ပါကစ္စတန်ဘက်ကို မြစ်ရေတွေ မစီးဆင်းအောင် အိန္ဒိယက လုပ်နိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, နာဗင်း ဆင်း ခတ်ကာ
- ရာထူးတာဝန်, သဘာဝပတ်ဝန်းကျင် သတင်းထောက်၊ ဘီဘီစီကမ္ဘာတလွှား
အိန္ဒုမြစ်နဲ့ သူ့ မြစ်လက်တက် ၂ ခုကို ပါကစ္စတန်ဘက် မစီးဆင်းအောင် အိန္ဒိယက လုပ်ဆောင်နိုင်ပါလား။
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ဧပြီ ၂၃ ရက်က ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် နှစ်နိုင်ငံကြား အိန္ဒုမြစ်ဝှမ်းအတွင်း မျှဝေသုံးစွဲနေကြတဲ့ မြစ်ကြောင်း ၆ ခုနဲ့ ပတ်သက်တဲ့ အဓိက စာချုပ်တခုကို အိန္ဒိက ဆိုင်းငံ့လိုက်တဲ့အတွက် အထက်ပါ မေးခွန်းက ပေါ်လာပါတယ်။
နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်ပွဲ နှစ်ပွဲ ဖြစ်ခဲ့ပေမဲ့ ၁၉၆၀ အိန္ဒုမြစ်ရေ စာချုပ် (Indus Waters Treaty - IWT) က ရှင်သန်ခဲ့တာမို့ ဒီစာချုပ်ကို နယ်စပ်ဖြတ်ကျော် မြစ်ရေစီမံမှုရဲ့ ဥပမာ တခုအဖြစ် တင်စားခဲ့ကြပါတယ်။
ပါကစ္စတန်ဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာရှိတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး ဒီမြစ်ရေ ခွဲဝေ သုံးစွဲရေးကို ဆိုင်းငံ့လိုက်တာက အိန္ဒိယရဲ့ လုပ်ဆောင်ချက်တွေ ထဲက တခုပါ။
ပါကစ္စတန်ကတော့ ဒီတိုက်ခိုက်မှုနဲ့ သူတို့ ဘာမှ ပတ်သက်တာမရှိကြောင်း အပြတ် ငြင်းဆိုထားကာမြစ်ရေကို ပိတ်ရင် "စစ်ပြုတာလို့ပဲ မှတ်ယူရမယ်" လို့ ဒေလီကို တုံ့ပြန်ထားပါတယ်။
စာချုပ်ထဲမှာ သက်ဆိုင်တဲ့ မြစ်တွေကတော့ အိန္ဒုမြစ်ဝှမ်း အရှေ့ဘက်က မြစ် ၃ သွယ် - ရာဗီ၊ ဘီယာ နဲ့ ဆတ်လက်ချ် - တို့က အိန္ဒိယကိုစီးပြီး အနောက်ဘက်က မြစ်တွေ - အိန္ဒု၊ ဂျေလမ် နဲ့ ချေနက် - တို့ရဲ့ ၈၀ ရာခိုင်နှုန်း က ပါကစ္စတန်ကို သွားပါတယ်။
၁၉၄၇ မှာ နှစ်နိုင်ငံအဖြစ် ခွဲခဲ့ကြပြီးတဲ့နောက် အိန္ဒုနဲ့ မြစ်လက်တက်တွေကို ၂ နိုင်ငံကြား ခွဲဝေသုံးစွဲကြဖို့ အရေးမှာ သဘောမတူတာတွေ၊ ညှိနှိုင်းတာတွေကို ဆယ်စုနှစ် တစုကျော် ကျော်ဖြတ်ခဲ့ရပြီးမှ ဒီစာချုပ်ကို သဘောတူ လက်မှတ် ထိုးနိုင်ခဲ့ကြတာပါ။
အတိတ်မှာလည်း အိန္ဒိယရဲ့ ရေအားလျှပ်စစ်ထုတ်စီမံကိန်းနဲ့ ရေစီမံမှုဆိုင်ရာ စီမံချက်တွေက မြစ်ရေစီးမှုကို လျော့ကျသွားစေတဲ့အတွက် ဒါဟာ စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပါကစ္စတန်က ကန့်ကွက်ခဲ့ကာ အငြင်းပွားတာတွေ ဖြစ်ခဲ့ဖူးပါတယ်။
(ပါကစ္စတန် စိုက်ပျိုးရေးရဲ့ ၈၀ ရာခိုင်နှုန်းကျော်နဲ့ ရေအားလျှပ်စစ်စွမ်းအင် ၃ ပုံ ၁ ပုံက အိန္ဒုမြစ်ဝှမ်းက မြစ်ရေတွေကို မှီခိုနေရတာပါ။)

