ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဘယ်လောက်ထိ သေဆုံးနိုင်ခြေရှိသလဲ
- ရေးသားသူ, အော်လ်ဂါ အိုင်ဗ်ရှီဗာ၊ ဘက်ကီဒေးလ်၊ ဂျိုးဇက်လီ
- ရာထူးတာဝန်, ဘီဘီစီသတင်း
ရုရှားဟာ သူကြုံရတဲ့ စစ်ပွဲတွေအတွင်းမှာ သူတို့လူတွေ ဘယ်လောက်အထိ သေဆုံးပျက်စီးသလဲ ဆိုတာ အလွန်လျှို့လျှို့ဝှက်ဝှက်ထားလေ့ရှိတဲ့ အစဉ်အလာရှိပါတယ်။
ဒါ့ကြောင့်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာတဲ့အချိန်မှာ ဘီဘီစီနဲ့တကွ တခြားသတင်းရေးရာ လုပ်ဖော်ကိုင်ဖက်တွေက ရုရှားဘက်က သေဆုံးမှုစာရင်းကို ခရေစေ့တွင်းကျ အသေအချာ ရေတွက်အတည်ပြုတာတွေ စလုပ်လာခဲ့ပါတယ်။
ဘီဘီစီက အတည်ပြုနိုင်ခဲ့တဲ့ အဲဒီ သေဆုံးစာရင်းအရ ရုရှားဘက်က သေဆုံးထားသူအရေအတွက် ၂၅၀ဝ၀ ကျော်ရဲ့ အမည်စာရင်းကို ရရှိထားပြီ ဖြစ်ပြီး ဒါဟာ ရုရှားဘက်က အဲဒီပမာဏထက်မနည်း အောက်ထစ် သေဆုံးထားတယ် ဆိုတာကိုလည်း သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။
အခုလို ရေတွက်ရရှိမှုဟာ ယူကရိန်းစစ်ပွဲရဲ့ ရုရှားတပ်တွေအပေါ် သက်ရောက်မှုနဲ့ ပတ်သက်တဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သက်သေ ဖြစ်ရုံသာမက ကျန်ရစ်သူ မိသားစုဝင်တွေကိုလည်း တိတိကျကျ အဖြေတစုံတရာ ပေးတဲ့သဘောလည်း သက်ရောက်ပါတယ်။
အကြောင်းကတော့ တချို့ ကျန်ရစ်သူဆွေမျိုးတွေဟာ ဘီဘီစီက နောက်ကြောင်းလိုက်ပြီး မဆက်သွယ်ခင်မှာ သူတို့ချစ်ခင်ရသူတွေ ဘာဖြစ်သွားကြသလဲဆိုတာတောင် မသိကြရလို့ ဖြစ်ပါတယ်။
စစ်သားစုခံရသူ နှစ်မျိုးနှစ်စား
ရုရှားအထူးတပ်ဖွဲ့က တပ်ခွဲခေါင်းဆောင် တပ်ကြပ်ကြီး နီကီတာ လော့ဘရက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလက ယူကရိန်းအရှေ့ပိုင်းက ရွာတရွာမှာ သေဆုံးခဲ့ပြီး သေဆုံးချိန်မှာ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။
ဒီဖြစ်ရပ်အပြီး တနှစ်နီးပါးအကြာမှာ ဆိုရင်လည်း အလက်ဇန်းဒါး ဇုဘ်ကော့ဗ်က ဘာမွတ်ဒေသအနီး တိုက်ပွဲမှာ သေဆုံးခဲ့ကြောင်း သူ့ရဲ့ ဆွေမျိုးတွေက သိရှိခဲ့ရပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဇုဘ်ကော့ဗ်ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ အမှုတွေအတွက် ထောင် ၉ နှစ် ချမှတ်ခံရ အပြီးမှာ ရုရှားစစ်တပ်ဘက်က တိုက်ပေးနေတဲ့ ဗာဂနာ အုပ်စု ဆိုတဲ့ ကြေးစားစစ်တပ်ထဲ ဝင်ခဲ့ပြီး သူလွတ်လမ်းရမလား မျှော်လင့်ခဲ့ပါတယ်။
ဒီနှစ်ဦးဟာ ဘီဘီစီက အတည်ပြုနိုင်ခဲ့တဲ့ ကွယ်လွန်သူ ရုရှားတပ်ဖွဲ့ဝင် ၂၅,၀ဝ၀ ထဲက ဖြစ်ပြီး လွတ်လပ်တဲ့ ရုရှားစာနယ်ဇင်းအဖွဲ့တခု ဖြစ်တဲ့ မီဒီယာဇိုနာနဲ့ လုပ်အားပေးသူတွေက အတည်ပြုရာမှာ ပါဝင်ကူညီခဲ့ကြပါတယ်။
