ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူထုခါးစည်းခံရမှုနဲ့ စီးပွားရေးကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာလူထု ခါးစည်းခံရတဲ့ဆုံးရှုံးမှုနဲ့ နိုင်ငံ့စီးပွားရေးအပေါ် စိုးရိမ်ကြောင်း ပြောဆိုပြီး လက်ရှိမြန်မာ့အရေးဆွေးနွေးပြောဆိုမှုကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလာပါတယ်။
ဇူလိုင်လ ၉ ရက်တုန်းက နေပြည်တော်ကို တိတ်တဆိတ်သွားရောက်ခဲ့တဲ့ သူ့ခရီးစဥ်အတွင်း ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့မှုရလဒ်ကို ဂျာကာတာမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုကိုတော့ မြန်မာစစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်ဖက်သဘောတူညီလက်ခံမှုနဲ့ ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
မြန်မာ့အရေးနဲ့အဖြေရှာနိုင်ဖို့ ဆွေးနွေးပြောဆိုမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတယ်လို့ ပြောပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အတိုက်အခံတော်လှန်ရေးအဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးပြောဆိုမှုကို ရည်ညွှန်းတာလားဆိုတာကိုတော့ ဝန်ကြီးပြောကြားချက် သတင်းထုတ်ပြန်မှုမှာ ရှင်းရှင်းလင်းလင်းမပြောခဲ့ပါဘူး။
နေပြည်တော် အချုပ်ထောင်ထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဒွန်တို့ ဘယ်မှာတွေ့ဆုံဆွေးနွေးခဲ့လဲဆိုတဲ့ ဘီဘီစီရဲ့မေးမြန်းချက်ကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တိတိကျကျဖြေကြားတာမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ အပြုသဘောဆောင်တဲ့တိုးတက်မှုဖြစ်တယ်လို့ သူ့အမြင်ကို နိုင်ငံခြားရေးဝန်ကြီးတွေကို ပြန်လည်ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါအပြင် မြန်မာ့အရေးအာဆီယံရဲ့ အရေးပါမှုကို ထောက်ပြကာ ဒါဟာ မြန်မာ့အရေးအဓိက ပါဝင်ပတ်သက်သူတွေကြား ယုံကြည်မှုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးအဖြေရှာနိုင်ဖို့ ခြေလှမ်းမှန်တစ်ခုဖြစ်လာခဲ့တယ်လို့လည်း ဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်းက နိုင်ငံရေးနဲ့လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျယ်ပြန့် ဆိုးရွားလာတာကို ထောက်ပြပြီး ဒီလိုဖြစ်ရပ်တွေရဲ့မူလဇစ်မြစ်ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား အတူတကွ လုပ်ဆောင်ဖို့ကိုလည်း ဝန်ကြီး ဒွန်က အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
NUG ဘက်က ဘယ်လိုတုံ့ပြန်လဲ
ဒီတွေ့ဆုံမှု နဲ့ ဆွေးနွေးမှုဆိုတာဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်သက်သက်သာဖြစ်ပြီး အမှန်တကယ် ဟုတ်မဟုတ် သီးခြားအတည်ပြုလို့မရသေးဘူး လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။
‘’တကယ် တွေ့ခဲ့တယ် ဆိုရင်တောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားပြီး သူမကိုလည်း မမြင်ရ၊ သူမ အသံကိုလည်း မကြားရဘဲ ဘယ်သူနဲ့ တွေ့ပါတယ်။ ဘာတွေပြောလိုက်ပါတယ်ဆိုတဲ့ ကိစ္စကို ကြားလူတစ်ယောက်ကနေ ပြောတာဟာ အဲဒီလူက ဘယ်လောက် ယုံကြည်ထိုက်တဲ့ လူလဲ ဆိုတဲ့ ကိစ္စနဲ့ပါ တိုက်ရိုက်သက်ဆိုင်နေပါတယ်’’ ဦးနေဘုန်းလတ်က ပြောပါတယ်။
