ခြံနံပါတ် ၅၄ - အကျော်ကြားဆုံးအမွေဆိုင်အိမ် လေလံဆွဲမယ့်သူမရှိ

မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးလေလံပွဲဟာ မောင်းတီးသံ ခပ်တိုးတိုးနဲ့အတူ မိနစ်ပိုင်းအတွင်းမှာပဲ အဆုံးသတ်သွားပါတယ်။

‘’ဝယ်ယူမယ့်သူမရှိလို့ လေလံရောင်းချခြင်းမအောင်မြင်ကြောင်း ကြေညာပါတယ်ရှင့်’’ လို့ လေလံစီမံခန့်ခွဲတဲ့ (bailiff) ဘိလစ်တရားရုံးအရာရှိ အမျိုးသမီးက ခြံနံပါတ် ၅၄ ရှေ့ကနေ ကြေညာပါတယ်။

ယူနီဖောင်းနဲ့ ရော အရပ်ဝတ်နဲ့ပါ လုံခြုံရေးချပြီး လုပ်တဲ့လေလံပွဲမှာ တရားရုံးဘက်ကလာတဲ့သူတွေဟာ လေလံပွဲပြီးတာနဲ့ ခြံနံပါတ် ၅၄ ကနေ ခပ်သုတ်သုတ် ထွက်သွားကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်ထားတဲ့ ခြံတံခါးတွေက ဟောင်းနွမ်းနေပြီး အိမ်ရှင်တွေ မနေထိုင်တဲ့ လက္ခဏာကို ပြနေပါတယ်။

အမွေဆိုင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော်မှာ အကျဉ်းချခံထားရသလို အိမ်ကို ရောင်းပြီး ပိုက်ဆံတစ်ဝက်အမွေခွဲယူချင်တဲ့ ဦးအောင်ဆန်းဦး လည်း ပြည်ပမှာပါ။

ခြံထဲမှာတော့ ရှင်းရှင်းလင်းလင်းရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလည်း ကျန်းကျန်းမာမာ ရှိနေတယ်လို့ မတ်လ ၂၀ ရက်မနက်ပိုင်း ခြံနံပါတ် ၅၄ ကို ရောက်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ သြဇာကြီးထင်ရှားတဲ့ မိသားစုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမိသားစုရဲ့ သားသမီးနှစ်ဦးပိုင်တဲ့ အမွေဆိုင်အိမ်ကို မတ်လ ၂၀ ရက်မှာ ပထမဆုံးအကြိမ်လေလံပစ်တာ ဝယ်မယ့်သူ မရှိခဲ့ပါဘူး။

ငွေကျပ် ၃၁၅ ဘီလျံ (ဗဟိုဘဏ် ဒေါ်လာလဲနှုန်း သတ်မှတ်ချက်နဲ့ဆို အမေရိကန်ဒေါ် သန်း ၁၅၀ နီးပါး ) တန် နှစ်ဧကနီးပါးကျယ်တဲ့ ခြံကိုဝယ်ဖို့ မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင်သူတွေ ရှိပေမယ့် နိုင်ငံရေးအရှုပ်အရှင်းကိုကြောက်လို့ ဝယ်မယ့်သူမရှိတာလို့ စီးပွားရေးနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

လေလံဆွဲမယ့်သူမရှိခဲ့တဲ့အတွက် လေလံကြမ်းခင်းစျေးကို ပြင်ဆင်ရတာမျိုးဖြစ်နိုင်ပါတယ်။

လေလံစီမံခန့်ခွဲသူက မတ်လ ၂၀ ရက် လေလံပွဲ အခြေအနေကို နောက်ရက်မှာ အစီရင်ခံစာရေးပြီး တရားရုံးကိုပြန်ပြီးတင်ပြရမှာပါ။

လက်ရှိ သတ်မှတ်ထားတဲ့ကြမ်းခင်းစျေးနဲ့ လေလံဆွဲမယ့်သူမရှိတာကြောင့် နောက်တစ်လမှာ ကြမ်းခင်းစျေးကို ပြင်ဆင်ဖို့ နှစ်ဖက်ရှေ့နေတွေက ပြန်လျှောက်ထားရမှာဖြစ်ပြီး တရားသူကြီးက ဆုံးဖြတ်ပေးရမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေရော ဦးအောင်ဆန်းဦး ရဲ့ ရှေ့နေတွေပါ ခြံနံပါတ် ၅၄ လေလံပွဲ ကိုရောက်လာကြပါတယ်။

‘’စျေးချတဲ့အခါမှာ တန်ဖိုးကို တဖြည်းဖြည်းပဲ ချရတယ်။ တချို့အမွေဆိုင်တွေဆိုရင် လေလံစျေးမအောင်လို့ ၁၀ စုနှစ်ချီကြာတတ်ပြီး ဝယ်သူပေါ်မှ လေလံအထမြောက်ကြတာရှိတယ်’’ လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ရှင်းပြပါတယ်။