ဘီဘီစီနဲ့တကွ အဲဒီအဖွဲ့ဟာ တရားဝင်သတင်းထုတ်ပြန်ချက်တွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေ၊ အထိမ်းအမှတ် စိုက်ထူမှု အသစ်တွေနဲ့ သင်္ချိုင်းရာ အသစ်တွေကို လေ့လာပြီး သေဆုံးစာရင်းကို အတည်ပြုဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သေဆုံးသူ နှစ်ဦးဟာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ပြောင်းလဲလာခဲ့တဲ့ ရုရှားစစ်တပ်ရဲ့ သွင်ပြင်ပြောင်းလဲမှုကို ကိုယ်စားပြုနေတာ မြင်ရပါတယ်။
အဲဒီ သေဆုံးသူနှစ်ဦးရဲ့ အသက်အရွယ်နဲ့ သေဆုံးချိန်ကိုကြည့်ပြီး ရုရှားတပ်ဟာ တိုက်ပွဲကာလ ကြာလာပြီး သေဆုံးသူ အရေအတွက်လည်း တက်လာတာနဲ့အမျှ အသက်အရွယ် ကြီးရင့်သူ များလာတာ၊ ကျွမ်းကျင်တပ်သားနည်းလာတာကို မြင်ရမှာ ဖြစ်ပါတယ်။
ဘီဘီစီရဲ့ သေဆုံးစာရင်းရေတွက်မှုအရ ရုရှား-ယူကရိန်းစစ်ပွဲ စဖြစ်တဲ့ကာလအတွင်းမှာ သေဆုံးသူတွေရဲ့ အသက်အရွယ်နဲ့ ရာထူးအဆင့်အတန်းဟာ တပ်ကြပ်ကြီး နီကီတာ လော့ဘရက်ရဲ့ အသက် ၂၁ နှစ်လောက်နဲ့ သူ့ရာထူးဖြစ်တဲ့ အနိမ့်ပိုင်းတွေလောက်သာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီ တပ်ကြပ်ကြီး လော့ဘရက်ရဲ့ ဖခင်ဖြစ်သူအပြောအရ လော့ဘရက်ဟာ သူကျောင်းမပြီးခင်ကတည်းက လေထီးတပ်သား ဖြစ်ချင်တာလို့ ဆိုပါတယ်။
လော့ဘရက်ဟာ ယူကရိန်းနယ်စပ်နဲ့ မိုင် ၆၀ လောက်သာဝေးတဲ့ ဘရန့်က်စ် မြို့လေးမှာရှိတဲ့ ကျောင်းကပြီးသွားတဲ့အချိန်မှာ ကိုယ်ခံပညာနဲ့တကွ လေထီးခုန်ပညာကိုပါ သင်ခဲ့တယ်လို့ သူ့ဖခင်က ဆိုပါတယ်။
နောက်ပိုင်းမှာတော့ လော့ဘရက်ဟာ လေထီးတပ်သားတွေ လေ့ကျင့်ပေးတဲ့ ထိပ်တန်း အဆင့်မြင့် လေတပ်ကျောင်း ရာဇန် ကို ဝင်ခွင့်ရခဲ့ပြီး နောက်တဆင့်မှာတော့ သူဟာ ရုရှားစစ်ထောက်လှမ်းရေး GRU အထူးတပ်ဖွဲ့ဝင် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲ သုံးလနီးပါးအကြာမှာတော့ တပ်ကြပ်ကြီး လော့ဘရက်ဦးဆောင်တဲ့ တပ်စုလေးဟာ ဟာကိဗ်မြို့ မြောက်ဘက်နားက ရွာတရွာ အနီးမှာ ခြုံခိုတိုက်ခိုက်ခံရပြီး လော့ဘရက် သေဆုံးခဲ့တယ်လို့ သူ့ဖခင်က ဆိုပါတယ်။
လော့ဘရက်ဟာ သူ့နေရပ်မြို့က သူရဲကောင်းတောင်ကြားလို့ အမည်ပေးထားတဲ့ သင်္ချိုင်းရာမှာ ဂုဏ်ပြုမြှုပ်နှံခံရပြီး သေဆုံးအပြီး ချီးမြှင့်တဲ့ ရဲစွမ်းသတ္တိ ဆုတံဆိပ်လည်း ချီးမြှင့်ခံရတယ်လို့ ဆိုပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲ အစောပိုင်းလတွေမှာ အခုလို ဂုဏ်ပြုခံရတာမျိုး ထောင်နဲ့ချီတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပေမယ့် စစ်ပွဲ တနှစ်လောက် ကြာလာတဲ့အချိန်မှာတော့ နည်းလာခဲ့ပါတယ်။
