ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဘယ်လိုရှိ နေလဲ
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုရက်ပိုင်းမှာ ပြင်းထန်တဲ့သွားကိုက်ဝေဒနာ ခံစားနေရပြီး ကျန်းမာရေးအနည်းငယ် ချို့ယွင်းတာမျိုး ရှိတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
သွားကိုက်သက်သာစေဖို့အတွက် Antibiotics - ပိုးသတ်ဆေးတချို့ သောက်နေရတာကြောင့်လည်း ပျို့အန်တာမျိုးဖြစ်တာကို သိရတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ထောင်အသုံးအနှုန်းအရ ဆေးမှူးချုပ်လို့ ခေါ်တဲ့ ထောင်ဆရာဝန်က စစ်ဆေးကုသပေးနေတယ်လို့ လည်း ဆိုပါတယ်။
''သွားကိုက်တာပျောက်ဖို့ သောက်တဲ့ ပိုးသတ်ဆေးကြောင့် အန်တာမျိုးဖြစ်တယ်လို့ ပြောတယ်။ နောက် သွားကိုက်တာကတော့ တော်တော်ဆိုးတယ်လို့သိရတယ်။ သူက နဂိုကတည်းက သွားအခြေနာတာ၊ ကိုက်တာဖြစ်လေ့ရှိတယ်။ အခုတော့ ပိုဆိုးတယ်လို့ကြားရတယ်'' လို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး အရပ်ဘက်နဲ့ စစ်ဘက်ကဆရာဝန်တွေက ပုံမှန်ဆေးကုသမှုတွေနဲ့ စစ်ဆေးပေးမှုတွေ ရှိပါတယ်လို့ စက်တင်ဘာ ၅ ရက် မှာ ဖြေကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ရှိခဲ့သလို ကာလရှည်ရင်းနှီးတဲ့ သူတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်အားဖြင့်ကျန်းမာရေးကောင်းမွန်သူဖြစ်ပေမဲ့ သွားကိုက်တာနဲ့ သွေးပေါင်ကျတာကတော့ နာတာရှည်ရောဂါလိုဖြစ်နေတာမျိုးလို့ ဘီဘီစီကိုပြောပြပါတယ်။
စက်တင်ဘာ ၄ ရက် တနင်္လာနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အစားအသောက်ရိက္ခာပို့ပေးရတဲ့နေ့ဖြစ်တဲ့အတွက် သွားကိုက်နေချိန် စားဖို့သင့်တော်တဲ့ အစာပျော့တွေ၊ အပြုတ်လို ဟင်းတွေနဲ့ စွပ်ပြုတ်လို သောက်နိုင်တာမျိုးတွေကိုပေးပို့ခဲ့တာလို့ ရိက္ခာပို့သူတွေနဲ့ နီးစပ်သူတစ်ဦးကသူသိရတာကိုပြန်ပြောပြပါတယ်။
သွားကိုက်သက်သာဖို့အတွက်လည်း ပိုပြီးသက်သာစေမယ့် ဆေးနဲ့ လိမ်းဆေးလိုမျိုးတွေကို ဆေးရိက္ခာ ပို့ပေးတဲ့အထဲ ထည့်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
''သွားကိုက်ရင်ထည့်တဲ့ ဂျယ်လီလိုဆေးရှိပါတယ်။ အဲဒါလေး ရိက္ခာထဲထည့်ပေးတယ်လို့ သိရတယ်။ သူသောက်နေကျ သွားကိုက်ပျောက်ဆေးလည်း ထည့်ပေးပါတယ်။ လူကြီးလည်းဖြစ်တော့ ဆေးမပြင်းတာမျိုး ထည့်ပေးတယ်လို့ သိရပါတယ်'' လို့ ဆေးနဲ့ရိက္ခာပို့ပေးသူတွေဆီက သိရတာကို နီးစပ်သူက ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ထဲက ထုတ်လို့ နေပြည်တော်က နေအိမ်တစ်ခုကို ရွှေ့ပြောင်းပေးထားတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့လက ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပေမဲ့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိက္ခာကို သူ့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က နေပြည်တော် အချုပ်ထောင်ကို ပို့ဆောင်နေရတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားရှိတယ်ဆိုတာကိုအတည်မပြုဘဲ မူလနေရာမှာ ထားရှိတယ်လို့သာပြောဆိုထားပါတယ်။
