ချင်း နဲ့ မကွေး မှာ လေကြောင်းသုံးတိုက်၊စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ကားတွေပိတ်မိနေ

မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေ လေကြောင်းကနေတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး

ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေ လေကြောင်းကနေတိုက်ခိုက်ခံရ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်က ရွာအချို့နဲ့ မကွေးတိုင်းမြိုင်မြို့နယ်ထဲမှာ စစ်ကောင်စီ လေကြာင်းက တိုက်ခိုက်မှုတွေလုပ်ခဲ့သလို စစ်ကိုင်းတိုင်းထဲမှာလည်း တိုက်ပွဲတွေကြောင့် ခရီးသည်တင်ကားနဲ ကုန်ကားတွေ ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အနီးက ကျေးရွာ အချို့ကို မနေ့က ဇန်နဝါရီ ၂၁ရက် ည ၁၂နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၂၂ရက် မနက်ပိုင်းကစပြီး ဝမ္မသူးကျေးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေတာကြောင့် ဒေသခံ ငါးဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

ဒါ့အပြင် မနေ့က မကွေးတိုင်း၊မြိုင်မြို့နယ် အနောက်ပိုင်းမှာရှိတဲ့ ဗဟင်းရွာ ဆေးရုံတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းနဲ့လာရောက် တိုက်ခိုက်ခဲ့တာကြောင့် ‌ဆေးရုံမှာရှိနေတဲ့ အသက် ၆၃နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေသလို စစ်ကိုင်းတိုင်းအတွင်း မုံရွာနဲ့ ကလေးဝအကြား မဟာမြိုင်လမ်းမှာ တိုက်ပွဲတွေကြောင့် ခရီးသည်တင်ကားတွေနဲ့ ကုန်ကားတွေသွားလာလို့မရဘဲ ပိတ်မိနေတာ ၄ ရက်လောက်ရှိပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့နယ်ထဲမှာတော့ မင်းတပ်-မတူပီလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းကာကင်းစခန်းကို CDF မတူပီက မနေ့ ဇန်နဝါရီ ၂၁ရက်မနက်ပိုင်းမှာ အထူးစစ်ဆင်ရေးအဖြစ် ဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့သလို MA-1 သေနတ်တစ်လက်လည်း သိမ်းယူနိုင်ခဲ့တယ်လို့ CDF မတူပီက ပြောပါတယ်။

ဒါ့အပြင် မနေ့က တစ်ရက်တည်းမှာတင် မင်းတပ်လမ်းမှာ တိုက်ပွဲ နှစ်ကြိမ်၊ ဟားခါးလမ်းမှာ သုံးကြိမ်တိတိ တိုက်ပွဲရှိခဲ့တယ်လို့ သူတို့က ဆက်ပြောပါတယ်။

 အခု တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်၊ မတူပီမြို့တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ရက်ကစပြီး တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့လည်း သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AFP

မကွေးတိုင်းထဲ စစ်ကောင်စီ လေကြာင်းကလာရောက်တိုက်ခိုက်ခဲ့တာကတော့ မြိုင်မြို့နယ် အနောက်ပိုင်း ဗဟင်းရွာဆေးရုံ တစ်ဝိုက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၂၁ရက်က ဒီတိုက်ခိုက်မှုကြောင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီဆေးရုံဟာ ဒေသခံတွေရော ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေပါ တက်ရောက်ပြီးဆေးကုသမှုခံယူတဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့အခုလို ဆေးရုံတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၂၂ရက် ညနေပိုင်းအချိန်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကနေ့ဇန်နဝါရီ ၂၂ရက်မှာတော့ မြိုင်မြို့နယ်တောင်ဘက်ပိုင်းကို စစ်ကြောင်းထိုးနေတယ်လို့လည်း ဒေသခံတွေကနေသိရပါတယ်။

ကလေးဝမြို့ အနီး မဟာမြိုင်လမ်းမှာ ပိတ်မိနေသော ကားများ ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကလေးဝမြို့ အနီး မဟာမြိုင်လမ်းမှာ ပိတ်မိနေသော ကားများ ( ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊မုံရွာမြို့နဲ့ ကလေးမြို့အကြား ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်တွေကို ချိတ်ဆက်ထားတဲ့ မဟာမြိုင်ကားလမ်းမှာ တိုက်ပွဲတွေကြောင့် အသွားအလာပိတ်နေပြီး ခရီးသွားပြည်သူတွေ အခက်ခဲကြုံတွေ့နေရတယ်လို့ ကုန်စည်ကားမောင်းနှင်သူတွေနဲ့ ခရီးသွားလာသူတွေက ပြောပါတယ်။

“လေးရက်လောက်ရှိပြီ အခု ညနေ ကလေးဝမြို့အနားက ချောင်းဆုံမှာ ပိတ်နေတဲ့ အတက်ကားတွေ အစီးနှစ်ဆယ်လောက်တော့ လွှတ်လိုက်တယ်ရောက်လာပြီ၊ အောင်ချမ်းသာနဲ့ ပျဉ်းကိုင်းရွာကကားတွေတော့ မလွှတ်သေးဘူးတဲ့ "လို့ ကလေးဝဒေသခံတစ်ဦးကပြောပါတယ်။

အခုလို သွားလာလို့မရတာဟာ မဟာမြိုင်လမ်းတစ်လျောက်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် သွားလာလို့ မရတာဖြစ်တယ်လို့ ခရီးသည်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇နေ့ရက်က စပြီးသွားလာလို့မရတာဖြစ်ပြီးတော့ တစ်ပတ်ခန့်ကြာနေပြီလို့ ခရီးသွားပြည်သူတွေကပြောပါတယ်။

 စစ်ကိုင်းတိုင်းအတွင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့တိုက်ပွဲတွေ နေရာအနှံဖြစ်ပွားနေပြီးတော့မုံရွာ-ကလေးယာကြီးကားလမ်း၊ မုံရွာ -ကလေး ဂန့်ဂေါကားလမ်းတွေဟာ သွားလို့မရဘူးလို့ ကုန်တင်ကားမောင်းနှင်သူတွေကပြောပါတယ်။

ဒါကြောင့် ကလေးဝ တစ်ဖက်ကမ်း မဟာမြိုင်လမ်းတစ်ခုသာ အဓိကထားသွားလာနေရပြီးတော့ လက်ရှိမှာ ဒီလမ်းပိတ်ထားတာကြောင့် သွားလာဖို့အခက်ကြုံနေရတယ်လို့ သူတို့ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ အင်းမရွာ ဒုတိယအကြိမ်မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ အင်းမရွာ ဒုတိယအကြိမ်မီးရှို့ခံရ

 စစ်ကောင်စီဘက်ကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး ။

 စစ်ကောင်စီဘက်က လေကြာင်းတိုက်ခိုက်မှုတွေ ဆက်တိုက်သုံးလာရတာဟာ သူတို့ဟာ အဲဒီဒေသတွေက စစ်ရေးလှုပ်ရှားမှုတွေမှာ အရေးနိမ့်လာလို့ လေကြောင်းက ကူရတာလို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်မယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး က ဆုံးဖြတ်ချက်ကြီးကြီးမားမားတစ်ခုချရဖို့ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးတည်းဆီမှာ နိုင်ငံတော်အာဏာကို ဆက်ထားမထား ဆိုတာကို ဒီကာလုံအစည်းအဝေးကဆုံးဖြတ်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆက်ရှိမရှိ ဆိုတာပါ အဖြေပေါ်မှာဖြစ်ပါတယ်။