လတ်တလော လပိုင်းတွေမှာတော့ ယူကရိန်းမှာ ကျဆုံးတဲ့ ရုရှားတပ်သားအများစုက အလက်ဇန်းဒါး ဇုဘ်ကော့ဗ်လို အသက် ၃၀ ကျော်သူတွေ များလာပြီး ထောင်ထဲကနေ စစ်သားအဖြစ် ခေါ်ဆောင်ခံရသူတွေလည်း ဖြစ်နေတတ်တာ တွေ့လာရပါတယ်။
အလက်ဇန်းဒါး ဇုဘ်ကော့ဗ်လို လူစားများ
ထောင်သားတဦးဖြစ်တဲ့ အလက်ဇန်းဒါး ဇုဘ်ကော့ဗ်ဟာ ဗာဂနာ ကြေးစားစစ်သား တပ်ဖွဲ့ထဲမှာ တပ်တွင်းရာထူးတခုခု ပေးခံတာမျိုးလည်း မရှိခဲ့ပါဘူး။
သူဟာ ဆဗရော့ဗင့်စ်က် ဆိုတဲ့ ရုရှားအနောက်မြောက်ပိုင်း ကမ်းခြေ ပင်လယ်ဖြူဒေသက မြို့မှာ မွေးဖွားခဲ့သူပါ။ အဲဒီနေရာက ရုရှားရေတပ်ရဲ့ အဓိကသင်္ဘောကျင်း တခုလည်း ဖြစ်ပါတယ်။
တရားရုံးအချက်အလက်တွေအရ ဇုဘ်ကော့ဗ်ဟာ ၂၀၁၄ ခုနှစ်မှာ သားသမီး တယောက်ရှိတဲ့ အလုပ်လက်မဲ့ တဦးဖြစ်ကာ လူသတ်မှုနဲ့ ထောင် ၈ နှစ်ခွဲ ကျခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ခံဝန်နဲ့ လွတ်လာတဲ့ သူဟာ နောက်တနှစ် ၂၀၂၁ မှာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ထဲ ပြန်ရောက်လာခဲ့ပြီး အမှုကတော့ တရားမဝင် ဆေးဝါးတမျိုးဖြစ်တဲ့ a-PVP ဆေး ၆၀ဝ ဂရမ်ကို ကြံရာပါ တဦးနဲ့ ပူးတွဲ ဖမ်းဆီးခံရမှု ဖြစ်ပါတယ်။
ဒီအမှုနဲ့ သူဟာ ထောင် ၉ နှစ် ထပ်ကျခဲ့ပါတယ်။ သူ့မှာ သားသမီးတယောက်ရှိပြီး စောင့်ရှောက်ပေးနေရတဲ့ မသန်စွမ်း ညီမတဦးလည်း ရှိတယ်လို့ တရားရုံးမှတ်ချက်မှာ ဖော်ပြထားပါတယ်။
ဗာဂနာ ကြေးစားတပ်ဖွဲ့က ထောင်သားတွေကို ယူကရိန်းစစ်ပွဲအတွက် သိမ်းသွင်းစုဆောင်း လာချိန်မှာတော့ ဇုဘ်ကော့ဗ်ဟာ ၂၀၂၂ နိုဝင်ဘာလမှာ အဲဒီ ကြေးစားတပ်ဖွဲ့အတွင်းကို ဝင်ရောက်ခဲ့ပါတယ်။
ဇုဘ်ကော့ဗ်က အခုလို ကြေးစားစစ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကာလမှာ တလကို ရုရှားရူဘယ်ငွေ တသိန်း (အမေရိကန်ဒေါ်လာ ၁၂၅၀ ခန့်) ရရှိမယ်လို့ သိမ်းသွင်းခံရတာ ဖြစ်ပြီး ခြောက်လ တာဝန်ထမ်းဆောင်ပြီးရင် ထောင်ကလည်း လွတ်မယ်လို့ ကတိပေးခံထားရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မစ္စတာ ဇုဘ်ကော့ဗ်ဟာ တာဝန်ထမ်းဆောင်အပြီး ငါးလအကြာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒီစစ်ပွဲအတွင်း သွေးအစွန်းဆုံး စစ်ပွဲ ဖြစ်ထားခဲ့တဲ့ ဗာဂနာအဖွဲ့ရဲ့ ယူကရိန်းအရှေ့ပိုင်းက ဘွတ်မြို့သိမ်းတိုက်ပွဲ အတွင်း သူ သေဆုံးခဲ့တာ ဖြစ်ပြီး သူ့အလောင်းကို ဧပြီ ၂၈ ရက်မှာ မွေးရပ်မြို့အတွင်း မြှုပ်နှံခဲ့ပါတယ်။
အရန်တပ်ဖွဲ့ဝင်များ အလွယ်သုံးပစ်ခြင်း
ဇုဘ်ကော့ဗ်နဲ့တကွ အလားတူ တပ်သားမျိုးတွေဟာ တခါသုံး ပစ္စည်းတွေလို အသုံးချခံခဲ့ရတာ ဖြစ်တယ်လို့ ဒေါက်တာ ဂျက် ဝက်တလင်းက ဆိုပါတယ်။