တချိန်တည်းမှာပဲ မနက်ဖြန် စက်တင်ဘာ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမှုတွေထဲက အဂတိအမှု ၆ မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ပြထားတဲ့ အထူးအယူခံနဲ့ ပတ်သက်ပြီး အယူခံခွင့် သင့် မသင့် ကြားနာစစ်ဆေးဖို့ရှိနေပါတယ်။
ကြားနာဖို့ရှိတဲ့ အဲဒီ အဂတိ ၅ မှုက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ဆီကအလှူငွေတွေ လက်ခံတယ်ဆိုတဲ့စွပ်စွဲချက်၊ နေပြည်တော် လရောင်တောမြေနေရာကို ဖောင်ဒေးရှင်းအတွက်အသုံးပြုမှုမှာ အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမှုတွေဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်အထိဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ရက်ပေါင်း ၉၅၀ နီးပါးရှိလာပြီး နှစ်အားဖြင့် ၂ နှစ် နဲ့ ၇ လရှိပြီဖြစ်ပါတယ်။
ဒီကနေ့ အထိ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။ အစောပိုင်းကာလ တစ်နှစ်ကျော်လောက် အမှုတွေအတွက် ရုံးထွက်ပြီး ရင်ဆိုင်နေရချိန်တွေမှာတုန်းက တရားရုံးအသိုင်းအဝိုင်းရဲ့ သတင်းစကားအချက်အလက်ရရှိတာမျိုးကနေပဲ လူထုကသိခွင့်ရခဲ့တာဖြစ်ပါတယ်။
တရားရုံးအသိုင်းအဝိုင်းကနေ သိရတဲ့ အချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ရရှိရေး စာတင်တောင်းဆိုထားတာ ၅ ကြိမ် ရှိပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်က ခွင့်မပြုဘူးလို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ ပြင်ပအထိရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ သတင်းတွေကြောင့် လူချင်းတွေ့ခွင့်ရဖို့ စာထပ်တင်တောင်းဆိုဖို့ရှိနေတယ်လို့ တရားရုံးသတင်းရင်းမြစ်က သူသိထားရတဲ့အချက်အလက်ကို ကိုးကားပြောပါတယ်။
အကျဥ်းထောင်ဥပဒေပါပြဌာန်းချက်အရအကျဥ်းသား၊ အချုပ်သားတစ်ဦးရဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့် ၃မျိုးရှိပြီး မိသားစုဝင်တွေ့ဆုံခွင့်၊ ရှေ့နေတွေ့ဆုံခွင့် နဲ့ ထောင်တွင်းရှိမိသားစုဝင်အချင်းချင်းတွေ့ဆုံခွင့်တို့ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့နေ့တွေ့ဆုံခွင့်နဲ့ အကျုံးဝင်ပြီး တောင်းဆိုခွင့်လည်းရှိနေပါတယ်။
“ ရှေ့နေ့တွေ့ဆုံခွင့်အရ ပြစ်ဒဏ်ချမှတ်ပြီးသည်ဖြစ်စေ၊ မချမှတ်ရသေးခင်ဖြစ်စေ အယူခံတင်တာနဲ့ အမှုကိစ္စတွေအတွက် ရှေ့နေ့နဲ့အမှုသည်တွေ့ဆုံခွင့်ရှိပါတယ်။ တွေ့ဆုံတဲ့အခါမှာလည်း ရှေ့နေ့ နဲ့ အမှုသည်ဆွေးနွေးနေမှုကို အကျဥ်းထောင်ဝန်ထမ်းတွေက မကြားနိုင်တဲ့နေရာကနေသာ စောင့်ကြည့်ရမယ်ဆိုတာမျိုးပြဌာန်းထားပါတယ် ” လို့ ဥပဒေကျွမ်းကျင်သူဦးခင်မောင်မြင့်က ရှင်းပြပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး အကျဥ်းသား၊အချုပ်သား ဧည့်တွေ့ခွင့်ပိတ်ထားတဲ့အတွက်တွေ့ဆုံခွင့်မရဖြစ်နေလို့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်တဲ့ လက်ရှိကာလမှာ ပြန်လည်တွေ့ခွင့်ပေးရေးနိုင်ငံရေးအကျဥ်းသားအရေးလှုပ်ရှားသူတွေကတောင်းဆိုထားတာပါ။
ထောင်အာဏာပိုင်တွေဘက်ကတော့ ကပ်ရောဂါကြောင့် အချုပ်သား/အကျဥ်းသားနဲ့မိသားစုတွေတွေ့ခွင့်မရချိန်မှာ စာရေးသားဆက်သွယ်ခွင့်ပေးထားတယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။