လွိုင်ကော်မြို့ကို ဦးတည်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ

ကယား(ကရင်နီ)ပြည်နယ်၊ မြို့တော် လွိုင်ကော်ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လွိုင်ကော်ရဲ့ တောင်ဘက် ဒီးမော့ဆို လမ်းကြောအပြင် မြောက်ဘက်က မိုးဗြဲ-ဖယ်ခုံလမ်းကြောက နယ်မြေတွေကိုပါ ပြန်ပြီးစိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်က စစ်ဆင်ရေးအရှိန်မြှင့်ပြီး ထိုးစစ်တွေ ဖော်ဆောင်နေပါတယ်။

လွိုင်ကော်မြို့ကို အပြည့်အဝပြန်ထိန်းချုပ်နိုင်ဖို့ မြို့ထဲမှာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ - လွိုင်ကော်) အပါအဝင် ကျန်တဲ့တပ်ရင်းတွေနဲ့ စစ်တပ်က အထိုင်ချတပ်စွဲထားသလို လွိုင်ကော်ကနေ ကျန်တဲ့ ထိစပ်နေတဲ့ လမ်းကြောတွေကို ပြန်ရဖို့ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာပါ။

ကရင်နီပူးပေါင်းတပ်တွေဟာ မြို့သိမ်းဖို့ရည်ရွယ်ပြီး မနှစ် နိုဝင်ဘာလ ၁၁ ရက်မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်၊ နောင်ယားအပါအဝင် ရပ်ကွက်တချို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စစ်တပ်က လွိုင်ကော်မြို့ပေါ် နေရာအများစုကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

အခု နိုဝင်ဘာ တတိယအပတ်မှာတော့ ကယား(ကရင်နီ) ပြည်နယ်နဲ့ ကပ်လျက်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲအပြင် မိုးဗြဲမြို့မြောက်ဘက်က ဖယ်ခုံမြို့ကိုပါ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းထက်မနည်းသုံးပြီး တပြိုင်တည်းစစ်ဆင်ရေးဖော်ဆောင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီတပ်တွေ မြို့တွေထဲဝင်ပြီး ပြန်ထိန်းချုပ်လို့မရအောင် လွိုင်ကော်-မိုးဗြဲ၊ မိုးဗြဲ-ဖယ်ခုံနဲ့ မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်းတွေမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ခုခံ တားဆီးနေပါတယ်။

မိုးဗြဲကိုရဖို့ စစ်ကောင်စီ လက်နက်ခဲယမ်းရိက္ခာတွေ ဖြည့်တင်း

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)က မိုးဗြဲမြို့က မိုင် ၁၂၀ ကျော်သာ ကွာဝေးပါတယ်။

မိုးဗြဲနယ်ထဲကို စစ်ကောင်စီစစ်ကြောင်းတွေထိုးဝင်လာတဲ့နောက်မှာတော့ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကယန်းအမျိုးသားတပ်မတော်(KNA)နဲ့အတူ မိုးဗြဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေလည်း ပူးပေါင်းတိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးတွေလည်းရှိသလို မြို့မြောက်ဘက်ခြမ်းက စစ်တပ်အထိုင်ချထားတဲ့ မြို့စောင့်တပ် ခမရ ၄၂၂ ထဲကနေ လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ သူက ဆိုပါတယ်။

အဲဒီတပ်ရင်းဟာ မိုးဗြဲရေကာတာအနီးမှာရှိပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းက ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့သလို နှစ်ဖက်အကျအဆုံးလည်း ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ပူးပေါင်းတပ်တွေက တပ်ဖွဲ့ဝင်တွေဟာ တပ်ထဲက လိုင်းခန်းတွေအထိ ဝင်ရောက် တိုက်ခိုက်နေတာကြောင့် ရဲမေ(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဇနီး)တွေပါ သေဆုံးနေတာကြောင့် စစ်ကူပေးဖို့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်တွေက ရေးတင်ခဲ့ကြတဲ့အထိ တိုက်ပွဲပြင်းခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတပ်ရင်းကို သိမ်းတဲ့အထိ မအောင်မြင်ခဲ့ပါဘူး။ အခုတော့ အဲဒီတပ်ရင်းကို စစ်တပ်က လက်နက်ခဲယမ်းတွေ ဖြည့်နေတယ်လို့ဆိုပါတယ်။

''စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ မြို့စောင့်တပ်ထဲကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေလည်း ပို့ပေးနေတယ်'' လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

မိုးဗြဲကနေ လွိုင်ကော်မြို့ပတ်ဝန်းကျင်ကို ဦးတည်ထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှာ အင်အား ၃၀၀ ဝန်းကျင်ပါပြီး ဖယ်ခုံ-မိုးဗြဲကနေ နန်းမယ်ခုံ-လွိုင်ကော် လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်မယ့်အခြေအနေလို့ နားလည်ရပါတယ်။

မိုးဗြဲမြို့ဟာ လွိုင်ကော်နဲ့ ၁၀ မိုင် ဝန်းကျင်သာ ကွာဝေးပြီး ကယား(ကရင်နီ)နဲ့ ရှမ်းပြည်နယ်အစပ်က မြို့ဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေးအဖွဲ့တွေဘက်ကလည်း မြို့ကိုရဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ထိုးစစ်ဆင်နေခဲ့တာပါ။

မိုးဗြဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်း ၃ ကြောင်း

မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်း ၃ ကြောင်းထဲ ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ ဘက်ကနေ တဆက်တည်းဆင်းလာတဲ့ စစ်ကြောင်းရှိသလို ပင်လောင်းမြို့နယ်ဘက် မိုးဦးရွာ-နန့်ဖာမူဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းလည်းရှိတယ်လို့ မိုးဗြဲကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

နောက်ထပ် စစ်ကြောင်းကတော့ “မြို့စောင့်တပ် ခမရ ၄၂၂ ကနေ ထွက်လာတဲ့ စစ်ကြောင်း” တွေနဲ့ အလုံးအရင်းထိုးစစ်ဆင်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

မိုးဗြဲမြို့မြောက်ဘက်ခြမ်း ၁၀ မိုင်ကျော်အကွာမှာ ဖယ်ခုံမြို့ရှိပါတယ်။ မိုးဗြဲကနေ ဖယ်ခုံမြို့အဝင်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) နဲ့ နောက်ထပ် တပ်ရင်း ၂ ခုလည်းရှိနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဖယ်ခုံမြို့နယ်ထဲကိုဝင်ပြီး မကြာခဏတိုက်ခိုက်တာတွေရှိပေမယ့် မြို့ကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နိုဝင်ဘာလအတွင်း စစ်တပ်ထိန်းချုပ်ထားတဲ့ ဖယ်ခုံမြို့နဲ့ ဖယ်ခုံမြို့မြောက်ဘက်က ပင်လောင်းမြို့နဲ့ကြားမှာလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းထားတဲ့ စစ်ကြောင်းက စစ်ကားအစီး ၂၀ ဝန်းကျင်ဟာလည်း နိုဝင်ဘာ ဒုတိယအပတ်ကတည်းက ဖယ်ခုံမြို့ထဲရောက်ရှိနေပြီး တပ်စွဲထားခဲ့တာလို့ မြေပြင်မှာရှိတဲ့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဖယ်ခုံ-မိုးဗြဲ မြို့ပတ်ပတ်လည်ကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို စစ်ကောင်စီတပ် အထိုင်တပ်ရင်းတွေဘက်ကနေ လက်နက်ကြီးနဲ့ ခပ်စိပ်စိပ်ပစ်ခတ်တာတွေတောက်လျှောက်လုပ်နေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံး

မိုးဗြဲကို စစ်ကောင်စီက စစ်ကြောင်းထိုးနေချိန်မှာပဲ မိုးဗြဲ-ဖယ်ခုံ ထဲက နေရာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

“မိုးဗြဲမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်။ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်။ လေယာဥ်ကလည်း ဗုံးကြဲနေတယ်” လို့ စစ်ရှောင်တချို့က ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲအခြေစိုက်ကာကွယ်ရေးတပ်ဘက်က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။

တိုက်လေယာဉ် ၂ စင်းနဲ့ ၃ ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး ပြင်းအား ပေါင် ၅၀၀ နဲ့ တစ်ကြိမ်၊ ပြင်းအား ပေါင် ၂၀၀ နဲ့ နှစ်ကြိမ် စုစုပေါင်း ဗုံးသီး ၅ လုံး ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် စစ်ရှောင်စခန်းထဲက စစ်ရှောင်တချို့ သေဆုံး ထိခိုက်ဒဏ်ရာရသူတွေရှိသလို စစ်ရှောင်စခန်းအနီးက ဘုရားကျောင်းနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အသက်မပြည့်တဲ့ ကလေးငယ်တွေအပါအဝင် စစ်ရှောင် ၉ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကတော့ အခုလ ပထမနှစ်ပတ်အတွင်းမှာ ဖယ်ခုံမြို့ထဲကို စစ်တပ်က လေကြောင်းအပါအဝင် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