ဒေါက်တာ ဂျက် ဝက်တလင်းဟာ ယူကေအခြေစိုက် Royal United Services Institute (Rusi) ဆိုတဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့ သုတေသနအဖွဲ့က ကုန်းတွင်းပိုင်း စစ်ဆင်ရေးဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်ပါတယ်။
အခုလို ဘီဘီစီက အတည်ပြု ရေတွက်ပြီးသွားတဲ့ ရုရှားတပ်ဖွဲ့ဝင် သေစာရင်းထဲမှာ ပါဝင်နေတဲ့ ရုရှားထောင်ကျ စစ်သားတွေထဲမှာ သာမန် ခိုးမှုကျူးလွန်သူတွေကနေ လူဆိုးဂိုဏ်းခေါင်းဆောင်တွေအထိ ပါဝင်နေတာကို တွေ့ရပါတယ်။
အဲဒီအထဲက တဦးဆိုရင် ဒုတိယကမ္ဘာစစ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အသက် ၉၂ နှစ်အရွယ် ရုရှား စစ်ပြန်တဦးကို သတ်ဖြတ်မှုကြောင့် ထောင်ထဲရောက်လာခဲ့တာဖြစ်ပြီး သူထောင်တွင်း စစ်မှုထမ်း စုဆောင်းခံရအပြီး ရှေ့တန်းမှာ ကျဆုံးခဲ့တာကို တွေ့ရပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲအတွင်း သေဆုံးတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေထဲမှာ သာမန်အရပ်သားထဲက စုဆောင်းခေါ်ယူတာတွေ ရှိသလို လမ်းပေါ်မှာ သွားလာနေရာက၊ ဈေးဝယ်သွားနေရာက တပ်သားစုဆောင်းခံရသူတွေလည်း ရှိခဲ့တာကို တွေ့ရပါတယ်။
ရုရှားစစ်တပ်ဟာ အဲဒီလို စုဆောင်းခံရတဲ့ တပ်သားမျိုးတွေကို ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ ဆက်တိုက်ဆိုသလို တိုက်ပွဲငယ်တွေ ဆင်နွှဲခိုင်းခြင်းအားဖြင့် ယူကရိန်းတပ်ဖွဲ့တွေကို စစ်ပန်းအောင် လုပ်တာနဲ့ အဝေးပစ်အမြှောက်ထားတဲ့ နေရာတွေ သိအောင် လုပ်တဲ့နေရာမှာ အသုံးချတယ်လို့ ဆိုပါတယ်။
ဒီတပ်ဖွဲ့ဝင်တွေကို ယူကရိန်းရှေ့တန်းပို့ရင် သေမှာ သိလျက်သားနဲ့ ပို့တာ ဖြစ်တယ်လို့ ဒေါက်တာ ဝက်တလင်းက ပြောဆိုခဲ့ပြီး ရုရှားဟာ ဒီလိုတပ်တွေကို လွယ်လွယ်ကျဆုံးကုန်အောင် မြန်မြန်ဖြုန်းပစ်သလို ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။
အခုလို ရုရှားရဲ့ တိုက်ပွဲဝင် နည်းဗျူဟာ ပြောင်းလဲမှုကို သေဆုံးသူ အရေအတွက် စာရင်းမှာလည်း ပေါ်လွင်နေတာကို တွေ့ရပါတယ်။
အကြောင်းကတော့ ရုရှားစစ်တပ်ဟာ စစ်ပွဲအစ ပထမ သုံးလမှာ ကျွမ်းကျင်စစ်သား အရေအတွက် အမျာအပြား ဆုံးရှုံးခဲ့တာ တွေ့ရပေမယ့် လက်ရှိ ဇွန်လ ၂၀၂၃ မတိုင်ခင် သုံးလအတွင်းမှာတော့ ကျွမ်းကျင်စစ်သား မဟုတ်သူ သေနှုန်းက အတော်များနေတာကို တွေ့ရလို့ ဖြစ်ပါတယ်။
ဒေါက်တာ ဝက်တလင်းရဲ့ အပြောအရကတော့ ရုရှားစစ်တပ်ဟာ သူ့မှာရှိတဲ့ ကျွမ်းကျင်စစ်သားတွေကို ဦးစားပေး ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။
