ကရင်နီပြည်နယ်က လတ်လော တိုက်ပွဲနဲ့ နယ်မြေစိုးမှုနိုင်မှု ပမာဏ

စစ်ကား အပျက်အစီး

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေကို အထိနာစေတဲ့ တိုက်ပွဲတွေ အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့ (ပုံဟောင်း)

ကရင်နီ(ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေသိမ်းဆည်းရမိကြောင်း ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ KNDF က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။

ဒီစခန်းကို ကရင်နီ ကွန်မန်ဒို ၊ KA ၊ KNDF B အဖွဲ့တွေ၊ Loikaw PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအချိန် နှစ်နာရီအတွင်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေအပြီး ကရင်နီတပ်မတော် KA က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရသလို ကျန်တပ်ဖွဲ့ဝင်တွေက စခန်းကိုစွန့်ခွာသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ရွာတွေကို စစ်ကောင်စီ တပ်တွေ ဝင်စီးတတ်တဲ့အတွက် ဒေသခံတွေက သံသယဖြစ်ဖွယ်တွေကို ရှင်းလင်းထားကြရတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် ရွာတွေကို စစ်ကောင်စီ တပ်တွေ ဝင်စီးတတ်တဲ့အတွက် ဒေသခံတွေက သံသယဖြစ်ဖွယ်တွေကို ရှင်းလင်းထားကြရတယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူတွေ ရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန် တစ်ပြိုင်တည်းမှာပဲ KA ၊ KNDF အဖွဲ့တွေနဲ့ ဘောလခဲ PDF တို့က ဘောလခဲမြို့တွင်းက စစ်ကောင်စီ စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ ပူးပေါင်းတပ်တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်ပြီးနောက် ကျေးရွာတွေကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းတာတွေ လုပ်တတ်တာကြောင့် ဒေသခံတွေအနေနဲ့ ဖုန်းတွေပေါ်မှာ အွန်လိုင်းမှာ အထင်လွဲစေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဖုန်းခေါ်ထားတာ၊ မက်ဆေ့ချ်ပို့ထားတွေ၊ ပို့စ်တင်ထားတာ၊ ရှဲထားတာတွေ စသည်ဖြင့် သံသယဖြစ်စေတာတွေကို သတိထား ရှင်းလင်းထားကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်ခါ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ KSCC ကလည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ အတွင်းက အဖွဲ့၀င်တွေ အဖွဲ့အစည်းတွေ အားလုံးဟာ စစ်ကောင်စီ အမြစ်ပြတ်ကျဆုံးဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်‌ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးမှု

ပြည်သူ့အုပ်ချုပ်ရေး ယန္တရားက တော်လှန်ရေး အင်အားစုတွေ လက်ထဲမှာ (ကရင်နီပြည်နယ်မှာ ) ၆၅ ကနေ ၇၅ ရာ ခိုင်နှုန်းအထိ စိုးမိုးထားနိုင်

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, ပြည်သူ့အုပ်ချုပ်ရေး ယန္တရားက တော်လှန်ရေး အင်အားစုတွေ လက်ထဲမှာ (ကရင်နီပြည်နယ်မှာ ) ၆၅ ကနေ ၇၅ ရာ ခိုင်နှုန်းအထိ စိုးမိုးထားနိုင်တယ်လို့ဆို

ကရင်နီပြည်နယ်ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလ ကြားကာလမှာ စတင်ပြီး အပြည့်အဝအကောင်အထည်ဖော်ဆောင် ကျင့်သုံးသွားဖို့ လိုအပ်နေတယ်လို့ ကတိကဝတ်ဆိုင်ရာ ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၂၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည် အမျိုးသမီးများ အင်အားစု၊ ကရင်နီပြည်နယ် လူမျိုးစု လူငယ် အင်အားစု၊ ကရင်နီပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းတို့က တာ၀န်ရှိသူတွေနဲ့ ကိုယ်စားလှယ်တွေ ပါ၀င် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလအတွင်းမှာ ကရင်နီပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်က ဘယ်လောက် အတိုင်းအတာ အထိ ရရှိထားသလဲဆိုတာကို ကရင်နီပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် အနေနဲ့ ပါ၀င် လက်မှတ်ထိုး ထားတဲ့ ကိုဗညားက အခုလို ပြောပါတယ်။

“ဒီ ၂ နှစ်တာ ကာလမှာ အောင်မြင်မှုတွေ၊ ရလဒ်ကောင်းတွေ အများကြီးရှိပါတယ်။ ခြုံကြည့်မယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားက တော်လှန်ရေး အင်အားစုတွေ လက်ထဲမှာ (ကရင်နီပြည်နယ်မှာ ) ၆၅ ကနေ ၇၅ ရာ ခိုင်နှုန်းအထိ စိုးမိုးထားနိုင်တာ ရှိတယ်။“

“နောက် လူထုတွေ ကြားထဲမှာ ခံယူမှုတွေ အားကောင်းလာတယ်၊ ကျွန်တော်တို့ လိုချင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။”

ဒီစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကရင်နီ ပြည်သူတွေကတော့ အခုလို ပြင်းထန်တဲ့ တိုက်ပွဲတွေ ပြီးရင် စစ်ဆေးရေးတွေ အရှိန်အဟုန်မြင့်တက် လုပ်ဆောင်လေ့ရှိတဲ့အတွက် သတိထား သွားလာကြရတယ်လို့ ဆိုကြပါတယ်။

ဒီးမော့ဆိုပြည်နယ်က စစ်ဘေးရှောင် ကလေးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီးမော့ဆိုပြည်နယ်က စစ်ဘေးရှောင် ကလေးငယ်တွေ

ကရင်နီဒေသဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အပြင်းအထန် တိုက်ခိုက်နေတဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲစခန်းတွေကို ဝင်တိုက်တာ စတဲ့ စစ်ကောင်စီတပ်တွေဘက်က အထိနာတဲ့ တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ခရစ်စမတ်အကြိုမှာ တိုက်ပွဲတွေကြားထဲ အရပ်သား အစုလိုက် သတ်ဖြတ်ခံရမှုလည်း ဖြစ်ပွားခဲ့ပြီး ဒီလူသေဆုံးမှုတွေအတွက် စစ်ကောင်စီတပ်ကို ပြည်တွင်း၊ပြည်ပက အပြင်းအထန် ရှုတ်ချခဲ့ကြပြီး တိုက်ပွဲနဲ့ ပတ်သက်ခဲ့တဲ့ တပ်တွေနဲ့ ပတ်သက်လို့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဒီနှစ်မှာလည်း တိုက်ပွဲတွေကြောင့် ခရစ်ယာန်ဘာသာဝင်တွေ အများစုရှိတဲ့ ကရင်နီပြည်နယ်မှာ ဘာသာရေးပွဲတော်ကို အကျဥ်းရုံးသာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူဦးရေ လေးသိန်းနီးပါးရှိတဲ့ ကရင်နီပြည်နယ်ရဲ့ လူဦးရေထက်ဝက်နီးပါးကလည်း တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရတယ်လို့ ဒေသတွင်းစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။