သီရိလင်္ကာ အကျပ်အတည်းက တခြားအာရှနိုင်ငံတွေကို သတိပေးခဲ့

အရင်ကမကြုံဖူးတဲ့ စီးပွားရေးအကျပ်အတည်းမျိုး သီရိလင်္ကာနိုင်ငံ ကြုံနေရပြီး၊ အဲ့ဒီကနေ သမ္မတရာထူးက နုတ်ထွက်၊ အခြားနိုင်ငံကိုတောင် ထွက်ပြေးရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။
အဲ့ဒါနဲ့ဆက်စပ်ပြီး အခြားနိုင်ငံတွေမှာလည်း အလားတူမျိုးကြုံလာရနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲက ပြောပါတယ်။
"အကြွေးတွေ အများကြီးရှိနေပြီး မူဝါဒ အကောင်အထည်ဖော်တာမှာ အကန့်အသတ်တွေရှိနေတဲ့ နိုင်ငံတွေမှာ နောက်တိုးအကျပ်အတည်းတွေနဲ့ ကြုံလာရနိုင်ပါတယ်။ သီရိလင်္ကာနိုင်ငံအဖြစ်အပျက်က အကောင်းဆုံးသတိပေးချက်တစ်ခုလို့ ပြောလို့ရပါတယ်။"
ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သူတို့နိုင်ငံထဲက အရင်းအနှီးတွေ နိုင်ငံအပြင်ဘက် ထွက်နေတာကို လေးလဆက်တိုက်ကြုံနေရပြီး စီးပွားရေးချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ ထိခိုက်လာစေတယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြားငွေလဲလှယ်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံဟာ သူတို့ နိုင်ငံ လူဦးရေ ၂၂ သန်း အတွက် အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ နိုင်ငံခြားကတင်သွင်းဖို့ အခက်အခဲတွေ့နေပါတယ်။
ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာတဲ့အတွက် အစားအသောက်ဈေးနှုန်းတွေက လွန်ခဲ့တဲ့နှစ်ကထက် ၈၀ ရာခိုင်နှုန်းထိတောင် မြင့်တက်လာပါတယ်။
ဒီနှစ်အတွင်း သီရိလင်္ကာရူပီးငွေတန်ဖိုးက အမေရိကန်ဒေါ်လာနဲ့ အခြားကမ္ဘာ့ငွေကြေးတွေနဲ့ ယှဉ်ရင် အများကြီး ကျသွားတာတွေ့ရပါတယ်။
အခုလိုဖြစ်တာနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာရဲ့ ဆိုးရွားတဲ့မူဝါဒတွေနဲ့ အလွဲသုံးစားလုပ်မှုတွေကို အများစုက အပြစ်တင်ကြပါတယ်။
သီရိလင်္ကာနိုင်ငံဟာ နှစ်ပေါင်းများစွာ ကြွေးတွေအများကြီးတင်နေတဲ့ နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့လက ကြွေးတွေပြန်မဆပ်နိုင်တဲ့အတွက် နှစ် ၂၀အတွင်း နိုင်ငံခြားကြွေးမြီကို ပြန်မဆပ်နိုင်တဲ့ အာရှပစိဖိတ်ဒေသရဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
သီရိလင်္ကာနိုင်ငံကတာဝန်ရှိသူတွေနဲ့ IMFကလူတွေ ဒေါ်လာ ၃ ဘီလီယံ (ပေါင် ၂.၅ ဘီလီယံ)အရေးပေါ် ထောက်ပံ့ရေး ဆွေးနွေးနေပေမယ့် နိုင်ငံရေးမတည်မငြိမ်မှု တွေကြောင့် ဆွေးနွေးပွဲက ရပ်တန့်နေပါတယ်။
ဒါပေမယ့် အလားတူ တကမ္ဘာလုံးမှာလည်း ငွေကြေးဖောင်းပွမှုတွေမြင့်တက်နေပြီး၊ အဲ့ဒီကနေ အတိုးနှုန်းတွေတက်တာ၊ ငွေကြေးတန်ဖိုးကျတာ၊ ကြွေးမြီပမာဏတွေ မြင့်မားလာတာနဲ့ နိုင်ငံခြားအရန်ငွေတွေနည်းပါးလာတာတွေက ဒေသတွင်းက အခြားနိုင်ငံတွေရဲ့ စီးပွားရေးတွေကိုပါ ထိခိုက်လာပါတယ်။
ဒီဖွံ့ဖြိုးဆဲနိုင်ငံအများစုကို တရုတ်နိုင်ငံက ငွေတွေထုတ်ချေးထား၊ လွှမ်းမိုးချုပ်ကိုင်ထားတာကြောင့် သူတို့နိုင်ငံရဲ့ ကံကြမ္မာကိုပါ တရုတ်နိုင်ငံက ထိန်းချုပ်ထားသလို ဖြစ်နေပါတယ်။