အာဆီယံသံတမန်ကိုတောင် ပေးမတွေ့ဘဲ အခုလို လူရွေးပြီး ထုတ်ချင်တဲ့ သတင်းစကားကို လိုသလို ထုတ်သုံးနေတာက မရိုးသားပါဘူး လို့ သူက ပြောပါတယ်။
‘’အခု ဒီသတင်းကို ပြည်သူတွေကလည်း မယုံပါဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ပါတယ်၊ သူမက ဒီလိုပြောခဲ့ပါတယ်ဆိုတာတွေကို လျှောက်ပြောနေမယ့်အစား မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ကိုတောင်းဆိုသင့်ပါတယ်’’ လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အာဆီယံ အဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ကူညီဆောင်ရွက်တဲ့ အခါမှာ ပြည်သူလူထုရဲ့ သဘောထားကို ထင်ဟပ်သင့်ပြီး မလိုလားအပ်ဘဲ အခြေအနေကို ပိုမို ရှုပ်ထွေးအောင် လုပ်တာမျိုး မလုပ်သင့်ဘူး လို့ သူကဆက်ပြောပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်သာအားမကောင်းခဲ့ရင် စစ်အုပ်စုအနေနဲ့ လူထုခေါင်းဆောင်ကို နိုင်ငံရေးကလုံးဝ ပျောက်ကွယ်အောင်လုပ်ဖို့ အထိ စဉ်းစားထားကြပြီး အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို ထုတ်သုံးဖို့ ကြိုးစားလာတာက နွေဦးတော်လှန်ရေးမှာ သူတို့ အခြေအနေမဟန်တော့ဘူးဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ ဝန်ခံနေတာလို့ ဦးနေဘုန်းလတ် က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကရင်နီစစ်ရှောင်စခန်း ဗုံးကြဲခံရလို့ ၃ ဦးသေဆုံး
ထိုင်း-မြန်မာနယ်စပ်၊ ကယား(ကရင်နီ)ပြည်နယ်ထဲက ဒေါနိူးကူးစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ညအချိန် ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်အရပ်သား ၃ ဦး သေဆုံးပြီး နောက်ထပ် ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီစစ်ရှောင်စခန်းကို ဒီနေ့မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ လာရောက် ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့တာလို့သိရပါတယ်။
‘‘ဒီစခန်းတဝိုက်ကို မနေ့က လေယာဥ် ၆ ကြိမ်လောက်လာဝဲသွားအပြီးမှာ ဒီနေ့ မနက်မှာ ဗုံးကြဲ သွားတာပါ။ ကလေးတွေစာသင်တဲ့ကျောင်း၊ ဘုရားကျောင်းတစ်ကျောင်းနဲ့ စစ်ရှောင်စခန်းတဲတွေလည်း ပျက်စီးသွားတယ်။ အခုတော့ စစ်ရှောင်တွေကို ဘေးကင်းလုံခြုံတဲ့နေရာကို ကျွန်တော်တို့ ရွှေ့ပြောင်းပေးထားပါတယ်’’လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အတွင်းရေးမှူးက ဘီဘီစီကိုပြောပါတယ်။
ဒါအပြင် မနေ့ညနက်ပိုင်းတုန်းကလည်း ဖားဆောင်းမြို့နယ်ထဲက ကျောက်စုကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ဘဲ ဒေါနိူးကူးစစ်ရှောင်စခန်းနဲ့ ကျောက်စုကျေးရွာကို ဗုံးကြဲခဲ့တာလို့ KNPP ဘက်က ပြောပါတယ်။
တဖက်မှာလည်း သံလွင်မြစ်အရှေ့ဘက်ကမ်းကို ကရင်နီတော်လှန်ရေးအင်အားစုတွေက သိမ်းထားနိုင်တာနဲ့ စစ်ကောင်စီရဲ့စခန်းတွေကိုလည်း ဇွန်လလယ်ပိုင်းကတည်းက သိမ်းထားနိုင်တာတွေကြောင့် စစ်တပ်ဘက်က အခုလို လေကြောင်းသုံးတိုက်ခိုက်တာတွေဖြစ်နိုင်တယ်လို့ KNPP ဘက်က သုံးသပ်ထားပါတယ်။
