အွန်လိုင်းမှာစပြီး ထောင်ထဲမှာအဆုံးသတ်သွားတဲ့ အိန္ဒိယ-ပါကစ္စတန် အချစ်ဇာတ်လမ်း

အာနန့်ဇာနာနီ၊ အီမရန်ကွာရှီ

ဘီဘီစီ ဟိန္ဒီ

ကိုဗစ်လော့ဒေါင်းကာလ ၂၀၂၀ခုနှစ်အတွင်း အီရာနဲ့ မူလာယမ်တို့ အွန်လိုင်းမှာ စတွေခဲ့တဲ့အကြောင်း ရဲတွေက ပြော

ဓာတ်ပုံ ရင်းမြစ်, BANGALORE POLICE

ဓာတ်ပုံ ပုံစာ, ကိုဗစ်လော့ဒေါင်းကာလ ၂၀၂၀ ခုနှစ်အတွင်း အီရာနဲ့ မူလာယမ်တို့ အွန်လိုင်းမှာ စတွေခဲ့တဲ့အကြောင်း ရဲတွေက ပြော

ပါကစ္စတန်အမျိုးသမီးတစ်ဦးကို နိုင်ငံတွင်း တရားမဝင်ခေါ်ယူမှု၊ နိုင်ငံသားကတ်ပြား အတုလုပ်ပေးမှုတွေနဲ့ ဇန်နဝါရီလတုန်းက အိန္ဒိယ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။

သူ အကူညီပေးခဲ့တဲ့သူက သူ့ရဲ့ ဇနီးသည် ဖြစ်ပါတယ်။

အိန္ဒိယက မူလာယမ် ဆင်းယာဒက် ၂၁ နှစ်နဲ့ ပါကစ္စတန်က အီရာ ဂျီဝါနီတို့ Ludo Board game လို့ခေါ်တဲ့ ဂိမ်းကစားရင်း ပြီးခဲ့တဲ့ သုံးနှစ်လောက်က အွန်လိုင်းမှာ စပြီး ချစ်ကြိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ လက်တွေ့မှာ အတူတူနေဖို့ ခက်မယ်ဆိုတာတော့ သိကြပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံဟာ အိန္ဒိယ လွတ်လပ်ရေးရပြီးတဲ့အခါ၊ ပါကစ္စတန် နိုင်ငံက လွတ်လပ်တဲ့နိုင်ငံအဖြစ် ခွဲထွက်တည်ထောင်လိုက်ပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ်ကတည်းက စစ်ပွဲသုံးကြိမ် ဆင်နွှဲခဲ့ကြပါတယ်။ ပြီးတော့ တစ်နိုင်ငံကလူတွေ အခြားနိုင်ငံ ကိုကူးသွားတာ၊ ဗီဇာရဖို့တွေကလည်း ခက်ခဲပါတယ်။

မူလာယမ်နဲ့အီရာတို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နီပေါမှာ လက်ထပ်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ ကာနာတာကာ ပြည်နယ်မြို့တော် ဘန်ဂလောမြို့မှာ အတူ နေထိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလရောက်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော် ရွှင်ကြည်နူးစရာဘဝဟာ ကြေကွဲစရာ အဖြစ် ပြောင်းသွားပါတယ်။ အီရာ ဂျီဝါနီဟာ အိန္ဒိယနိုင်ငံထဲကို တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး မူလာရမ် ဆင်းယာ ဒက်ကတော့ လိမ်လည်မှု၊ အတုအပပြုလုပ်မှု၊ စာရွက်စာတမ်း အထောက်အထား မရှိတဲ့ နိုင်ငံခြားသားတစ်ဦးကို နေစရာပေးမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ရှိမှာ မူလာယမ် ဆင်းယာဒက်က ဘန်ဂလောမြို့က ထောင်ထဲမှာ အဖမ်းခံနေရပြီး အီရာ ဂျီဝါနီကိုတော့ ပြီးခဲ့တဲ့သီတင်းပတ်က ပါကစ္စတန်ကို ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတရာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ မူလာယမ်ရဲ့ မိသားစုတွေက သူတို့သား ဖမ်းဆီးခံထားရတဲ့အတွက် ဝမ်းနည်း ကြေကွဲနေကြပါ တယ်။ ဒီလင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ရိုးရှင်းတဲ့ အချစ်ဇတ်လမ်းတစ်ခုသက်သက်ပါလို့လည်း သူတို့က ပြောပါတယ်။

မူလာယမ်ရဲ့ အစ်ကို ဂျီထယ်က “သူတို့နှစ်ယောက်ကို အတူတူပြန်နေစေချင်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက အခြေအနေကို နားလည်ပေမဲ့ သူတို့နှစ်ယောက်လုပ်ခဲ့တာတွေ အားလုံးက အချစ်ကြောင့်ပါ”လို့ ပြောပါတယ်။

သူ့တို့အဖြစ်ကို ရဲတွေကတောင် နားလည်ပေးကြပုံရပါတယ်။

“နိုင်ငံတွင်း တရားမဝင် ခိုးဝင်မှုနဲ့ အတုအပလုပ်တာတွေ ဖယ်လိုက်ရင် ဒါဟာ အချစ် ဇာတ်လမ်းတစ်ခုပါပဲ”လို့ ဘန်ဂလောမြို့က အမည်မဖော်လိုတဲ့ ရဲ အရာရှိကြီးတစ်ဦးက ပြောပါတယ်။

 သူတို့စုံတွဲဟာ မနှစ်က နီပေါမှာ လက်ထပ်ခဲ့ကြပေမယ့် သူတို့ အတူနေခဲ့ရတဲ့အ ချိန်က တိုတောင်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JEET LAL YADAV

