ကယားပြည်နယ်တိုက်ပွဲတွေ ဘယ်လို အရှိန်မြင့်တက်လာခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, PKPF
မေလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့
မေလ ၁၉ ရက်နေ့အထိ ကယားပြည်နယ်က လူထုလှုပ်ရှားမှုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လှုပ်ရှားမှုအဆင့်ပဲ ရှိပါသေးတယ်။ အဲဒီနေ့က လွိုင်ကော်မြို့မှာ သစ်ခက်သပိတ်ပြုလုပ်ခဲ့ပါတယ်။ လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း ကျိန်စာသပိတ်ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ တော်တော်စောစောကတည်းက ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ ရိုက်နှက်တာတွေ ပြုလုပ်နေပါပြီ။ ဒါပေမဲ့ လူထုဘက်က လက်နက်ကိုင် တော်လှန်တိုက်ခိုက်တာမျိုး မရှိခဲ့သေးပါဘူး။
လွိုင်ကော်မှာ ဆန္ဒပြနေချိန် ဒီးမော့ဆိုမြို့နယ် ၅ မိုင်ကျေးရွာအနီးမှာတော့ စစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ညနေ ၆ နာရီထိုးလောက်အထိ စစ်ကား ၆ စီးဟာ ဒီးမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ရေးအင်အားပြသွားလာနေပါတယ်။
လွိုင်ကော်မြို့မှာလည်း ည ၁၁ နာရီကျော်အချိန် ချိကယ်ရပ်ကွက်မှာ လူငယ် ၅ ယောက်ကို စစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁ ယောက်သာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီလူငယ်တွေထဲက တချို့ဟာ CDM ဝန်ထမ်းတွေဖြစ်ပါတယ်။
ဒါတွေဟာ ကယားပြည်နယ်မှာ သာမန်ပြည်သူတွေနဲ့ စစ်ကောင်စီစစ်တပ်အကြား မကြာခင်မှာ အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲတွေစတင်တော့မဲ့ ရှေ့ပြေးနိမိတ်လက္ခဏာတွေသဖွယ် ဖြစ်ခဲ့ပါတယ်။
မေလ ၂၀ ရက်၊ ကြာသပတေးနေ့
မေလ ၂၀ ရက်နေ့မှာတိုက်ပွဲစတင်ပါပြီ။ အရပ်သားတွေက လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်တဲ့ တိုက်ပွဲမဟုတ်သေးပါဘူး။ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြတာပါ။
တိုက်ပွဲဖြစ်တဲ့နေရာက ဘော်လခဲမြို့နယ်နဲ့ ဖားဆောင်းမြို့အကြား တနေရာမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကယားပြည်နယ်မှာ အပြန်အလှန်ပစ်ခတ်တဲ့တိုက်ပွဲ ပထမဆုံးအကြိမ်စတင်ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဖားဆောင်းမှာတိုက်ပွဲဖြစ်နေချိန် ဒီးမော့ဆိုမြို့မှာ ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်ကောင်စီစစ်တပ်က ဖြိုခွဲလိုက်ပါတယ်။ အဲဒီသပိတ်ဖြိုခွဲမှုဟာ သာမန်ပြည်သူတွေနဲ့ စစ်ကောင်စီအကြားမှာ အခြေအနေတင်းမာစေခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ်က ဦးဘော့စကိုက ဘီဘီစီကို ပြောပါတယ်။