ရုရှားစစ်တပ်ဟာ အဲဒီ ကျွမ်းကျင်စစ်သားတွေကိုတော့ အခြေစိုက်စခန်း တပ်စွဲတဲ့နေရာမှာ၊ အဝေးပစ်လက်ဖြောင့်တပ်သားနဲ့ စစ်ဆင်တဲ့ နေရာမှာနဲ့ ရှားရှားပါးပါး လိုအပ်တဲ့ အခြေအနေရောက်လာမှ မြေပြင်တိုက်ပွဲ တိုက်တဲ့ နေရာတွေမှာသာ သုံးနေတယ်လို့ ဒေါက်တာ ဝက်တလင်းက ဆိုပါတယ်။
ဘီဘီစီရဲ့ သုံးသပ်ချက်အရ ရုရှားစစ်တပ်မှာ ကျွမ်းကျင်တပ်ဖွဲ့ဝင် လက်ရှိ ရှားပါးလာနေပြီး အရာရှိအဆင့် သေဆုံးသူ ၂၁၀ဝ ရှိထားတာကို ဘီဘီစီက အတည်ပြုထားနိုင်ပါတယ်။
ရုရှားစစ်တပ်ဟာ အနောက်နိုင်ငံတွေထက်စာရင် ဝါနုတဲ့ အရာရှိငယ်တွေကို တိုက်ပွဲခေါင်းဆောင်ပိုင်းမှာ အသုံးချနေပုံရပြီး သေကြေဒဏ်ရာရ ပိုများနိုင်တဲ့ ရှေ့တန်းပို့နေတယ်လို့လည်း ဘီဘီစီက သုံးသပ်ထားပါတယ်။
ဘီဘီစီက အတည်ပြုထားနိုင်တဲ့ ရုရှား ကျဆုံးစာရင်းထဲမှာဆိုရင် ဗိုလ်မှူးအဆင့်ထက်မနည်း ရာထူးရှိသူ ၂၄၂ ယောက်ရှိတာကို တွေ့ရပါတယ်။
ရုရှားတိုက်လေယာဉ်မောင်းထဲက ကျဆုံးသူ ဆိုရင်လည်း ၁၅၉ ယေက်အထိ ရှိနေတာကို တွေ့ရပြီး တိုက်လေယာဉ်မောင်းတဦးဖြစ်လာအောင် လေ့ကျင့်ပေးဖို့ အချိန် ၇ နှစ်နဲ့ ဒေါ်လာသန်းနဲ့ချီပြီး ကုန်ကျတဲ့အတွက် လက်တွေ့ကျကျ ချက်ချင်း အစားထိုးလို့မရတဲ့ ရာထူးမျိုးလည်း ဖြစ်နေပါတယ်။
အခုလို ရုရှားဘက်က ဆုံးရှုံးရမှုတွေကြောင့် အငြိမ်းစားယူထားခဲ့သူတွေလည်း စစ်ထဲဝင်လာရပြီး အဲဒီအထဲက တဦးကတော့ ဗိုလ်ချုပ်ကြီး ကန်းနမက် ဘော့တရှက်ဗ် ဖြစ်ပါတယ်။
သူဟာ ၂၀၁၂ ခုနှစ်မှာ Su-27 တိုက်လေယာဉ်ကို ခွင့်ပြုချက်မရှိဘဲ ငှားရမ်းမောင်းနှင်ခဲ့ပြီး ပျက်ကျခဲ့တဲ့အတွက် သူ့ရဲ့ တပ်တွင်းတာဝန်ထမ်းဆောင်မှု တခန်းရပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလမှာတော့ သူဟာ Su-25 မြေပြင်ပစ် တိုက်လေယာဉ်မောင်းအဖြစ် တပ်ထဲပြန်ရောက်နေတာကို တွေ့ခဲ့ရပါတယ်။
အဲဒီအချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဘော့တရှက်ဗ်ဟာ အဲဒီ မေလအတွင်းမှာပဲ ယူကရိန်းအရှေ့ပိုင်း လူးဟန့်စ် ဒေသမှာ လေယာဉ်ပစ်ချခံရပြီး ကျဆုံးခဲ့ပါတယ်။
ဘောတရှက်ဗ်ဟာ ဘီဘီစီက ရရှိတဲ့ ရုရှားတပ်ဖွဲ့ကျဆုံးစာရင်းမှာ အသက်အကြီးဆုံးလူ မဟုတ်သေးပါဘူး။ ဘီဘီစီရဲ့ အဲဒီ စာရင်းထဲက အသက်အကြီးဆုံး ကျဆုံးသူကတော့ အသက် ၇၁ နှစ်အရွယ် မီခေးလ် ရှူဗာလော့ဗ် ဖြစ်ပါတယ်။
ဒေသခံသတင်းတွေအရ ယူကရိန်းနဲ့ စစ်ပွဲအတွက် ဆန္ဒအလျောက် စစ်ထဲဝင်ခဲ့တဲ့ ရှူဗာလော့ဗ်ဟာ ကနဦး ငြင်းပယ်ခံခဲ့ရပေမယ့် နောက်ပိုင်း ရှေ့တန်းစစ်မျက်နှာကို ရောက်သွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျဆုံးခဲ့ကြောင်း ဘီဘီစီက သိရပါတယ်။
ယုံကြည်ရတဲ့ စာရင်းရဖို့ အခက်အခဲ
