ဆရာကျောင်း (သို့မဟုတ်) လွိုင်ကော်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ဝါရင့်တော်လှန်ရေးသမား

ဓာတ်ပုံ ရင်းမြစ်, မုဆိုး - The Hunter
တက္ကသိုလ်ကျောင်းသားဘဝကစလို့ ၁၉၈၈ အရေးတော်ပုံကာလမှာပါဝင်ခဲ့တဲ့ သက်တော်ရှည် တော်လှန်ရေးသမားတစ်ဦး ၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် အံတုရင်း လွိုင်ကော်မြို့ရဲ့ စစ်မြေပြင်တစ်နေရာမှာ တော်လှန်ရေးကနေ အပြီးတိုင် အနားယူသွားခဲ့ပါပြီ။
၁၁၁၁ စစ်ဆင်ရေးအဖြစ် ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲရက်စွဲတွေထဲ ဒီဇင်ဘာ ၁၆ ရက်ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု အဆမတန်အသုံးပြုတဲ့ ရက်တစ်ရက်ဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဆရာကျောင်းလို့ သိကြတဲ့ ဦးသိန်းအောင် အသက်ပေးခဲ့ရပါတယ်။
ရှေးလူကြီး နဲ့ ခေတ်လူငယ်တွေကြား ကွာဟချက်ကို ညှိနှိုင်းစေ့စပ်ပေးနိုင်တဲ့ ဆရာကျောင်း ရဲ့ ကျဆုံးမှုဟာ ကရင်နီတော်လှန်ရေးအင်အားစုတွေအတွက် ထိခိုက်ကြေကွဲဖွယ်ဖြစ်ရပ်လို့ ဘီဘီစီမေးမြန်းကြည့်သူတွေက တပြေးညီဖြေကြပါတယ်။
လူငယ်တွေနဲ့အတူ မြေပြင်တိုက်ပွဲမှာရှိနေတဲ့ ဆရာကျောင်း

ဓာတ်ပုံ ရင်းမြစ်, မုဆိုး - The Hunter
လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တစ်လကျော်ကာလထဲ စစ်ကောင်စီရဲ့ ပြည်နယ်ရဲရုံး၊ အင်အားရာချီတပ်စွဲခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်အပါအဝင် အခိုင်အမာစခန်း ၁၀ ခုကျော်ကို တော်လှန်ရေးအင်အားစုတွေက ရယူထားနိုင်ပါပြီ။
တော်လှန်ရေးအင်အားစုတွေရယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီအခြေချရာစခန်း ဒါဇင်ဝက်ခန့် ကျန်ရှိနေသေးသလို အဲဒီထဲ လွိုင်ကော်အကျဉ်းထောင်လည်းအပါအဝင်ပါ။
စစ်ဆင်ရေးစတင်ကတည်းက လွိုင်ကော်အကျဉ်းထောင်ကိုရနိုင်ဖို့ ကရင်နီတော်လှန်ရေအင်အားစုတွေက ကြိုးစားနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ကတော့ အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုလို့ စစ်ရေးအခြေအနေ သိရှိသူတွေက ဘီဘီစီကို ပြောပြပါတယ်။
ဒီလို ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာ အသက် ၆၆ နှစ်အရွယ် ဆရာကျောင်း ရောက်နေခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ဗျူဟာအမှတ် - ၂ ကို ဦးဆောင်ခဲ့ပါတယ်။
“အဲဒီနေ့တုန်းက စစ်ကောင်စီဘက်က လေကြောင်းလည်းမနားတမ်းလာပစ်၊ လက်နက်ကြီးလည်းသုံးတာ ဆက်တိုက်ပဲ” လို့ လွိုင်ကော်အကျဉ်းထောင်တိုက်ပွဲအကြောင်းသိရှိသူတစ်ဦးက ဆိုပါတယ်။
ဒါကြောင့် လွိုင်ကော်အကျဉ်းထောင်တိုက်ပွဲအကြောင်းအပါအဝင် KNDF ဗဟိုကော်မတီဝင်တစ်ဦး စစ်မြေပြင်မှာ ဆုံးရှုံးခဲ့တာနဲ့ပတ်သက်လို့ ဥက္ကဋ္ဌ ခွန်းဘီထူးကို ဘီဘီစီကဆက်သွယ်မေးမြန်းရာမှာတော့ “ထိပ်ပိုင်းခေါင်းဆောင်ကျတာကို အထူးမဖော်ပြလိုပါဘူး” လို့သာ ခပ်တိုတိုတုံ့ပြန်ဖြေခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ ဆရာကျောင်းအပါအဝင် တော်လှန်ရေးရဲဘော်တွေ အကျအဆုံးရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABSDF
စာသင်ခန်းမှ တော်လှန်ရေးဆီသို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖားဆောင်းမြို့နယ်က ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဆရာကျောင်းဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံ ကာလမှာ ဆန္ဒပြပွဲနဲ့ သပိတ်တွေမှာပါဝင်ခဲ့လို့ ရာထူးက ရပ်နားခံခဲ့ရပါတယ်။
သိုသိုဝှက်ဝှက်နေတတ်တဲ့ ဆရာကျောင်းဟာ အဲဒီကာလတုန်းက ကယား(ကရင်နီ)ပြည်နယ်ကနေ တောခိုလက်နက်ကိုင်တော်လှန်ရေးပါဝင်ခဲ့ကြသူတွေအတွက် အစစအရာရာကူညီပေးခဲ့တဲ့ ၈၈ မျိုးဆက်အင်အားစုဝင်တစ်ဦးလို့ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင် ရဲဘော်ဆန်နီက ပြောပါတယ်။