အတိုင်ပင်ခံနဲ့ သမ္မတတို့ရဲ့ ရဟတ်ယာဥ်အဂတိအမှုတွေကို တရားလွှတ်တော်ချုပ်မှာ အယူခံတက်ပြီ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အမှုတွဲအနေနဲ့ စွပ်စွဲခံရပြီး နောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အဂတိအမှု ၅ မှု အတွက် အယူခံကို နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒီကနေ့ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ချမှတ်ခဲ့တဲ့ဒီအမှု အမိန့်ကို ကာယကံရှင်တွေဘက်က လက်မခံနိုင်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံထပ်တက်တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ လျှောက်လဲခံရတဲ့တရားရေးဝန်ကြီးဌာနနဲ့ လျှောက်လဲသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ရဲ့ရှေ့နေတွေက နှစ်ဖက် လျှောက်လဲချက်ပေးခဲ့ကြတာဖြစ်ပါတယ်။
အခုလျှောက်လဲချက်ကိုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လာမယ့်လအတွင်း ဆုံးဖြတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။
NLD အစိုးရလက်ထက်က သဘာဝဘေးကူညီကယ်ဆယ်ရေးမှာသုံးဖို့ အီတလီထုတ် ရဟတ်ယာဥ်တစ်စီး ငှားရမ်းဝယ်ယူမှု၊ပြုပြင်ထိန်းသိမ်းမှုတွေမှာ စည်းမျဥ်းစည်းကမ်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေတွေ နစ်နာဆုံးရှုံးတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ သမ္မတနဲ့အတိုင်ပင်ခံတို့ တရားစွဲခံရပြီးနောက် ထောင်ဒဏ် ၇ နှစ် စီအသီးသီး ချမှတ်ခံထားရတာပါ။
လာမယ့် ဇူလိုင်လ ၁၈ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ် အမိန့်ချခံထားရတဲ့ သဘာဝဘေးစီမံ ၂ မှု၊ ဆက်သွယ်ရေးပုဒ်မ၊ ပို့ကုန်သွင်းကုန် နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ အမှုတွေအတွက် အထူးအယူခံတင်ထားတာကို ဆက်လက်ကြားနာဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းတို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ ဘီဘီစီကို အတည်ပြုပြောပါတယ်။
ဝန်ကြီးဒွန်ဟာ တနင်္ဂနွေနေ့က သူ့ရဲ့နေပြည်တော် ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီနီးပါးကြာ သီးသန့်တွေ့ဆုံခဲ့တာလို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ရော၊စိတ်ပါကျန်းမာတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေကို ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မစ္စတာ ဒွန်က တင်ပြဖို့ရှိသလို အသေးစိတ်ကိုတော့ မကြာခင်မှာထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။
စင်ကာပူ UOB ဘဏ်က MAI လေကြောင်းလိုင်းဘဏ်စာရင်းတွေကို ပိတ်တော့မယ်လို့ဆို
စင်ကာပူအခြေစိုက် United Overseas Bank (UOB) ဘဏ်က မြန်မာပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Myanmar Airways International(MAI) ရဲ့ ဘဏ်အကောင့် ၅ ခုကို လာမယ့် သြဂုတ် ၁၅ ရက် နောက်ဆုံးထားပြီး ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။
MAI ရဲ့ အမှုဆောင်အရာရှိချုပ် ဆာရာဗာနန် ရာမာဆာမီ က သူ့တို့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကို လက်မှတ်ရေးထိုးပေးပို့တဲ့ စာမှာ အဲဒီလိုဖော်ပြကြောင်း ပြောထားတာလို့ စင်ကာပူသတင်းဌာန စထရိတ်တိုင်းမ် သတင်းကဖော်ပြပါတယ်။