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မဝေးတဲ့ ကာလတွေအတွင်း အိန္ဒိယက ဒီစာချုပ်ကို ပြန်သုံးသပ်ဖို့ တွန်းနေခဲ့ပါတယ်။ သူတို့အကြောင်းပြတာကတော့ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့ အတူ မြစ်ရေသွယ်ယူတဲ့ ဆည်မြောင်းတွေ၊ သောက်သုံးရေ ယူတာတွေက အစ ရေအားလျှပ်စစ်လိုအပ်မှုတွေ အဆုံး အားလုံးက ပြောင်းလဲနေပြီလို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်က ကြားခံဆောင်ရွက်ပေးမှုနဲ့ အတူ ပါကစ္စတန်နဲ့ အိန္ဒိယဟာ စာချုပ်အတွင်း ဥပဒေကြောင်း ပြိုင်ဆိုင်မှုတွေကို နှစ်အတော်ကြာ လုပ်နေခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ စာချုပ်ကို တဖက်ဖက်က ဆိုင်းငံ့ပြီလို့ ပထမဆုံး ကြေညာလိုက်တာပါ။ ကြေညာတာကလည်း ပထဝီအရ အရေးသာတဲ့ မြစ်ညာက အိန္ဒိယနိုင်ငံပါ။
ဒါပေမဲ့ ဒီစာချုပ် ဆိုင်းငံ့တာကနေ တကယ် ဘာတွေ ဖြစ်လာမှာပါလဲ။ ပါကစ္စတန်ရဲ့ အသက် သွေးကြော ထိခိုက်သွားအောင် အိန္ဒုမြစ်ဝှမ်းက မြစ်ရေတွေကို အိန္ဒိယက ပိတ်လိုက်နိုင်လား၊ လွှဲယူနိုင်လား။ သူတို့ တကယ် အဲဒီလို လုပ်နိုင်စွမ်းရှိလို့လား။
မြစ်ရေတိုးနေတဲ့ ကာလမှာ အနောက်ဘက်မြစ်တွေက ရေထုထည် ကုဗမီတာ ဘီလျံ ဆယ်နဲ့ချီ ရှိနေတာမို့ ဒီရေတွေကို အိန္ဒိယက ထိန်းထားဖို့ မဖြစ်နိုင်သလောက်ပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီလောက် ပမာဏများတဲ့ ရေတွေကို လှောင်ထားစရာ အခြေခံအဆောက်အဦလည်း အိန္ဒိယမှာအလုံအလောက် မရှိသလို၊ လွှဲယူဖို့ တူးမြောင်းကြီးတွေလည်း မရှိပါဘူး။
"အိန္ဒိယရဲ့ ရေအားသုံးလျှပ်စစ်ထုတ်စက်ရုံတွေ အများစုက မြစ်ရေတွေ အများကြီးကို ထိန်းသိမ်းထားဖို့ မလိုပါဘူး" လို့ ဆည်မြောင်းတာတမံ၊ မြစ်ကြောင်းနဲ့ ပြည်သူ့ရေးရာဆိုင်ရာ တောင်အာရှ ကွန်ရက်က ဒေသဆိုင်ရာ ကျွမ်းကျင်သူ ဟစ်မန်ရှူတက်ကာက ပြောပါတယ်။
အဲဒီ ရေအားသုံးလျှပ်စစ်ထုတ်စက်ရုံတွေက ရေစီးအားနဲ့ တာဘိုင်စက်တွေကို လည်စေကာ လျှပ်စစ် စွမ်းအင် ထုတ်ယူတာဖြစ်ပြီး ရေပမာဏ အများကြီးကို ထိန်းထားစရာ မလိုအပ်ပါဘူး။
အိန္ဒိယ တာတမံ ဆည်တွေက အိန္ဒု၊ ဂျေလမ် နဲ့ ချေနက် မြစ်ရေတွေရဲ့ ၂၀ ရာခိုင်နှုန်း လောက်ကိုတောင် လှောင်ထားလို့ မရဘူးလို့ အိန္ဒိယ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီအချက်ကြောင့်လည်း သူတို့က ရေကို ပိုလှောင်နိုင်တဲ့ ဆည်တွေ ဆောက်ဖို့ ပြောဆိုနေတာဖြစ်ပြီး ဒီလိုလုပ်မှာကို ပါကစ္စတန်ဘက်က စာချုပ်ပါ အချက်တွေကို ထောက်ပြကာ ကန့်ကွက်ထားပါတယ်။
ပါကစ္စတန်ကို အကြောင်းမကြားပဲ အခုတော့ အိန္ဒိယဟာ လက်ရှိ အခြေခံအဆောက်အဦတွေကို မွမ်းမံတာ၊ အသစ်တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်တော့မယ်လို့ ကျွမ်းကျင်တွေက ဆိုပါတယ်။