ဘီဘီစီရဲ့ ရုရှားဌာနခွဲဟာ ရုရှားစစ်တပ်ဘက်က ကျဆုံးစာရင်းနဲ့ ပတ်သက်လို့ စိတ်ချရတဲ့ အရင်းအမြစ် မရနိုင်တာကို သိရတဲ့အတွက် ကိုယ်တိုင် သတင်းထောက်ပြီး ရှာဖွေ ရေတွက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဖြစ်လာရင် ဘက်နှစ်ဖက်စလုံးက ပျက်စီးသေဆုံးနှုန်းကို လျှော့တွက်လေ့ရှိပေမယ့် ရုရှားကတော့ စစ်ရေးလျှို့ဝှက်ချက် လိုအပ်ချက်အရနဲ့ နိုင်ငံသားတွေ အားတက်စေရေး လိုအပ်ချက်အရ လျှော့ပြောရတာထက် အများကြီး ပိုလျှော့ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
အာဖဂန်နဲ့ ချေချင်းစစ်ပွဲတွေအပြီး နှစ်ပေါင်းများစွာကြာတာတဲ့ အချိန်မှာတောင်မှ စစ်မှုထမ်းဟောင်းတွေနဲ့တကွ မိသားစုဝင်တွေဟာ ကျဆုံးစာရင်းနဲ့ ပတ်သက်တဲ့ အများသိထုတ်ပြန်မှု တိတိကျကျ ရဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါတင်မကသေးပဲ ဒုတိယကမ္ဘာစစ်အတွင်းက တပ်ဖွဲ့ဝင် သေဆုံးမှုတွေပါ အပြည့်အစုံ အသိအမှတ်ပြုသေးခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဘီဘီစီဟာ မီဒီယာဇုန်နာ အဖွဲ့နဲ့တကွ ရုရှားပြည်သူတွေ ပေးပို့တဲ့ အချက်အလက်တွေကို အသုံးပြုခဲ့ပြီး ဒေသခံတွေ၊ နယ်မြေခံ စာနယ်ဇင်းတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်က ကျန်ရစ်သူ မိသားစုတွေရဲ့ ပြောကြားချက်တွေနဲ့ အတည်ပြုစာရင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ဘီဘီစီက ရရှိတဲ့ အချက်အလက်တွေထဲမှာ နိုင်ငံတလွှား ပေါ်ပေါက်လာတဲ့ စစ်ပွဲအထိမ်းအမှတ် ကျောက်တိုင်တွေက နာမည်အသစ်တွေ၊ သင်္ချိုင်းရာအသစ်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး လူနဲ့ နာမည်တိုက်စစ်ကာ စာရင်းထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဗာဂနာ ကြေးစားစစ်သားအဖွဲ့က တပ်သားစုဆောင်းတဲ့အထဲက တိုက်ပွဲတွင်း သေဆုံးသူတွေအတွက် သင်္ချိုင်းအသစ် ၇ ခု ပေါ်လာခဲ့ရာမှာ ၆ ခုကို ရုရှားမှာ တွေ့ရပြီး နောက်တခုကိုတော့ ယူကရိန်းအရှေ့ပိုင်းက လူးဟန့်စ်မှာ တွေ့ခဲ့ရပါတယ်။
ရုရှားတောင်ပိုင်း ဘာကင်စကာရာဒေသမှာ တွေ့ရတဲ့ သင်္ချိုင်းအသစ်ဆိုရင် ဂြိုဟ်တု ပုံတွေအရ လပိုင်းအတွင်း မြှုပ်နှံမှု များလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ လတ်တလော အကျဆုံး တရားဝင် ကျဆုံးစာရင်း ထုတ်ပြန်မှုက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက ဖြစ်ပြီး ၅,၉၃၇ ဦး ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ စက်တင်ဘာလမှာပဲ ဘီဘီစီက အတည်ပြုနိုင်တဲ့ သေဆုံးသူ အရေအတွက်က ၆,၆၀ဝ ကျော်နေခဲ့ပြီဖြစ်ပြီး လက်ရှိ ၂၀၂၃ ဇွန်လမှာဆိုရင် ၂၅,၀ဝ၀ ကျော်သွားပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ယူကေ ထောက်လှမ်းရေးရဲ့ ခန့်မှန်းချက်အရ ဆိုရင် ရုရှားဘက်က ကျဆုံးသူ ၄၀,ဝ၀ဝ ကနေ ၆၀,ဝ၀ဝ အထိတောင် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနဘက်က ရုရှားရဲ့ တပ်ဖွဲ့ဝင် ကျဆုံးနဲ့ ဒဏ်ရရသူနှုန်းကတော့ ၂၀ဝ,၀ဝ၀ ကျော်မယ်လို့ ဆိုထားပါတယ်။
