ကရင်နီစစ်ဘေးရှောင်လူငယ်တွေအတွက် နွေဦးဂုရုလေးများစာသင်ခန်း

ဓာတ်ပုံ ရင်းမြစ်, Nway Oo Guru Lay Myar Facebook
သစ်သားတိုင်လေးတွေပေါ်မှာ သက်ကယ်မိုးပြီး ဝါးကပ်လေးတွေကာရံထားတဲ့ အဆောင်တစ်ခုထဲမှာ သစ်သားတုံးတွေပေါ် သစ်သားပြားရိုက်ပြီး စာရေးခုံအဖြစ် သုံးနေတဲ့ စာသင်ဆောင်ကတော့ နွေဦးဂုရုလေးများ စာသင်ခန်းပဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ရဲ့ တောစပ်တစ်နေရာမှာ စစ်ဘေးရှောင်လူငယ်တွေအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်လူငယ်တွေကို စာသင်ပေးဖို့ ဘာ့ကြောင့်ရည်ရွယ်သလဲဆိုတာကို နွေဦးဂုရုလေးများရဲ့ ကျောင်းအုပ်ဖြစ်သူ ဒေါ်ခင်စန္ဒာညွန့်ပြောပြတာကတော့ "အထူးသဖြင့် ဆယ်ကျော်သက်လူငယ်တွေက ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲနဲ့ပေါ့နော်၊ သူတို့လမ်းပျောက်နေတာတွေ ရှိတယ်။ ကျောင်းဆက်တက်ဖို့ နယ်စပ်ပဲ သွားရမလား။ မိဘပဲကူရမလား။ အဲ့တော့ ဆယ်ကျော်သက်လူငယ်တွေ၊ ပညာရေးတပိုင်းတဆဖြစ်နေတဲ့ လူငယ်တွေအတွက်ပေါ့လေဆိုပြီး တိုင်ပင်ပြီးတော့မှ ဖွင့်ဖြစ်ကြတယ်။"
အဲဒီစာသင်ကျောင်းကို ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်က နေရာတစ်ခုမှာ ၂၀၂၁ ခုနှစ် ဩဂုတ် လပိုင်းက စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။
ဒီစာသင်ခန်းထဲမှာ ကရင်နီဘာသာ၊ အင်္ဂလိပ်ဘာသာစကားတွေကို အဓိကသင်ကြားပေးနေတာဖြစ်ပြီး ဖြည့်စွက်အနေနဲ့ အနုပညာ၊ လက်မှုပညာ၊ အက စတာတွေကို သင်ကြားနေကြရတာ ဖြစ်ပါတယ်။
ဒီဘာသာရပ်တွေကို လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ဒေသတွင်းအခြေအနေပေါ် အခြေခံပြီး ကျားမတန်းတူရေး၊ ပဋိပက္ခအရေး၊ တန်းတူအအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသပေးရေး စတဲ့ အကြောင်းအရာတွေကို ရွေးချယ်သင်ကြားကြတာ ဖြစ်ပါတယ်။
"သူတို့ရဲ့ လိုအပ်ချက်ကို လက်ရှိအခြေအနေတွက်ရော၊ ရေရှည်အတွက်ရော ၊ တော်လှန်ရေးမပြီးခင်မှာရော၊ ပြီးမြောက်သွားတဲ့အချိန်မှာရော အသုံးချနိုင်ရမယ်၊ အဲ့လိုမျိုး စဉ်းစားတယ်ပေါ့၊ ဒီမှာသင်တဲ့ဘာသာရပ်တွေကလည်း သူတို့ဘယ်ကိုသွားသွား အသုံးတည့်တယ်။ "
နွေဦးဂုရုလေးကျောင်းမှာ စာသင်ချင်တဲ့ စစ်ဘေးရှောင်စခန်းက ၇ တန်းကနေ ၁၀ တန်းအထိ ရှိတဲ့ လူငယ်တွေဟာ ကျောင်းမှာ အရည်ချင်းစစ်စာမေးပွဲ ဖြေရပါတယ်။ သူတို့ ရှိတဲ့ အရည်အချင်းလိုက် အတန်းခွဲသင်ကြားပေးတာဖြစ်ပြီး သင်တန်းကာလကတော့ ၂ လနဲ့ တစ်ပတ်ပါ။

ဓာတ်ပုံ ရင်းမြစ်, Nway Oo Guru Lay Myar Facebook
ကျောင်းသင်တန်းကာလ ၂ လအတွင်းမှာ ကျောင်းသား အယောက် ၆၀ ကျော်ရဲ့ နေရေးနဲ့ စားရေးကိုပါ တာဝန်ယူထားရပါတယ်။