"အတိတ်တုန်းကလို မဟုတ်တော့ဘဲ အိန္ဒိယဟာ စီမံကိန်း စာရွက်စာတမ်းတွေကို ပါကစ္စတန်ကို ပေးစရာ မလိုတော့ဘူးလေ" လို့ မစ္စတာ တက်ကာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒု မြစ်ဝှမ်းအတွင်း ဆည်တွေဆောက်ဖို့ လုပ်မယ်ဆိုရင် တောင်တန်းတွေက အကန့်အသတ် အခက် အခဲဖြစ်နေတာ၊ အိန္ဒိယနိုင်ငံတွင်းက ဆန္ဒပြ ကန့်ကွက်ပွဲတွေ ထွက်ပေါ်လာတာ စတာတွေ ကြောင့် စီမံကိန်းတွေက အိန္ဒိယမှာ သိပ်လုပ်လို့မရခဲ့ပါဘူး။
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသမှာ ၂၀၁၆ တုန်းက စစ်သွေးကြွတိုက်ခိုက်မှု တခုဖြစ်ခဲ့ပြီးတဲ့နောက် အိန္ဒိယ ရေအရင်းအမြစ် ဝန်ကြီးဌာနက အရာရှိတွေက သူတို့ အိန္ဒု မြစ်ဝှမ်းထဲမှာ ဆည်တွေ၊ တာတမံတွေ တိုးပြီးဆောက်လုပ်မယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။
အဲဒီ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဘယ်အဆင့်ရောက်နေပြီလဲဆိုတဲ့ တရားဝင် အချက်အလက်တွေ ထွက်မလာခဲ့ပေမဲ့ လုပ်ဆောင်မှုတွေက နှောင့်နှေးနေဆဲပဲလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အိန္ဒိယမှာ လက်ရှိရှိနေတဲ့ အခြေခံအဆောက်အအုံ ရင်းမြစ်တွေကို သုံးပြီး မြစ်ရေကို ထိန်းမယ်ဆိုရင် ရေအနည်းဆုံးကာလဖြစ်တဲ့ နွေရာသီမှာ ပါကစ္စတန်အနေနဲ့ သက်ရောက်မှုတွေကို ခံစားရနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။
တပ်ဖ် တက္ကသိုလ် (Tufts University) က မြို့ပြ သဘာဝဝန်းကျင် မူဝါဒနဲ့ သဘာဝ ပတ်ဝန်းကျင် လေ့လာရေးဌာနက တွဲဖက် ပါမောက္ခ ဟတ်ဆန် အက်ဖ် ခန်းက "နွေရာသီကျရင် အဲဒီ မြစ်ဝှမ်းအတွင်း ရေတွေက နည်းသွားမယ်၊ လှောင်တာက ပိုများလာမယ်ဆိုရင် အဲဒီအချိန်မှာ ဖြစ်လာမှာတွေက စိုးရိမ်စရာပါ" လို့ ဒွဲန်း (Dawn) သတင်းစာမှာ ရေးပါတယ်။
"စာချုပ်ထဲမှာ ကန့်သတ်ချက်မထားထားတာတွေကို စလုပ်လာမယ်ဆိုရင် ချက်ချင်းထိခိုက်လာမှာတွေကို တွေ့ လာရနိုင်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
စာချုပ်အရ အိန္ဒိယအနေနဲ့ ရေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပါကစ္စတန်ကို မျှဝေပေးရမှာ ဖြစ်ပြီး အဲဒါတွေက ရေကြီးတာ၊ တူးမြောင်းသွယ်ယူတာ၊ ရေအားလျှပ်စစ်နဲ့ သောက်သုံးရေတို့အတွက် ခန့်မှန်းတာ၊ စီမံတာတွေ အတွက်အရေးပါ ပါတယ်။
အိန္ဒိယရဲ့ IWT စာချုပ် ကော်မရှင်နာအဖြစ် ၆ နှစ်ကျော် တာဝန်ယူခဲ့တဲ့ ပရာဒိ ကူးမား ဆက်ဆီနာက အိန္ဒိယအနေနဲ့ ရေကြီးမှု အချက်အလက်တွေကို ပါကစ္စတန်ဆီ မျှဝေတာကို ရပ်ဆိုင်းနိုင်ပြီလို့ Press Trust of India သတင်းဌာနကို ပြောပါတယ်။
မုတ်သုံရာသီမှာ ဒီဒေသဟာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။