အခုလို ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေအားလုံးဟာ ရုရှားက တရားဝင်ထုတ်ပြန်ထားတဲ့ ၆,၀ဝ၀ နီးပါး ဆိုတဲ့ ပမာဏထက် အများကြီးပိုများနေတာကိုလည်း တွေ့နေရပါတယ်။
ဘီဘီစီဟာ အခုလို ရရှိထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရုရှားအစိုးရကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည် မတုံ့ပြန်သေးတာကိုလည်း တွေ့ရပါတယ်။
ဘီဘီစီဟာ အများပြည်သူ သိနိုင်တဲ့ သတင်းရင်းမြစ်တွေ၊ အထိမ်းအမှတ် စိုက်ထူမှုတွေနဲ့ သင်္ချိုင်းရာတွေကနေပဲ အတည်ပြုနိုင်သေးတဲ့အတွက် ရုရှားဘက်က သေဆုံးမှု အားလုံးကို ခြုံငုံမိတယ်လို့ မဆိုနိုင်ပါဘူး။
ဘီဘီစီကို အချက်အလက်တွေ ကူညီပေးပို့ကြသူတွေဟာ ရုရှားတနိုင်ငံလုံးကို ဖြန့်ကြက် ကြည့်ရှုပေးနိုင်ခြင်း မရှိသလို ဒွန်းဘတ်စ်နယ်ထဲက ရုရှားစကားပြောတဲ့ ခွဲထွက်ရေးသမား သေဆုံးမှုတွေလည်း ပါဝင်ခြင်း မရှိသေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဘီဘီစီရဲ့ ဒီ ကျဆုံးစာရင်းက ရုရှားအစိုးရပိုင်းက မပေးနိုင်တဲ့ အဖြေမျိုးတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အန်နာ ရဲ့ အခြေအနေ
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အန်နာ (အမည်ရင်း မဟုတ်) ကို ဘီဘီစီက ဆက်သွယ်တဲ့အချိန်က သူဟာ သူ့ရဲ့ ခင်ပွန်းဟောင်းနဲ့ လက်ရှိသမီးရဲ့ ဖခင်ဖြစ်သူ ဖေးလ် နာဘီယက်ဗ် အကြောင်းကို ရေရေရာရာ မသိခဲ့ရသေးပါဘူး။
အဲဒီအချိန်က သူဟာ ဖေးလ် နာဗီယက်ဗ် ဘာဖြစ်သွားသလဲ ဆိုတဲ့အပေါ် ဘီဘီစီကို မေးမြန်းခဲ့ပြီး သူကိုယ်တိုင်လည်း ဘယ်လိုသေသွားသလဲ ဆိုတာနဲ့ ဘယ်မှာ မြှုပ်လိုက်သလဲ ဆိုတာတွေကို မသိရဘူးလို့ ဘီဘီစီကို ပြန်ပြောခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နာဗီယက်ဗ်ရဲ့ သင်္ချိုင်းရာကို အပေါ်ပိုင်းမှာ ဖော်ပြခဲ့တဲ့ သင်္ချိုင်းအသစ် ဘာကင်စကာရာတွေ့ရကြောင်း ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။
နာဗီယက်ဗ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သေဆုံးချိန်မှာ အသက် ၆၀ ရှိပြီ ဖြစ်ပြီး ဘာခ်မွတ်မြို့ကို ဗာဂနာကြေးစားစစ်သားတွေ အားလုံးပါဝင် တိုက်ခိုက်ကြချိန်မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