ဒါပေမဲ့ ခြံနံပါတ်(၅၄)ကတော့ တန်ဖိုးတင်မကဘဲ နိုင်ငံရေးပြဿနာတွေပါ ရှိနိုင်တာပါ။

စစ်ကောင်စီလက်ထက်မှာ ခြံနံပါတ်(၅၄)ကို လေလံတင်ရောင်းချပြီး တစ်ယောက်တစ်ဝက်ခွဲဖို့ တရားရုံးကအမိန့်ချထားပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ခြံနံပါတ် ၅၄ ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUG က ထုတ်ပြန်ထားပြီး မလိုက်နာရင်အရေးယူမယ်လို့ဆိုပါတယ်။

သမိုင်းဝင် ခြံနံပါတ်(၅၄) ကို ပြတိုက်အဖြစ်ထိန်းသိမ်းထားလိုသူတွေလည်း ရှိနေသလို လေလံပစ်တာကိုတောင် သဘောမကျသူအမြောက်အများ ရှိကြပြီး ဘီဘီစီက လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ခြံနံပါတ်(၅၄)လေလံပွဲသတင်းအောက်က မှတ်ချက်တွေမှာလည်း တွေ့မြင်နိုင်ပါတယ်။

ဒါပေမဲ့ ဥပဒေကြောင်းအရတော့ တရားပြိုင်က အမွေခွဲဝေခွင့်ရသွားတဲ့အတွက် တရားရှုံး ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် သူ့ကို ချစ်ခင်လေးစားသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ "ဦးစွာဝယ်ပိုင်ခွင့်" ဆိုတဲ့ အခွင့်အရေးအရ ဒီခြံနဲ့ အိမ်ကို ပြန်ဝယ်ခွင့်ရှိပါတယ်။

ဒါ့အပြင် တစ်ယောက်ယောက်က လေလံအောင်သွားခဲ့တယ်ဆိုရင်တောင် အဲဒီ လေလံအောင်ထားတဲ့ ရက်ပေါင်း ၃၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးစွာဝယ်ယူပိုင်ခွင့်အခွင့်အရေးနဲ့အညီ တရားမကျင့်ထုံး အမိန့် ၂၁ နည်း ၈၉ အရ လေလံတင်ရောင်းချခြင်းကို ပယ်ဖျက်ပေးဖို့ လေလံစီမံခန့်ခွဲတဲ့ (bailiff) ဘိလစ်တရားရုံးအရာရှိကတဆင့် လျှောက်ထားနိုင်ပါသေးတယ်။

‘’ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့် တစ်ဝက်တန်ဖိုးကိုထုတ်နုတ်ပြီး ကျန်တဲ့ တစ်ဝက်ရဲ့ တန်ဖိုးကို ဦးအောင်ဆန်းဦးကို ပေးချေလိုက်ရင်လည်း ပြန်လည်ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးရှိပါတယ်’’ လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ရှင်းပြပါတယ်။

ဒီတကြိမ် လေလံပွဲမအောင်မြင်လို့ ဒီအဆင့်တွေလုပ်စရာမလိုသေးပေမယ့် လာမယ့် လေလံပွဲတွေမှာတော့ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။

လေလံပွဲမအောင်မြင်ခဲ့ပေမယ့် တက္ကသိုလ်ရိပ်သာလမ်းကတော့ ပုံစံတစ်မျိုးနဲ့ ခေတ္တအသက်ဝင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကိုအစွဲပြုပြီးအမည်ပေးထားတဲ့ ဒီလမ်းဟာ ခြံနံပါတ် (၅၄) နဲ့အတူ ကျော်ကြားပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမိုးလေဝသကို ခန့်မှန်းနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်ပြည်ပကနေ ပြန်ရောက်လာပြီး ခြံနံပါတ် (၅၄) မှာ နေထိုင်ချိန်ကစလို့ တက္ကသိုလ်ရိပ်သာလမ်း ဟာ နိုင်ငံရေးသမားတွေဝင်ထွက်သွားလာရာနေရာဖြစ်ပါတယ်။

ခြံနံပါတ်(၅၄)အတွင်းမှာရော တံခါးဝမှာပါ နိုင်ငံရေးတရားပွဲတွေရှိပြီး စည်ကားလှပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချခံထားရချိန်တွေမှာလည်း တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထားတဲ့အချိန်တွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကပြန်လည်လွတ်မြောက်အပြီးမှာတော့ တက္ကသိုလ်ရိပ်သာလမ်းဟာ ခြံနံပါတ် (၅၄) ကိုလာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သတင်းစာရှင်းလင်းပွဲတွေ နဲ့ ပြန်လည်စည်ကားလာပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်းဆန္ဒပြပွဲတွေက ခြံနံပါတ် (၅၄) ရှေ့အထိ ရောက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ တက္ကသိုလ်ရိပ်သာလမ်းဟာ ပြန်လည်ငြိမ်သက်သွားခဲ့ပါတယ်။

အခုတော့ လေလံပွဲကြောင့် သတင်းထောက်တချို့နဲ့ ရှေ့နေတချို့ တက္ကသိုလ်ရိပ်သာလမ်းကို ပြန်ရောက်လာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်တာမရှိနေတဲ့ ခြံနံပါတ် (၅၄) ဟာ အသက်ကင်းမဲ့နေသယောင်ဖြစ်နေပါတယ်။