စစ်ဘေးရှောင်စခန်းတွေကနေ ကျောင်းလာတတ်တဲ့ ကျောင်းသားတွေဟာ မိသားစုဝင်တစ်ယောက်ယောက် အသတ်ခံခဲ့ရတာ၊ မိသားစုဝင်နဲ့ ခွဲနေကြရတာ၊ စစ်ရှောင်စခန်းမှာ ကျန်ခဲ့တဲ့ မိသားစုတွေအတွက် စိုးရိမ်ပူပန်တာတွေ ရှိတတ်တဲ့အတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်တဲ့ သင်ခန်းစာတွေ ထည့်သွင်းပေးထားကြပါတယ်။
ဒါ့အပြင် သက်ကယ်တဲစာသင်ကျောင်းဆောင်ထဲမှာ သင်ကြားတာအပြင် တောထဲမှာရှိတဲ့ သစ်ပင်အမျိုးအစားတွေ၊ အင်းဆက်အမျိုးအစားတွေ၊ မီးဖိုချောင်သုံးလို့ရတာတွေ၊ ဆေးဝါးသုံးလို့ရတာတွေကိုပါ လေ့လာသင်ကြားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nway Oo Guru Lay Myar Facebook
ဒါတွေဟာ ကိုယ့်ဒေသ၊ ဇာတိ၊ လူမျိုးအပေါ် တန်ဖိုးထားတဲ့စိတ်နဲ့ ချစ်မြတ်နိုးတဲ့စိတ်တွေကို ပိုပြီးနိုးကြားစေတယ်လို့ ကျောင်းအုပ် ဒေါ်ခင်စန္ဒာညွန့်က ပြောပါတယ်။
" ပိုးမွှား၊ ပန်းတွေကို စစ်တမ်းလုပ်တဲ့အခါမှာ စိတ်ကိုတအားငြိမ်စေတယ်။ ပိုးကောင်တွေ၊ ပန်းတွေရဲ့ အလှတအားကိုလည်း သေသေချာချာ မြင်စေတယ်။ စိတ်ငြိမ်ရုံတင်မကဘူး။ ဂေဟစနစ်ကို တန်ဖိုးထားတဲ့စိတ်၊ မတူကွဲပြားမှု လှပမှုတွေကို တန်ဖိုးထားတဲ့စိတ်ကို အထောက်ကူပြုတယ်။ "
အခုအခြေအနေဟာ ကရင်နီပြည်နယ်မှာလည်း အသွားအလာ၊ ဆေးဝါး၊ အစားအသောက်နဲ့ ဖုန်း၊အင်တာနက် အဆက်သွယ်တွေလည်း ဖြတ်တောက်ခံထားရတာပါ။ စစ်ဘေးရှောင်စခန်းတွေမှာ တကယ်လို့ စားနပ်ရိက္ခာပြတ်တောက်သွားရင်လည်း တောထဲမှာရှိတဲ့ စားလို့ရတဲ့ အစားသောက်တွေက ဘာတွေရှိလဲဆိုတာကိုလည်း လူမျိုးအကြီးကဲတွေက ဦးဆောင်ပြီး သင်ကြားပေးတာတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nway Oo Guru Lay Myar Facebook
ဒါ့အပြင် သဘာဝအတိုင်း စိုက်ပျိုးရေးစနစ်တွေကိုလည်း သင်ကြားပေးတယ်လို့ ပြောပါတယ်။
တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူမျိုးအကြီးအကဲခေါင်းဆောင်တွေကလည်း စနေ၊ တနင်္ဂနွေရက်တွေမှာ ကရင်နီသမိုင်းတွေ၊ စာပေနဲ့ယဉ်ကျေးမှုတွေကို ဆွေးနွေးပို့ချပေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်မှာ ကရင်နီတိုင်းရင်းသားခေါင်းဆောင်တွေအကြောင်း သမိုင်းတွေဖော်ပြထားတာ နည်းသလို တချို့အချက်လက်တွေ မှားနေတာကိုလည်း သိကြရတယ်လို့ ဒေါ်ခင်စန္ဒာညွန့်က ပြောပါတယ်။