“အဲဒီနေ့မှာပဲ ဖမ်းဆီးမှုတွေကို တရကြမ်းတိုးမြှင့်လုပ်ဆောင်လာပါတယ်။ အထူးသဖြင့် သပိတ်မှာ ပါဝင်တဲ့လူငယ်တွေကို ကျေးရွာတွေထဲမှာ တအိမ်တက်ဆင်း လိုက်လံရှာဖွေဖမ်းဆီးခဲ့ကြပါတယ်။”
“ဒေါငံခါးအုပ်စု မားနာပလော့ရပ်ကွက်ထဲက အသုဘ အိမ်ကိုဝင်ပစ်တာကတော့ အဆိုးဆုံးပေါ့ဗျာ။ အသုဘအိမ်မှာ ဝိုင်းဝန်းကူညီလုပ်ကိုင်တာကို လူစုလို့ဆိုပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းတယ်၊ ဝင်ပစ်တယ်ဗျာ။ အဲဒီမှာ လူငယ် ၈ ယောက် အဖမ်းခံလိုက်ရပါတယ်။”
ဒီးမော့ဆိုမြို့ ဒေါငံခါးလမ်းခွမှာလည်း စစ်တပ်က သေနတ် ၁၅ ချက် ပစ်ဖောက်ခဲ့ပါတယ်။
ဒီးမော့ဆိုမြို့ စံပြ ၆ မိုင်ကျေးရွာမှာလည်း ညနေ ၃ နာရီဝန်းကျင်လောက်မှာ လူငယ် ၅ ယောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ စံပြ ၆ မိုင်အထက်တန်းကျောင်းအတွင်းမှာ စစ်တပ်က တပ်စွဲထားခဲ့ပါတယ်။
ဒီးမော့ဆိုဟာ ကယားပြည်နယ်မှာ စစ်တပ်ရဲ့ နှိမ်နင်းမှုကို အများဆုံးခံရတဲ့မြို့ ဖြစ်ပါတယ်။ နောက်ထပ် ရက်သတ္တပတ်ကာလအတွင်း စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားမှုအများဆုံးနေရာဟာလည်း ဒီးမော့ဆိုဖြစ်လာတာကို တွေ့ကြရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, PKPF
မေလ ၂၁ ရက်၊ သောကြာနေ့
မေလ ၂၁ ရက်နေ့မှာ အရပ်သားတွေရဲ့ ပြန်လည်ခုခံပစ်ခတ်မှုစတင်ပါပြီ။ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်နဲ့ မားနာပလော့ရပ်ကွက်တို့မှာ စစ်တပ်ကို အရပ်သားလူငယ်တွေက ရပ်ကွက်လမ်းကြားတွေထဲကနေ ခုခံပစ်ခတ်တဲ့ ဗွီဒီယိုတခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။
“၂၁ ရက်နေ့မှာပဲ သူတို့ဒေါငံခါးရပ်ကွက်ထဲကို အင်အားအလုံးအရင်းနဲ့ဝင်ပြီး ရပ်ကွက်ထဲမှာ ပစ်ခတ်တယ်။ အဲဒီနေ့မှာ လူငယ်တွေက ငြိမ်မခံတော့ဘဲ ပြန်လည် ပစ်ခတ်တိုက်ခိုက်ကြပါတယ်။ အဲဒီမှာ တိုက်ပွဲစတာပါပဲ” လို့ ဦးဘော့စကိုက ဆိုပါတယ်။
ဒေါငံခါးလမ်းခွမှာ ဆိုင်ကယ်စီးလာသူ ၂ ယောက်ကို စစ်တပ်က ဟန့်တားပစ်ခတ်ရာမှာ ၁ ယောက် သေဆုံးပြီး ကျန် ၁ ယောက်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
ဒီးမော့ဆိုမြို့ထဲမှာ တိုက်ပွဲဖြစ်ပွားနေသလိုပဲ မွန်းလွဲပိုင်းမှာတော့ မြို့အစွန် စံပြ ၆ မိုင်ကျေးရွာ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့စစ်တပ်ကို အရပ်သားလက်နက်ကိုင် ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
မေလ ၂၁ ရက်ဟာ အရပ်သားတွေဘက်က ပြောက်ကျားနည်းနဲ့ ပြန်လည်ထိုးစစ်ဆင်တဲ့နေ့လို့ ဆိုနိုင်ပါလိမ့်မယ်။