UOB က ဇွန်လ ၂၆ ရက်စွဲပါပေးပို့တဲ့စာမှာ ''ဘဏ်အနေနဲ့ အကူးအပြောင်းကာလ ချောမွေ့စေဖို့နဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အခက်အခဲအနည်းဆုံးဖြစ်ဖို့ ''လို့ သုံးနှုန်းပြီး ပိတ်သိမ်းမယ့်အကြောင်း ကြိုတင်အကြောင်းကြားတာဆိုပြီး ပါရှိတယ်လို့ ဆိုပါတယ်။
လာမယ့် ဇူလိုင် ၁ ရက်က စပြီး ငွေသား ဒါမှမဟုတ် ချက်လက်မှတ်ကို သုံးတဲ့ MAI ဘဏ်စာရင်းတွေကို ခွင့်ပြုတော့မှာမဟုတ်ကြောင်းနဲ့ လေကြောင်းလိုင်းဘက်က UOB ကိုအသုံးပြုငွေပေးချေမယ့် ပြင်ပငွေလွှဲဖို့အတွက်ကိုတော့ ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး အသုံးပြုခွင့်ရပ်ဆိုင်းမယ်လို့ သိရပါတယ်။
လက်နက်ထုတ်လုပ်တပ်ဆင်ဖို့ မြန်မာစစ်တပ်က အနည်းဆုံး ဒေါ်လာ ၁ ဘီလျံကျော်ကို တင်သွင်းနေတယ်ဆိုတဲ့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင် ထုတ်ပြန်ပြီးနောက် နှစ်လအကြာမှာ UOB ဘဏ်ရဲ့ အခုပိတ်သိမ်းမှုထွက်ပေါ်လာတာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး ရဲ့ စာမျက်နှာ ၅၆ မျက်နှာပါ အစီရင်ခံစာပါအချက်အရ UOB အပါအဝင် စင်ကာပူဘဏ် ၃ ခုဟာ မြန်မာနိုင်ငံရဲ့ “လက်နက်ရောင်းဝယ်မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်ဆိုပြီးဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြောလာ
အကျဥ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောဆို ခဲ့တယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အာဆီယံကို ပြောထားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၉ ရက်မှာ နေပြည်တော်ကို တိတ်တဆိတ်လာရောက်ခဲ့တဲ့သူ့ခရီးစဥ်မှာ အခုလိုတွေ့ဆုံခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို ပြောထားတာဆိုပြီး ဂျပန်သတင်းဌာန ကျိုဒိုက ရေးသားဖော်ပြလာတာပါ။
ဒါဟာ မြန်မာပြည်တွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပနိုင်ငံအစိုးရထိပ်တန်းအရာရှိကြီးတစ်ဦးက ပထမဆုံးတွေ့ဆုံခွင့်ရမှုလည်း ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေနဲ့တရားရင်ဆိုင်နေရသူဖြစ်လို့ လုပ်ထုံးလုပ်နည်းအရ တွေ့ဆုံခွင့်မပေးနိုင်ဘူးဆိုပြီး မြန်မာ့အရေးအတွက် ခန့်အပ်ထားတဲ့အာဆီယံအထူးကိုယ်စားလှယ်တွေကို တောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာစစ်ကောင်စီက ငြင်းဆိုခဲ့တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုဟာ ဂျာကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲမတိုင်ခင် ပေါ်ပေါက်လာလာဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် တိတ်တဆိတ်ခရီးစဥ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ခရီးစဥ်အတွင်း လူကြီးတချို့နဲ့တွေ့ဆုံခဲ့တယ်လို့ ပြောပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့၊ မတွေ့ကိုတော့ မပြောနိုင်ပါဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
တဖက်မှာလည်း ထိုင်းရဲ့ အခုလို မြန်မာ့အရေးကြိုးပမ်းချက်တွေဟာ လက်ရှိ အာဆီယံအလှည့်ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေးအားထုတ်မှုကို လွှမ်းမိုးနေလားဆိုတဲ့မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။