"ကရင်နီသမိုင်းမှာက အမှားတွေရှိပါတယ်။ ဗဟိုအစိုးရအဆက်ဆက် တစ်လျှောက်လုံး ပညာရေးစနစ်မှာ အမှားတွေပေါ့နော်။ ပြီးတော့ လူမျိုးစုတော်လှန်ရေးခေါင်းဆောင်တွေအကြောင်းလည်း ဖော်ပြထားတာ မရှိဘူး။ ဖော်ပြထားရင်လည်း အမှားတွေပေါ့နော်။ ဥပမာ ကယားဒေးလိုကိစ္စမျိုးပေါ့။ တကယ်ဆိုရင် ကယားဒေးလို့ သတ်မှတ်ထားတဲ့နေ့က တကယ့်ကရင်နီပြည်နယ်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ခံစားရတဲ့နေ့ပေါ့နော်။ အဲ့တော့ သမိုင်းအမှန်ကို သေချာမသိကြတော့ ကယားဒေးဆိုရင် ပျော်ကြတယ်။ ပွဲတွေလုပ်ကြတယ်။ တကယ်တော့ ကယားဒေးဆိုတာ ကရင်နီပြည်ကို နားရွက်တံတွေးဆွတ်တဲ့နေ့ပဲ။"
အဲ့ဒီလို အစိုးရရဲ့ ဗဟိုပညာရေးချုပ်ကိုင်မှုအောက်က သမိုင်းဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ကရင်နီစာပေနဲ့ ယဉ်ကျေးမှုကျွမ်းကျင်တဲ့ ခေါင်းဆောင်တွေနဲ့ ကျောင်းသားတွေ အပြန်လှန် ဆွေးနွေးတာကနေ ကရင်နီရဲ့သမိုင်းအစစ်မှန်တွေကို လူငယ်တွေကိုပြန်သင်ကြားပေးနေတယ်လို့ ပြောပါတယ်။
သင်တန်းပြီးသွားတဲ့ ကျောင်းသားတချို့က သူတို့ စိတ်ဝင်စားတဲ့ ထောက်ပို့၊ ဆေးဝါးအကူနဲ့ သင်ကြားရေးတွေမှာ အလုပ်သင်ပြန်လျှောက်ကြသလို တချို့ကတော့ သူတို့တွေရဲ့ စစ်ရှောင်စခန်းတွေမှာပြန်ပြီး စာသင်ပေးတာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။
နွေဦးဂုရုလေးများ စာသင်ကျောင်းဟာ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အလှမ်းကွာတာကြောင့် တိုက်ပွဲနဲ့ထိပ်တိုက်ရင်ဆိုင်ရတာမျိုးတော့ မရှိခဲ့ဘူးလို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။
အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးကို ကန့်ကွက်နေကြသူတွေက အွန်လိုင်းပညာရေးနဲ့ CDM စာသင်ကျောင်း ပညာရေးတွေကို အကောင်ထည်ဖော်နေကြတာတွေလည်း ရှိပါတယ်။
နွေဦးဂုရုလေးများ ကျောင်းအုပ် ဒေါ်ခင်စန္ဒာညွန့်ကတော့ အွန်လိုင်းပညာရေးနဲ့ CDM ကျောင်းတွေအပြင် ဒေသအခြေပြုပညာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်လို့လည်း မှတ်ချက်ပေးပါတယ်။
"မြေပြင်မှာက တနေရာနဲ့တစ်နေရာ ပုံစံချင်းလည်းမတူဘူး။ လိုအပ်ချက်ချင်းလည်းမတူဘူး။ အရင်းအမြစ်ရှိတဲ့ အနေထားချင်းလည်း မတူဘူး။ အဲ့လိုဆိုတော့ ကိုယ့်ရှိတဲ့ နေရာဒေသရဲ့ လိုအပ်ချက်ပေါ်မှာ အခြေခံပြီးတော့ ရှိတဲ့အနေထားမှာ အကောင်းဆုံးသော ပညာရေးစနစ်ကို ကျမတို့က စီစဉ်ပြီးလုပ်ရတာဖြစ်တယ်။ "
ဗဟိုချုပ်ကိုင်မှုစနစ်တွေကိုလည်း သာမန်အချိန်မှာသာမက အခုတော်လှန်ရေးကာလမှာပါ လျှော့ချဖို့လိုအပ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပညာရေးအစီစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကောင်းဆုံးဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်စေချင်တယ်လို့ ကျောင်းအုပ်ဒေါ်ခင်စန္ဒာညွန့်က ပြောပါတယ်။