လွိုင်ကော် ဒီးမော့ဆို လမ်းမပေါ်မှာလည်း အရပ်သားပြောက်ကျားတွေက စတင်တိုက်ခိုက်တဲ့ နောက်ထပ် တိုက်ပွဲ တပွဲဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီလမ်းမပေါ်က ငွေတောင်ကျေးရွာနဲ့ မလှမ်းမကမ်း ညောင်ကိုင်းရွာနဲ့လည်း သိပ်မဝေးတဲ့နေရာမှာ အရပ်သားတွေက စစ်ကောင်စီစစ်တပ်ကို လမ်းကဖြတ်တိုက်ခိုက်ရာမှာ စစ်ကား ၃ စီးမီးလောင်သွားခဲ့ပါတယ်။ စစ်ကောင်စီစစ်သား အနည်းငယ်လောက်သာ ထွက်ပြေးလွတ်မြောက်ပြီး အများအပြားကျဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကျဆုံးသူအရေအတွက်ကိုတော့ အတိအကျ မသိရပေမဲ့ အယောက် ၃၀ လောက်ရှိမယ်လို့ တချို့က ခန့်မှန်းပါတယ်။ စစ်ကောင်စီစစ်သားတွေဘက်က ပထမဦးဆုံးအထိနာတဲ့ တိုက်ပွဲဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားစဥ်ပစ်ခတ်မှုနဲ့ မီးလောင်ကျွမ်းနေပုံတွေကို လူမှုကွန်ရက်ပေါ်တက်လာတဲ့ ဗီဒီယိုထဲမှာ တွေ့မြင်ခဲ့ရပါတယ်။
ဒီးမော့ဆိုမြို့အထွက်က စစ်ကောင်စီရဲ့ ထူလွီးဘီလာဂိတ်ဟာ ကားလမ်းပေါ်မှာ လမ်းတားဂိတ်ပြုလုပ်ပြီး စစ်တပ်ကစောင့်ကြပ်နေတဲ့ နေရာဖြစ်ပါတယ်။ ကားလမ်းဘေးမှာ စစ်တပ်ကင်းစခန်းရှိပြီး သဲထည့်ထားတဲ့ သံစည်ပိုင်းတွေနဲ့ အခိုင်အမာကာထားပါတယ်။
မေလ ၂၁ ရက် ညနေပိုင်းမှာ အဲဒီဂိတ်ကို ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး ကင်းစခန်းကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ စစ်သားတွေဟာ ကိုယ်လွတ်ရုန်းထွက်ပြေးကြရပါတယ်။
ညနေ ၃ နာရီလောက်မှာလည်း ဒီးမော့ဆိုမြို့မရဲစခန်းကို နောက်ဘက်ကနေတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့ကြပါတယ်။
အဲဒီနေ့မှာ နောက်ထပ်တိုက်ပွဲဖြစ်ပွားတဲ့နေရာတနေရာရှိပါသေးတယ်။ အဲဒါကတော့ ဘောလခဲမြို့နယ်ထဲမှာပါ။ ဘောလခဲမြို့နယ် နန်းဖဲတပ်စခန်းကို မေလ ၂၁ ရက်ညနေပိုင်းမှာ အရပ်သားတွေက သိမ်းပိုက်ခဲ့ပါတယ်။
လွိုင်ကော်မြို့ပေါ်မှာတော့ နေ့ခင်းအချိန်မှာ ပြင်းထန်တဲ့ ပဋိပက္ခဖြစ်စဥ် မရှိခဲ့ပါဘူး။ ည ၈ နာရီထိုးကာနီးအချိန်လောက်မှာကျမှ မြို့နယ်ခန်းမအနီးနဲ့ ရဲစခန်းရှေ့တို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
မေ ၂၂ ရက်၊ စနေနေ့
ညကဗုံးပေါက်ကွဲထားတဲ့ လွိုင်ကော်မြို့ပေါ်မှာ မနက်လင်းတာနဲ့ စစ်ကောင်စီစစ်သားတွေက လက်နက်ကိုင်ဆောင်ပြီး လှည့်လည်သွားလာ နေကြပါတယ်။ ရပ်ကွက်တချို့မှာ နောက်ထပ်ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြပါတယ်။ စစ်သားတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေရှိတဲ့ကြားက လွိုင်ကော်မြို့ပေါ်မှာ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြတယ်လို့ လွိုင်ကော်မြို့က ဒုက္ခသည်အရေး ဆောင်ရွက်သူ ခူးအိုက်ကဖြူက ဘီဘီစီကို ပြောပါတယ်။