KNDF ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဖယ်ခုံမြို့ကို စစ်ကြောင်းထိုးတဲ့ နိုဝင်ဘာ ဒုတိယအပတ်ထဲမှာပဲ ပူချယ်ကျေးရွာက ကောက်ရိတ်ပြန်လာတဲ့ အရပ်သား ရာနဲ့ချီလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

စစ်တပ်က ဖမ်းဆီးထားတဲ့ သူတွေကို ပင်လောင်းမြို့ အားကစားရုံထဲမှာ ဖမ်းဆီးထားတယ်လို့ ကနဦးသိရှိရပေမယ့် အခြေအနေအသေးစိတ်ကိုတော့ ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

မြို့တော်လွိုင်ကော်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလထဲမှာပဲ အရပ်သား ၄ ဦးသေဆုံးသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောထားပါတယ်။

“၁၁၁၁ စစ်ဆင်ရေး” တစ်နှစ်ကျော်အခြေအနေ

ကယား(ကရင်နီ)ပြည်နယ်မှာ ကရင်နီတော်လှန်ရေးအင်အားစုတွေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်က လွိုင်ကော်မြို့အပါအဝင် ကရင်နီဒေသ တခုလုံးကို ထိုးစစ်တပြိုင်တည်း ဆင်နွှဲခဲ့ပါတယ်။

၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ကျော်တဲ့အချိန်မှာတော့ စစ်တပ်က လွိုင်ကော်မြို့ကို ပြန်ထိန်းချုပ်ထားနိုင်တဲ့အခြေအနေပါ။

စစ်ကောင်စီက လွိုင်ကော်မြို့ပေါ်ကို ထိန်းချုပ်ထားပေမဲ့ ရပ်ကွက်တချို့နဲ့ ကျေးရွာတွေကို ကရင်နီတော်လှန်ရေးအင်အားစုတွေက တပ်စွဲထိန်းချုပ်ထားဆဲဖြစ်တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

''လွိုင်ကော်ကတော့ မြို့ထဲမှာ နေရာအများစုကို စစ်တပ်က ထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်။ နေတဲ့သူလည်းနေ နေကြတာပေါ့။ ကာကွယ်ရေးတပ်တွေကတော့ မြို့ ပတ်ပတ်လည်မှာ လှုပ်ရှားနေဆဲလို့ပြောလို့ရပါတယ်'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လွိုင်ကော်ကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဟာ မြို့တောင်ဘက်က ဒီးမော့ဆိုနဲ့ ဘော်လခဲမြို့တွေကို ဆက်သွယ်ထားတဲ့လမ်းပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့လမ်းပိုင်းတွေကိုပါ လုံခြုံရေး ချဲ့ထွင်တိုးချဲ့နေရာယူနေတာကလည်း လွိုင်ကော်ကို ဦးတည်ပြီး စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေရတဲ့အကြောင်းရင်းဖြစ်နိုင်တယ်လို့ ကယား(ကရင်နီ)စစ်ရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်ကို အခြေပြုပြီး နယ်မြေတွေ ချဲ့ထွင်ထိန်းချုပ်ဖို့ စစ်ကြောင်းတွေနဲ့ စစ်ရေးဖော်ဆောင်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီက ကရင်နီမှာ အခြေစိုက်လှုပ်ရှားတဲ့ KNDF နဲ့ KNA က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါဘူး။

လွိုင်ကော်မြို့ထဲမှာလည်း စစ်ကောင်စီတပ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အပြင် လွိုင်ကော်နဲ့ ထိစပ်နေတဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၆၁၊ ခလရ ၅၄၊ ခလရ ၂၅၀၊ အမြောက်တပ်ရင်း (အမတ ၃၆၂) တို့နဲ့ လွိုင်ကော်မြို့မှာ အထိုင်ချ စစ်ပြင်ထားတယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောထားပါတယ်။