုရှားကို အတွင်းကနေလှိုက်ပြီး ပျက်စီးရာပျက်စီးကြောင်းလုပ်နေတယ်လို့ဆိုကာ ရုရှားအစိုးရကို ဝေဖန်သူတွေကို ဖမ်းဆီးတာကိုလည်း သူက ခုခံပြောဆိုသွားပါတယ်။

ကဏ္ဍအတော်စုံစုံပြောပြတဲ့အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရုရှားအစိုးရအနေနဲ့ အခုလအစောပိုင်းမှာ ခရိုင်းမီးယားဒေသထဲက တံတားတစ်စင်းပေါ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးတဲ့နောက် ကြိုတင်ကာကွယ်တဲ့တိုက်ခိုက်မှုအချို့ကို ပြုလုပ်ခဲ့တယ်လို့လည်း မစ္စတာ ပူတင်က သတင်းထောက်တွေကိုပြောပါတယ်။

လူ ၂ ဦးသေဆုံးစေခဲ့တဲ့ အဲဒီတံတားဖြစ်ရပ်အပြီးတုန်းကတော့ မစ္စတာ ပူတင်က သူ့အပြောအရဆိုရင် ယူကရိန်းကလုပ်တဲ့အကြမ်းဖက်လုပ်ရပ်လို့ဆိုပြီး တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားကို ချိတ်ဆက်ထားတဲ့အဲဒီတံတားပေါ်က ပေါက်ကွဲမှုဟာ သူတို့လက်ချက် ဟုတ်၊ မဟုတ် တိတိပပထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ရုရှား-အာဖရိက ထိပ်သီးအစည်းအဝေးပွဲဟာ စက်မှုအင်အားကြီး ၇ နိုင်ငံခေါင်းဆောင်တွေနဲ့ကိုယ်စားလှယ်တွေက ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇလန်းစကီးနဲ့ မစ္စတာပူတင်တို့ကို ပြီးခဲ့တဲ့လမှာ တွေ့ဆုံခဲ့ကြအပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဆုမီမြို့မှာတော့ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် လူတစ်ဦးသေဆုံးပြီး နောက်ထပ် ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားဒုံးကျည်ဟာ ပညာရေးဆိုင်ရာအဆောက်အအုံကို စနေ့နေ့ ညနေပိုင်းမှာ ကျရောက်ခဲ့တာလို့ ဝန်ကြီးဌာနက တယ်လီဂရမ်မှာပြောထားပါတယ်။ ဒီသတင်းအချက်အလက်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ယူကရိန်းနိုင်ငံတောင်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ Zaporizhzhia မှာ လေဟာပြင်အရပ်တစ်ခုကို ဒုံးကျည်တစ်စီးကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရတယ်လို့ ယူကရိန်းအရာရှိတစ်ဦးက ပြောထားပါတ။

မြို့ကောင်စီအဖွဲ့ အတွင်းဝန် Anatoliy Kurtiev က‌တော့ ''ရန်သူ့ဒုံးကျည်'' ရဲ့ပေါက်ကွဲလှိုင်းခတ်သွားလို့ တိုက်ခန်းပြတင်းမှန်တွေကွဲထွက်ပြီး ပညာရေးအဆောက်အအုံနဲ့ စျေးဝယ်ကုန်တိုက်တစ်ခု ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ရုရှားဘက်ကလည်း တနင်္ဂနွေနေ့မနက်အစောပိုင်းမှာ မော်စကိုမြို့မှာ မောင်းသူမဲ့ဒရုန်းသုံးတိုက်ခိုက်မှုတစ်ခုကြောင့် ရုံးခန်းတွဲ ၂ ခု ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

မောစကိုမြို့တော်ဝန် Sergei Sobyanin ကတော့ ယူကရိန်းကို အပြစ်ဖို့ထားတဲ့ အဲဒီတိုက်ခိုက်မှုမှာ တစ်ဦးတစ်ယောက်မှ ထိခိုက်တာမရှိခဲ့ဘူးလို့ပြောပါတယ်။

မော်စကိုမှာတော့ ဝေဟင်လေပိုင်နက်ကို ယာယီပိတ်ထားလိုက်ပြီဖြစ်ပေမဲ့ မြို့တွင်းက လေဆိပ်တစ်ခုဖြစ်တဲ့ Vnukovo လေဆိပ်ကိုတော့ ဖွင့်ထားပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးလည်း ယူကရိန်း-ရုရှားစစ်ပွဲမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ဘာမြု့မြို့က ယူကရိန်းအထူးတပ်ဖွဲ့တွေဆီ သွားရောက်လည်ပတ်နေပါတယ်။

ယူကရိန်းအာဏာပိုင်တွေကတော့ ရုရှားတပ်ဖွဲ့တွေ ပြီးခဲ့တဲ့မေလတုန်းက သိမ်းခဲ့တဲ့ နိုင်ငံအရှေ့ပိုင်းက အဲဒီမြို့ဆီကို ယူကရိန်းတပ်ဖွဲ့တွေ တဖြည်းဖြည်းရှေ့ချီတက်နေပြီလို ပြောပါတယ်။