ဒီးမော့ဆိုရဲ့ စနေမနက်ပိုင်းကတော့ တိုက်ခိုက်မှုမရှိဘဲ ငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမဲ့မွန်းလွဲပိုင်းလောက်မှာ ဒေါတဝီရွာဘက်ကို ပြန်လာတဲ့ ဆိုင်ကယ်စီးလူငယ် ၃ ယောက်ကို စစ်တပ်က စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့ရာမှာ ၂ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရခဲ့ပါတယ်။ အဲသလိုလူငယ်တွေ အပစ်ခတ်ခံရပြီး ညနေ ၄ နာရီအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေစခန်းချထားတဲ့ ဒေါတဝီရွာဂိတ်ကို ဒီးမော့ဆို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
“၂၂ ရက်နေ့မှာကျတော့ ကျွန်တော်တို့ ပီဒီအက်ဖ်တွေက ဒီးမော့ဆိုမြို့နယ် ဒေါတဝီရွာဂိတ်ကို ဝင်ပစ်ပြီး သိမ်းလိုက်တယ်ပေါ့နော်။ အဲဒီမှာ ကျဆုံးသွားတာ ၂ ယောက်ကျဆုံးတယ်။ ဒဏ်ရာရတာက ၄ ဦးရှိတယ်ပေါ့။ ကျဆုံးသွားတာက သူ့ဘာသာ ဆိုင်ကယ်နဲ့အိမ်ပြန်တဲ့ ၂ ယောက်ကို သူတို့ကစနိုက်ပါနဲ့ပစ်တာ။ အဲသလိုပစ်လို့လည်း သူတို့ဒေါတဝီဂိတ်ကို ကျွန်တော်တို့က တိုက်ဖို့အကြောင်းဖြစ်လာတာပေါ့” လို့ ဦးဘောစကိုက ပြောပါတယ်။
စစ်ကောင်စီဘက်က အယောက် ၅၀ လောက်ဂိတ်မှာရှိပါတယ်။ ဒါပေမဲ့တိုက်ပွဲဖြစ်တော့ သူတို့အားလုံးက ဂိတ်ကိုပစ်ပြီးထွက်ပြေးကြလို့ စစ်ကောင်စီဘက်က အကျအဆုံးမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မေလ ၂၃ ရက်၊ တနင်္ဂနွေ
မေလ ၂၃ ရက်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်တာကာလအတောအတွင်း ကယားပြည်နယ်မှာ တိုက်ပွဲအပြင်းထန်ဆုံးနေ့ ဖြစ်ပါတယ်။
ကယားပြည်နယ်နဲ့ တဆက်တစပ်တည်းထိစပ်နေတဲ့ ရှမ်းပြည်နယ် ဖယ်ခုံခရိုင်ထဲက မိုးဗြဲမြို့နယ်မှာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ ရှမ်းပြည်နယ်ထဲဆိုပေမဲ့ ကယားပြည်နယ်နဲ့ ကပ်လျက်ရှိနေပြီး တိုက်ခိုက်သူတွေကလည်း ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပဲ ဖြစ်ပါတယ်။
မနက် ၉ နာရီခွဲခါနီးအချိန်မှာ ရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းဆိုပေမဲ့ ရဲကအနည်းအကျဉ်းသာရှိပြီး စစ်သားအများအပြား စခန်းချတပ်စွဲထားတဲ့နေရာ ဖြစ်တဲ့အတွက် တိုက်ပွဲဟာ ကယားပြောက်ကျားတွေ ခန့်မှန်းထားတာထက် ပိုရှည်ကြာခဲ့ပါတယ်။