မော်စကိုမြို့ အရှေ့မြောက်ဘက်မှာ နေထိုင်တာ အန်နာက သူဟာ နာဗီယက်ဗ်နဲ့ အိမ်ထောင်ကွဲပြီး ဖြစ်ပေမယ့် ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိနေခဲ့ပြီး နာဗီယက်ဗ်က လူကောင်းတယောက်ဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ နာဗီယက်ဗ်ဟာ ငွေရေးကြေးရေး အခြေအနေ ချို့တဲ့နေခဲ့ပြီး ကားဂိုထောင်တွေထဲက ကားပစ္စည်းအစိတ်အပိုင်းတွေ ခိုးခဲ့တဲ့အတွက် ထောင်ကျကာ ထောင်ထဲမှာ ဗာဂနာရဲ့ စစ်သားစုဆောင်းခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို ဗာဂနာ အဖွဲ့ရဲ့ တပ်သားစုဆောင်းခံရတဲ့ အကျဉ်းသားတွေထဲက ရှေ့တန်းမှာ သေဆုံးမှု ရှိ မရှိ စုံစမ်းရာမှာ အထူးခက်ခဲလေ့ရှိပြီး အန်နာက သူ့နေရပ်က ဗာဂနာ စစ်သားစုဆောင်းရေး ရုံးခွဲမှာ သွားရောက် စုံစမ်းတဲ့အခါမှာ နာဗီယက်ဗ် နာမည်နဲ့ စာရင်းဝင်ထားတာ မရှိကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
အခုလို အသက်ရှိသေးလား မရှိသလား အတည်ပြုချက်မရတဲ့ ပြဿနာသာမက တိုက်ပွဲအတွင်း ကျဆုံခြင်း တရားဝင် ထုတ်ပြန်ချက် မရတဲ့အတွက် ကျန်ရစ်သူ မိသားစုအတွက် လစာငွေ သို့မဟုတ် လျော်ကြေးငွေ တောင်းခံဖို့ ခက်ခဲတဲ့ ပြဿနာလည်း ရှိနေနိုင်ပါတယ်။
အန်နာကလည်း နာဗီယက်ဗ် သေဆုံး၊မသေဆုံး သိချင်နေပြီး သူ့အတွက် ရတဲ့ ဆုတံဆိပ် ဒါမှမဟုတ် ငွေသားရမယ်ဆိုရင် လိုချင်တယ်လို့ ဘီဘီစီကို ဆိုပါတယ်။
အရန်တပ်ဖွဲ့ဝင် ၂၅ သန်း ရှိနေတယ်ဆိုတဲ့ ရုရှား
ဒေါက်တာ ဝက်တလင်းရဲ့ သုံးသပ်ချက်အရ ရုရှားဟာ ယူကရိန်းအပေါ် အနောက်နိုင်ငံတွေက ထောက်ပံ့မှုက နောက်ဆုံးမှာ တဖြည်းဖြည်း အားနည်းသွားမယ်လို့ မျှော်လင့်နေပြီး အဲဒီအချိန်အထိ တောင့်ခံနိုင်မယ်လို့ ရုရှားက ယူဆနေကြောင်း ဘီဘီစီကို ပြောပါတယ်။
ယူကရိန်းဟာ သူတို့ အချိန်အကြာကြီးယူပြီး ပြင်ဆင်နေတဲ့ တန်ပြန်စစ်ဆင်ရေး စီမံကိန်းမှာ ရုရှားရဲ့ ခံစစ်တည်ဆောက်ထားတာတွေကို ထိုးဖောက်နိုင်မယ် ဆိုရင် ရုရှားဘက်က လျော့ပါးလာနေတဲ့ စစ်မကျွမ်းတဲ့ တပ်သားတွေ သိသိသာသာ အလဲလဲ အပြိုပြို ဖြစ်သွားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရုရှားဘက်က လူအင်အားကုန်သွားဖို့တော့ မရှိနိုင်ဘူး လို့ ဒေါက်တာဝက်တလင်းက ပြောဆိုခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီး ရွှေဂူက ပြောထားခဲ့တဲ့ အရန်တပ် အင်အား ၂၅ သန်း ရှိထားကြောင်း ပြောဆိုချက်ကို ကိုးကားခဲ့ပါတယ်။
အခုလို အလားအလာရှိတဲ့ အနေအထားဟာ ရုရှားဘက်က ကျဆုံးမှုကို ရေတွက် အတည်ပြုနေတဲ့ ဘီဘီစီ ဝန်ထမ်းတွေကို လာရောက် စုံစမ်းမှုတွေနဲ့ အလုပ်များနေဦးမှာကို ပြဆိုနေပါတယ်။