ဒါပေမဲ့ ရေဆိုင်ရာ အချက်အလက်တွေကို အိန္ဒိယဟာ အရင်ကတည်းက သိပ်မမျှဝေခဲ့ပါဘူးလို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။
"အိန္ဒိယဟာ သူတို့ နောက်ဆုံး ထုတ်ပြန်ချက် မတိုင်ခင် အချိန်ကတည်းက အဲဒီ အချက်အလက်တွေ စုစုပေါင်းရဲ့ ၄၀% လောက်ကိုသာ သူတို့ကို ပေးတာဖြစ်တယ်" လို့ ပါကစ္စတန်ရဲ့ IWT စာချုပ် ကော်မရှင်နာဟောင်း ဖြစ်တဲ့ ရှာရစ်ဇ် မန်မွန်က ဘီဘီစီ အူရဒူဌာနကို ပြောပါတယ်။
တကယ်လို့ မြစ်ညာနိုင်ငံက မြစ်ခြေနိုင်ငံအပေါ် ရေကို "လက်နက်အဖြစ်သုံး" လာရင် ဆိုတဲ့ တင်းမာမှုကလည်း ဒေသအတွင်းမှာ အမြဲရှိပါတယ်။
ဒါကို "ရေဗုံး" လို့ ခေါ်ဆို သုံးနှုန်းလေ့ရှိပြီး သဘောကတော့ မြစ်ညာနိုင်ငံက ရေတွေကို ယာယီ သိုလှောင် ထိန်းထားကာ ဘာမှ သတိပေးတာမျိုးမရှိဘဲ လွှတ်ထုတ်ပေးလိုက်ရင် မြစ်ခြေမှာ ပျက်စီးမှု အကြီးအမားနဲ့ ကြုံရမှာမျိုးကို ဆိုလိုပါတယ်။
အိန္ဒိယက ဒါမျိုး လုပ်နိုင်သလား။
ရေကြီးရင် အဲဒီဘေးကို အိန္ဒိယက သူ့နယ်မြေအတွင်းမှာ ပထမဆုံး ကြုံရမှာပါ၊ ဘာလို့လဲဆိုတော့ သူ့ဆည်တွေက ပါကစ္စတန် နယ်စပ်နဲ့ အဝေးမှာ ရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ သူတို့ ဆည်တွေထဲက နုန်းတွေကို ဘာမှ သတိပေးတာမရှိဘဲ ထုတ်ပစ် ရှင်းလင်းလိုက်ရင် မြစ်ခြေ ပါကစ္စတန်မှာ အပျက်အစီးကြီးနိုင်ပါတယ်။
အိန္ဒုမြစ်လိုပဲ ဟိမဝန္တာကလာတဲ့ မြစ်တွေက နုန်းတွေအများကြီးပါကာ ဆည်တွေ၊ တာတမံတွေမှာ စုပုံနေတတ်ပါတယ်။ ဒါတွေက ဆေးချ ရှင်းထုတ်လိုက်ရင် မြစ်ခြေဘက်မှာ အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။
မြင်ကွင်းကျယ် မြင်ရအောင် ထပ်ချဲ့ကြည့်ရင်တော့ အိန္ဒိယဟာ ဗြဟ္မပုတ္တရမြစ်ဝှမ်းအတွင်း တရုတ်ဘက်က မြစ်ရဲ့ အခြေအရပ်ဘက်မှာ တည်ရှိတာပါ။ (အိန္ဒုဟာလည်း တိဘက် ထဲမှာ မြစ်ဖျားခံတာပါ။)
၂၀၁၆ က အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားမှာ စစ်သွေးကြွတိုက်ခိုက်မှု ဖြစ်တော့ "သွေးနဲ့ ရေတွေ အတူ မစီးဆင်းနိုင်ဘူး" လို့ အိန္ဒိယက သတိပေးလိုက်တဲ့အခါ တရုတ်က သူတို့ဆီက ယာလွန်း ဆန်ပို မြစ်ရဲ့ လက်တက်တခုကို ပိတ်ချလိုက်ပြီး ရေအားလျှပ်စစ် စက်ရုံ စီမံကိန်းကို လုပ်ပါတယ်။ အဲဒီမြစ်လက်တက်ကနေ အိန္ဒိယ အရှေ့မြောက်ပိုင်းက ဗြဟ္မပုတ္တရမြစ် ဖြစ်လာတာပါ။
တိဘက်မှာ ရေအားလျှပ်စစ်ထုတ်စက်ရုံတွေကို တရုတ်က ဆောက်လုပ်ပြီးတဲ့နောက် ယာလွန်း ဆန်ပိုမြစ်မှာ ကမ္ဘာ့ အကြီးဆုံး ဆည်ကြီးကို ဆောက်ဖို့ စီစဉ်ထားပါတယ်။
ဘေဂျင်းကတော့ သဘာပတ်ဝန်းကျင်ကို အနည်းအကျဉ်းသာ ထိခိုက်မှာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီမြစ်ရဲ့ မြစ်ရေကို တရုတ်က ထိန်းချုပ်သွားမှာကို အိန္ဒိယက စိုးရိမ်ထိတ်လန့်ပါတယ်။