“မနက် ၉ နာရီ ၂၇ မိနစ်လောက်ကတည်းကိုက နှစ်ဖက်အပြန်အလှန်ပစ်ကြတာပေါ့နော်။ စခန်းထဲမှာ ဟိုဘက်ကရဲနဲ့ တပ်မတော်နဲ့ပေါင်းပြီး ဒီဘက်က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပစ်ကြခတ်ကြတာပေါ့။ ရဲစခန်းကမြို့လယ်မှာ။ ရဲစခန်းဆိုပေမဲ့ စစ်တပ်က လာထိုင်နေတာပေါ့ဗျာ။
မိုးဗြဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဂျိုးဂျာက ပြောပြတာပါ။
“သွားတိုက်တော့ သူတို့ကလည်း ကာဗာကျင်းတွေ ဘာတွေ တူးထားတာရှိတော့ တိုက်ပွဲက ကြာသွားတာပေါ့နော်။ တော်တော်နဲ့ မသိမ်းနိုင်ဘူးပေါ့။ ညနေ ၂ နာရီခွဲလောက်ကျမှ သိမ်းနိုင်တယ်။ တိုက်ပွဲက ၄ နာရီလောက်တောင် ကြာသွားတယ်။ နောက်ဆုံးတော့ စခန်းသိမ်းတိုက်ပွဲတော့ လုပ်လိုက်နိုင်တယ်။ သူတို့ စစ်ကောင်စီဘက်က ၁၅ ယောက်လောက်ကျပါတယ်။ ၄ ယောက်အရှင်ဖမ်းမိတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ၁ ယောက် ပေးဆပ်လိုက်ရတယ်။”
အရှင်ဖမ်းဆီးရမိသူ ၄ ယောက်မှာ ၁ ယောက်က ရဲ ဖြစ်ပြီး ကျန် ၃ ယောက်က စစ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးဘက်က ကျဆုံးသူတယောက်ကတော့ ခါးမှာ ကျည်ဆံထိမှန် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ မစိုးရိမ်ရတဲ့ သာမန်ဒဏ်ရရှိသူလည်း ၃ ယောက်လောက်ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရဲစခန်းကို မီးရှို့ပြီး ထွက်ခွာသွားတဲ့နောက်မှ စစ်ကောင်စီရဲ့ စစ်ကူတပ်ဖွဲ့တွေ ရောက်လာကြပါတယ်။ စစ်ကူတွေဟာလည်း လမ်းမှာ တခြားပြောက်ကျားအဖွဲ့တွေရဲ့ ကြားဖြတ်ဟန့်တားတာကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာလည်း မွန်းလွဲပိုင်းအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။ ဒီးမော့ဆို ထွေအုပ်ရုံးအနီးနဲ့ ဒေါငံခါးတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
လွိုင်ကော်မှာလည်း ပန်ကန်းဂိတ်နဲ့ လမ်းမပေါ်က ၆ မိုင်စံပြကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ လွိုင်ကော်က တပ်တွေ ဒီးမော့ဆိုကို မသွားနိုင်အောင် တိုက်ပွဲဖန်တီးခဲ့ကြတာလို့ လွိုင်ကော်က ခူးအိုက်ကဖြူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PKPF
၆ မိုင်စံပြကျေးရွာမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အကျအဆုံးအများအပြားရှိတယ်လို့ ကရင်နီ သတင်းဌာနတွေမှာ ဖော်ပြရေးသားထားကြပါတယ်။
မေ ၂၄ ရက်၊ တနင်္လာနေ့
အင်္ဂါနေ့မှာတော့ တိုက်ပွဲကြီးကြီးမားမား မဖြစ်ပွားခဲ့ပါဘူး။ စစ်ကောင်စီက လိုက်လံပစ်ခတ်မှုနဲ့ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေသာ ရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ် ကယန်းသာယာခရစ်ယာန်ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ ရွာသား ၄ ယောက်သေဆုံးခဲ့ပါတယ်။
