နျူကလီးယားလက်နက်တွေကို ဘယ်လာရုစ်နိုင်ငံထဲ ပို့ထားပြီးပြီလို့ ရုရှားပြော

ရုရှားနိုင်ငံဟာ တာတိုပစ်နျူကလီးယားလက်နက် ပထမဆုံးအသုတ်ကို ဘယ်လာရုစ်နိုင်ငံထဲကို ပို့ထားလိုက်ပြီဆိုပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလာပါတယ်။

ရုရှားနဲ့နယ်မြေပိုင်နက် ဒါမှမဟုတ် နိုင်ငံတော်ကို ခြိမ်းခြောက်မှုလုပ်လာမှသာ အဲဒီလက်နက်တွေကို သုံးသွားမှာလို့ ရုရှားသမ္မတက စီးပွားရေးဖိုရမ်တစ်ခုမှာ ပြောလိုက်တာပါ။

ရုရှားအစိုးရအနေနဲ့ ယူကရိန်းကို တိုက်ခိုက်ဖို့ အဲဒီနျူကလီးယားလက်နက်တွေကို သုံးမယ့်အရိပ်အယောင်တော့ မတွေ့ရသေးဘူးလို့ အမေရိကန်အစိုးရက ပြောပါတယ်။

''ရုရှားဘက်က နျူကလီးယားလက်နက်သုံး တိုက်ခိုက်တာမျိုးလုပ်မယ့် ပြင်ဆင်မှုတွေကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး'' လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မစ္စတာပူတင်ရဲ့ပြောစကားအပြီးမှာ ပြောထားပါတယ်။

ဘယ်လာရုဇ်ဟာ ရုရှားက ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် စတင်တဲ့အခါ ရုရှားရဲ့အဓိက မဟာမိတ်နိုင်ငံအဖြစ်ပါဝင်ထားသူဖြစ်ပါတယ်။

တာတိုပစ် နျူကလီးယားထိပ်ဖူးတပ် လက်နက်တွေကို ပို့ဆောင်တဲ့လုပ်ငန်းစဥ်ဟာ အခုနွေမှာပဲ ပြီးဆုံးမယ်လို့ မစ္စတာ ပူတင်က ပြောထားပါတယ်။

စိန့်ပီတာဇဘတ်မြို့က နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောအပြီး မေးခွန်းတွေကို ဖြေကြားချိန်မှာတော့ မစ္စတာ ပူတင်က အခုလိုလက်နက်တွေ ရွှေ့ပြောင်းထားတာဟာ ''အခြေအနေထိန်းသိမ်းဖို့'' ဖြစ်ပြီး ''ကျွန်တော်တို့ကို ဗျူဟာကျကျနဲ့ အနိုင်တိုက်နိုင်မယ်လို့ ယူဆနေသူတွေကို'' သတိချပ်လာစေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလက်နက်တွေကို အသုံးပြုလာနိုင်မလားလို့ ဖိုရိမ်မှာ မေးမြန်းတဲ့အခါမှာတော့ ''တစ်ကမ္ဘာလုံးကို ကျွန်တော်တို့ ဘာလို့ ခြိမ်းခြောက်ရမှာလဲ။ ကျွန်တော်ပြောထားပြီးပြီပဲ။ ရုရှားနိုင်ငံကို အန္တရာယ်ဖြစ်လာတဲ့အခြေအနေရှိတဲ့အခါ ပြင်းထန်တဲ့တုံ့ပြန်ချက်တွေကို သုံးတာမျိုးကတော့ ဖြစ်လာနိုင်ပါတယ်'' လို့ မစ္စတာ ပူတင်က ပြန်ဖြေပါတယ်။

တာတိုပစ်နျူကလီးယားလက်နက်တွေဟာ စစ်မြေပြင်မှာ ဒါမှမဟုတ် ပစ်မှတ်ကို တိတိကျကျပစ်ခတ်ရာမှာ အသုံးပြုတဲ့ နျူကလီးယားထိပ်ဖူးတပ် လက်နက်အသေးစားနဲ့ ပစ်လွှတ်တဲ့စနစ်ဖြစ်ပါတယ်။ အဲဒီနက်လက်တွေဟာ ရေဒီယိုဓာတ်သတ္တိကြွမှု ဘေးဘက်ကို ပျံ့ထွက်သွားတာမျိုးမရှိဘဲ နေရာအတိအကျက ရန်သူ့ ပစ်မှတ်ကို ဖျက်ဆီးဖို့ ပုံစံထုတ်ထားတဲ့လက်နက်တွေ ဖြစ်ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးရှေ့ဆောင်အစီအစဥ် တစ်စိတ်တစ်ဒေသအဖြစ် နှစ်နိုင်ငံစလုံးကို တင်ပြဖို့ အာဖရိကနိုင်ငံ့ ခေါင်းဆောင်တွေဟာ သောကြာနေ့တုန်းက ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ကို ရောက်နေပြီး သူတို့နဲ့ သမ္မတ ပူတင်တို့ စိန့်ပီတာဇဘတ်မြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

ဒါပေမဲ့ အဲဒီအာဖရိကခေါင်းဆောင်တွေ ကိယက်ဗ်မြို့ထဲရောက်နေချိန်မှာပဲ ရုရှားက မြို့ထဲကို ဒုံးကျည်တိုက်ခိုက်မှု လုပ်ထားပါတယ်။

အာဖရိကသမ္မတ စီရေး ရာမာဖိုဆာကတော့ နှစ်ဖက်စလုံး တင်းမာမှုကို လျှော့ချပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရုရှားရဲ့ကျူးကျော်မှုကို ရှုတ်ချတယ်ဆိုတဲ့သတင်းစကားပါးတဲ့အနေနဲ့ ရုရှားအပေါ် သံခင်းတမန်ခင်းအရ ချဥ်းကပ်မှုတွေမလုပ်တော့ဘဲ ရပ်နားထားလိုက် သင့်ပြီလို့ ပြောဆိုပါတယ်။

ယူကရိန်းနယ်မြေကို ရုရှားကသိမ်းပိုက်ထားဆဲအခြေအနေမှာ ယူကရိန်းအစိုးရက ရုရှားနဲ့ ညှိနှိုင်းတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။