“၁၉၈၀ အစောပိုင်းကာလတွေကတည်းက လွိုင်ကော်မှာအတူနေခဲ့ကြတာ၊ ကျွန်တော်တို့ အစ်ကိုကြီးပဲ” လို့ နှစ်ပေါင်း ၄၀ ကျော်ခင်မင်ရင်းနှီးခဲ့တဲ့သံယောဇဉ်တွေအကြောင်း ရဲဘော်ဆန်နီက ပြောပြပါတယ်။
၁၉၉၂ ခုနှစ်အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ABSDF တပ်ရင်း ၃၀၃ ဆီလာရောက် ဆွေးနွေးရာမှာလည်းပါဝင်ခဲ့သလို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ - KNPLF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ စေ့စပ်ညှိနှိုင်းရေးအတွက်လည်း ပါဝင်ခဲ့သူပါ။
ဒါအပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အတွက်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ လိုက်ပါဆောင်ရွက်ခဲ့တယ်လို့ ကရင်နီလက်နက်ကိုင်အင်အားစုတွေဆီက သိရပါတယ်။
“ညီညွတ်ရေးအတွက် အများကြီးလုပ်ပေးနိုင်တဲ့သူတစ်ဦးပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း အမြဲပါလေ့ရှိတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့မဟုတ်ဘဲ မြေပြင်မှာတကယ်အလုပ်လုပ်တဲ့သူမျိုး” လို့ ဆရာကျောင်းနဲ့ တွဲဖက်လုပ်ကိုင်ဖူးတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
ညှိနှိုင်းစေ့စပ်ရေးကောင်းမွန်သူတစ်ဦးကို ဆုံးရှုံးလိုက်ရတာလို့ ဆရာကျောင်း နဲ့ တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ ခေတ်အဆက်ဆက်တော်လှန်ရေးသမားတွေက မှတ်ချက်ပြုကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူအဖြစ်ကနေလက်နက်ကိုင်လမ်းစဉ်ကို ရွေးတော့ ဆရာကျောင်းအသက်က ၆၀ ဝန်းကျင် ရှိနေပါပြီ။
“နယ်စပ်ကို လိုက်ပြောင်းပါလို့ပြောပေမဲ့ သူကပြည်တွင်းမှာပဲဆက်လုပ်မယ်လို့ရွေးချယ်ခဲ့တာ” လို့ လူချင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့က အကြောင်း ရဲဘော်ဆန်နီက ပြန်ပြောင်းပြောပြပါတယ်။
ကဗျာတွေကြိုက်တဲ့ လက်နက်ကိုင်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့လူငယ်တွေကြားမှာလည်း ဆရာကျောင်းဟာ ကြင်နာတတ်သလို ခံယူချက်တစ်ခုကို မပြောင်းလဲတတ်တဲ့ လူကြီးတစ်ဦးအဖြစ် အမှတ်ရလေ့ရှိကြပါတယ်။
“ဒီအရွယ်အထိ လက်နက်ကိုင်တိုက်ပွဲတွေထဲမှာ လူငယ်တွေနဲ့ အတူနေထိုင်ရပ်တည်ခဲ့တာရယ်၊ ကဗျာနဲ့ တော်လှန်ရေးအပေါ်ယုံကြည်တန်ဖိုးထားတာတွေရယ်ကြောင့် ကျွန်တော်တို့က သူ့အပေါ်အလေးထားချစ်ခင်ပါတယ်” လို့ ကဗျာဆရာတစ်ဦးလည်းဖြစ်သလို ဗမာပြည်သူ့လွတ်မြောက်ရေးတပ် BPLA ဦးဆောင်သူ မောင်ဆောင်းခက ပြောပါတယ်။
လွိုင်ကော်မြို့သားဖြစ်တဲ့ ဆရာကျောင်း ဟာ အသက်နှစ်ဆယ်ကျော်ကနေ အသက် ၆၆ နှစ်အရွယ်အထိ နှစ်ပေါင်း ၄၀ ကျော်ကြာ နိုင်ငံရေးသမား၊ ငြိမ်းချမ်းရေးစေ့စပ်သူကနေ လက်နက်ကိုင်တော်လှန်ရေးသမား တစ်ဦးအဖြစ် ဖြတ်သန်းခဲ့သူလို့ ဆိုရမှာဖြစ်ပါတယ်။
“ယုံကြည်ရာတစ်ခုကို တသက်လုံး ဦးလည်မသုန်ဆောင်ရွက်ရင်း ဒီယုံကြည်ရာအတွက် အသက်ပေးခဲ့တဲ့ သူ့လုပ်ရပ်တွေကို ကျွန်တော်တို့ အမြဲအောက်မေ့သတိရနေမှာပါ” လို့ လူငယ်တော်လှန်ရေးသမားတစ်ဦး ဖြစ်တဲ့ မောင်ဆောင်းခ က ဘီဘီစီကို ဖွင့်ဟပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ကမှ မုဆိုး - The Hunter ဖေ့စ်ဘုတ်စာမျက်နှာကနေထုတ်ပြန်ခဲ့တဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ဗျူဟာအမှတ် - ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားဓာတ်ပုံတွေမှာ ခပ်ပိန်ပိန်ပါးပါး၊ ဆံပင်ရှည်ရှည်နဲ့ ရှေ့ဆုံးတန်းက နေရာယူထားသူ ဦးသိန်းအောင်ကတော့ နှစ်ရက်အကြာ လွိုင်ကော်အကျဉ်းထောင်တိုက်ပွဲအတွင်း အသက်ပေးခဲ့ပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ဟာ ဆရာကျောင်းရဲ့ မွေးနေ့ပါ။ ဒါပေမဲ့ မွေးနေ့အမှတ်တရ ဓာတ်ပုံတော့ သူရိုက်နိုင်မှာ မဟုတ်တော့ပါဘူး။