ရေယိုရွာဘက်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အိမ်တချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။
မေလ ၂၅ ရက်၊ အင်္ဂါနေ့
မနက် ၄ နာရီမှာ တိုက်ပွဲစတင်ပါတယ်။ ပစ်မှတ်က ဒီးမော့ဆိုရဲစခန်းနဲ့ အနီးအနား အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်ထဲတွေမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီစစ်သားတွေကိုပါ။ မနက်အရုဏ်တက်ကာနီးအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီစစ်သားတွေတပ်စွဲထားတဲ့နေရာတွေကို သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲစပါတယ်။
ရဲစခန်းမှာ ရဲက နည်းနည်းသာရှိပြီး စစ်သားတွေက အများအပြားနေရာယူထားရာမှာ အနည်းဆုံး ၁၀၀ ကျော်ရှိတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဦးဘောစကိုက ဘီဘီစီကိုပြောပါတယ်။
ဒီမောဆိုးမြို့မှာ အခြေစိုက်တဲ့ ခြေမြန်တပ်ရင်း ခမရ ၄၂၇ နဲ့ ခြေလျင်တပ်ရင်း ခလရ ၁၀၂ တို့ကနေ သံချပ်ကာအမြောက်ကားတစီးနဲ့ စစ်သား ၆၀ ကျော် ၇၀ လောက် စစ်ကူပို့ခဲ့ပေမဲ့ အနိုင်မတိုက်နိုင်ဘဲ တနေကုန်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်က အဝေးကနေ အမြောက်နဲ့ ပစ်ကူတိုက်ခိုက်တဲ့အတွက် လူနေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဒီးမော့ဆိုမှာရှိတဲ့တပ်ရင်းတွေက အမြောက်လက်နက်ကြီးတွေနဲ့ပစ်တယ်ကော။ ပစ်တော့ပြန်ဆုတ်လိုက်၊ ရဲစခန်းနား ပြန်ကပ်လိုက် ဒီလိုနဲ့ပဲ တနေကုန် အချိန်ကြာနေတာပေါ့။ လက်နက်ကြီးကတော့ ဒီးမော့ဆိုမှာရှိတဲ့ စစ်ကောင်စီတပ်နှစ်ခုတွင် မကဘူးပေါ့နော်။ လွိုင်ကော်ကနေလည်း သူတို့အဝေးပစ်တွေနဲ့ ပစ်ကူတော့ တနေကုန် လက်နက်ကြီးကျည်တွေ တော်တော်များများကျတယ်။ မြို့ထဲက နေအိမ်တော်တော်များများ ပျက်စီးကုန်တယ်။ ရပ်ကွက်ကြီးတွေဖြစ်တဲ့မြို့မရပ်ကွက်တို့၊ ဒေါငံခါးရပ်ကွက်တို့၊ တနန်းဥကွိုင်ရပ်ကွက်တို့မှာ အိမ်တချို့ ပျက်စီးကုန်ပါတယ်။”
ဒေါငံခါး၊ တနန်းဥကွိုင်နဲ့ ဒေါတမငယ်ရပ်ကွက်၊ ငွေတောင်ဆည်အောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုတချို့လည်း ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
“လူထုဘက်က လောလောဆယ်တော့ ၂ ဦးကျဆုံးတယ်လို့ သိရပါတယ်။ အခုထိအတည်ပြုနိုင်တဲ့အရေအတွက်ပါ။ တိုက်ပွဲကမပြီးသေးပါဘူး။ အခုထိလည်း ပစ်နေတုန်းပါ။ လက်နက်ကြီးကျလို့ အရပ်သားသေတာက ၁ ယောက်ပါ။ တင့်ကားပေါ်ကနေ ပွိုင့်ဖိုက်နဲ့ပစ်လို့ ထိပြီး ကျဆုံးတာက ၁ ယောက်ပါ။ ကျန်တဲ့ဒဏ်ရာရတဲ့လူတွေလည်း တော်တော်ရှိပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးတော့ ခုထိမသိရသေးပါဘူး။”