ဓာတ်ပုံ ပုံစာ, သူတို့စုံတွဲဟာ မနှစ်က နီပေါမှာ လက်ထပ်ခဲ့ကြပေမဲ့ သူတို့ အတူနေခဲ့ရတဲ့အ ချိန်က တိုတောင်းပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ၂၀၂၀ခုနှစ် ကိုဗစ်လော့ဒေါင်းချထားတဲ့ အချိန်က စခဲ့တာပါ။

အဲ့ဒီအချိန်တုန်း မူလာယမ်က ဘန်ဂလောမြို့မှာရှိတဲ့ အိုင်တီကုမ္ပဏီတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်နေပြီး အီရာကတော့ ပါကစ္စတန်နိုင်ငံ ဟိုက်ဒီရာဘက်မြို့က ကျောင်းသူတစ်ဦးပါ။

အွန်လိုင်းမှာ တွေ့ဆုံပြီးနောက်ပိုင်း သူတို့နှစ်ဦးဆက်ဆံရေးက အစပိုင်းမှာ ရေမြေခြား နေခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ အီရာကို သူ့မိသားစုက အိမ်ထောင်ပြုဖို့ ဖိအားပေးနေပါတယ်။

မူလာယမ်က အီရာကို ပါကစ္စတန်ကနေ ထွက်လာခိုင်းလို့ အီရာ ဒူဘိုင်းကတစ်ဆင့် နီပေါကို ရောက်လာခဲ့ပါတယ်။အဲဒီက ဘုရားကျောင်းတစ်ခုမှာ ဟိန္ဒူအခမ်းအနား တစ်ခုနဲ့ လက်ထပ်ခဲ့ကြပြီးနောက် အိန္ဒိယနိုင်ငံကို ရောက်လာကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ အီရာ ဂျီဝါနီ အိန္ဒိယမှာနေဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မရှိတာကြောင့် ယာဒက်က အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ကတ်အတုကို လုပ်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ အပြောအရ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့အပြောအရ အီရာ ဂျီဝါနီကို အိမ်မှာထားပြီး မူလာယမ် ယာဒက်က နေ့တိုင်း အပြင် အလုပ်ထွက်လုပ်ပါတယ်။ ဒါပေမဲ့ အီရာ ဂျီဝါနီက ပါကစ္စတန်က သူ့ အမေဆီ WhatsAppက တစ်ဆင့် မကြာခဏ ဖုန်းခေါ်ဆိုခဲ့တဲ့အတွက် အဲ့ဒီကတစ်ဆင့် ရဲတွေက သူ့ကို ခြေရာခံမိသွားတာပါ။

သူတို့မြိုမှာ Aero India လေကြောင်း ပြပွဲနဲ့ G20 ဘဏ္ဍာရေး ဝန်ကြီးများအစည်းအဝေးလို နိုင်ငံတကာပွဲကြီးနှစ်ပွဲ ကျင်းပဖို့ စီစဉ်ထားတာကြောင့် လုံခြုံရေး အခြေအနေ တိုးမြှင့်ထားတဲ့အကြောင်း ဘန်ဂလောရဲ တပ်ဖွဲ့တာဝန်ရှိတဲ့သူတွေက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်ပြီးတဲ့ နောက် အီရာ ဂျီဝါနီကို အိန္ဒိယနိုင်ငံတွင်း တရားမဝင်ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်နေ့မှာ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးကို လွှဲလိုက်ပါတယ်။ အဲ့ဒီနောက် ဖေဖော်ဝါရီလထဲမှာ သူ့ကို ပါကစ္စတန် ပြန်ပို့ခဲ့ပါတယ်။

“အခုလောလောဆယ်တော့ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ပြစ်မှုကလွဲလို့ သူ့မှာ ဘာပြစ်မှုမှမတွေ့သေးဘူး။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်”လို့ ဘန်ဂလောပြည်နယ် ဝှိုက်ဖီးလ် ခရိုင် လက်ထောက် ရဲမင်းကြီး အက်စ် ဂျီရှစ်က ဘီဘီစီကို ပြောပါတယ်။

ပါကစ္စတန်မှာရှိနေတဲ့ အီရာ ဂျီဝါနီကိုဖြစ်ဖြစ် သူ့မိသားစုကိုဖြစ်ဖြစ် ဆက်သွယ် မေးမြန်းဖို့ ဘီဘီစီအနေနဲ့ ဆက်သွယ်လို့မရ ဖြစ်နေပါတယ်။ အီရာ အိမ်ပြန်ရောက်နေပြီလို့ သူ့အဖေကပြောတာကို PTI သတင်းဌာနက အခုသီတင်းပတ်အစောပိုင်းမှာ ဖော်ပြခဲ့ ပြီး သူတို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ မပြောချင်ဘူးဆိုတာ သိရပါတယ်။

မူလာယမ်ယာဒက်ရဲ့ မိခင် ရှန်တီဒီဗီကတော့ နှစ်နိုင်ငံအစိုးရတွေအနေနဲ့ မူလာယမ်တို့နှစ်ဦး ပြန်လည်ပေါင်းစည်းရေးအတွက် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

"အီရာ ဂျီဝါနီက မွတ်ဆလင်လား၊ ပါကစ္စတန်ကလားဆိုတာ ကျွန်မတို့ ဂရုမစိုက်ဘူး၊ သူက ကျွန်မတို့ ချွေးမလေ။ ကျွန်မတို့ သူ့ကို ကောင်းကောင်း ဂရုစိုက်ရမှာပေါ့။ "