လွိုင်ကော်မှာတော့ မွန်းတည့် ၁၂ နာရီလောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားပါတယ်။ မြို့အထွက် ပန်ကန်းဂိတ်မှာ နေရာယူ စောင့်ကြပ်နေတဲ့ စစ်တပ်ဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ပန်ကန်းရွာထိပ်က အဲဒီဂိတ်မှာ စစ်သား ၆၀ ကျော် ၇၀ လောက်ရှိတယ်လို့ ကယားပြည်နယ်မှာ ဒုက္ခသည်တွေအတွက် ကူညီစောင့်ရှောက်နေတဲ့ ခူးအိုက်ကဖြူးက ဘီဘီစီကို ပြောပါတယ်။
မွန်းလွဲ ၂ နာရီခွဲအချိန်လောက်မှာ အပစ်အခတ်တွေ ငြိမ်သွားခဲ့ကြတယ်လို့ဆိုပါတယ်။
မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့
လွိုင်လင်မြို့နယ် တဘက်ချောင်းအနီး ထီးစဲခါးရွာရဲစခန်းကို ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်လိုက်ပါတယ်။
ပဋိပက္ခဆက်လက်ပြင်းထန်နေဆဲ
ကယားပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုနဲ့ မိုးဗြဲ ရဲစခန်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ လာရောက်တိုက်ခိုက်သူတွေက လူနေအိမ်တွေ၊ အုပ်ချုပ်ရေးအဆောက်အအုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို အကာအကွယ်ပြုပြီး လာတိုက်တယ်လို့ ဆိုပါတယ်။
ဘာသာရေးအဆောက်အအုံထဲမှာ အခြေချခဲ့တဲ့ နေရာတွေကနေ လက်နက်တွေ တွေ့ရတယ်၊ တိုက်ခိုက်သူတွေက မြို့တွင်းတိုက်ပွဲတိုက်ပွဲအသွင်လုပ်ဆောင်ခဲ့တယ်၊ အဲဒီလိုတိုက်ခိုက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မြို့တွင်းတိုက်ပွဲ ထိတွေ့တိုက်ခိုက်မှု စည်းမျဥ်း ROE ပါ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့် စည်းမျဥ်းသတ်မှတ်ချက်တွေအတိုင်း ပြန်လည်ခုခံတိုက်ခိုက်တယ်လို့ မေလ ၂၆ ရက် မှာ ရုပ်သံကနေ တုံ့ပြန် သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြေပြင်မှာတော့ နောက်ရက်တွေမှာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသေဆုံးမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။ ပဋိပက္ခဖြစ်စဥ်တွေအတွင်းမှာ ၆ နှစ်ရွယ်ကလေးတဦး၊ ၁၂ နှစ်ရွယ်ကလေးတဦးနဲ့ ၁၄ နှစ်အရွယ်လူငယ်တဦးတို့လည်း ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေရှိခဲ့ပါတယ်။
ကယားပြည်နယ်က ပဋိက္ခဟာ အခုအချိန်အထိ လျော့ကျမသွားသေးဘဲ ဆက်လက်တင်းမာနေဆဲသာ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ ယမ်းအိုးကြီးတလုံးပမာဖြစ်နေပြီး မီးပွားကျတဲ့နေရာမှာ ထပြီးတောက်လောင်ဖို့ တာစူနေသလားလို့ ထင်မှတ်မှားရတဲ့အခြေအနေဖြစ်ပါတယ်။