ဒါပေမယ့် ဒီချေးငွေတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ဘယ်လိုသဘောတူညီချက် တွေ ရယူထားတယ် ၊ပြန်ဆပ်ရမယ့် အစီအစဥ်တွေရှိတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး ။
ချေးငွေတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က အမှားက အကုန်အကျများပြီး စီးပွားရေးအကျိုးအမြတ်မရနိုင်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေကို အားပေးကူညီပံ့ပိုးခဲ့တာလို့ International Crisis Groupက အလန်ကီနန်က လည်း အခုလို ပြောပါတယ်။
"အာဏာရ ရာဂျာပက်ဆာမိသားစုနဲ့ သူတို့မူဝါဒတွေ အကောင်အထည်ဖော်ဖို့က နိုင်ငံရေးထောက်ခံ အားပေးမှုက အရေးကြီးပါတယ်။ ဒီနိုင်ငံရေးကျရှုံးမှုတွေက သီရိလင်္ကာနိုင်ငံ စီးပွားရေးပြိုလဲမှုရဲ့ ဗဟိုချက်ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှု ပြန်လည်ပြုပြင်မွမ်းမံမှုတွေ မဖြစ်မလာမချင်း သီရိလင်္ကာနိုင်ငံဟာ လက်ရှိအိပ်မက်ဆိုးက လွတ်မြောက်ဦးမှာ မဟုတ်ပါဘူး။"
စိုးရိမ်စရာကောင်းတာက အခြားနိုင်ငံတွေကလည်း သီရိလင်္ကာဖြစ်ခဲ့သလိုမျိုး အလားတူ လမ်းကြောင်းပေါ်ကို ရောက်နေတဲ့ ပုံစံမျိုးတွေ တွေ့နေရတာပါ။
လာအို

လူဦးရေ ၇.၅ သန်းကျော်ရှိတဲ့ အရှေ့အာရှ ကုန်းတွင်းပိတ် လာအိုနိုင်ငံကလည်း နိုင်ငံခြားချေးငွေတွေ လပေါင်းများစွာ ပြန်မဆပ်နိုင်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရ ပါတယ်။
လက်ရှိမှာ ယူကရိန်းကို ရုရှားကကျူးကျော်မှုကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် လောင်စာဆီဖြန့်ဝေဖို့ အခက်အခဲတွေထပ်ဖြစ်လာပြီး လူသုံးပုံတစ်ပုံခန့် ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံရဲ့ ကုန်စျေးနှုန်းတွေက မြင့်တက်လာပါတယ်။
လောင်စာဆီရဖို့ လူတွေ တန်းအရှည်ကြီးတွေ စီနေရတာတွေကို ပြည်တွင်းမီဒီယာတွေက ဖော်ပြနေပြီး အချို့အိမ်ထောင်စုတွေဆိုရင် သူတို့ပေးရမယ့် ရေဖိုး၊ မီးဖိုးတွေကို တောင် ပေးနိုင်ဖို့ အခြေအနေမရှိကြပါဘူး။
လာအိုနိုင်ငံရဲ့ သုံးငွေ ကစ် ကလည်း တန်ဖိုးဆက်တိုက်ကျဆင်းနေသလို အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်လိုက်ရင် ဒီနှစ်ထဲမှာ သုံးပုံတစ်ပုံကျော်တောင် ကျဆင်းလာ ပါတယ်။
အမေရိကန်မှာ ဘဏ်တိုးနှုန်းမြှင့်လိုက်မှုက ဒေါ်လာကို ပိုအားကောင်းလာစေပြီး တခြားနိုင်ငံတွေရဲ့ ပြည်တွင်းငွေကြေးတွေ အားနည်းသွားစေတာကနေ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေ ပိုတိုးလာပြီး သွင်းကုန်တွေအတွက် စရိတ်စကတွေပါ ပိုတက်လာတာပါ။
အရင်ကတည်းက အကြွေးထူနေတဲ့ လာအိုနိုင်ငံရဲ့အခြေအနေဟာ ချေးငွေတွေ ပြန်ဆပ်ဖို့နဲ့ လောင်စာဆီလို သွင်းကုန်တွေအတွက် ပေးရမယ့် ငွေတွေရဖို့ ရုန်းကန်နေရပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ လာအိုမှာ ယမန်နှစ် ဒီဇင်ဘာလအထိ အရန်ငွေ ဒေါ်လာ ၁.၃ ဘီလျံ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့နိုင်ငံရဲ့ နှစ်စဥ် ပြည်ပကြွေးမြီ စုစုပေါင်းဟာ ၂၀၂၅ ခုနှစ်အထိ အရင်ပမာဏာအတိုင်းရှိတယ်ဆိုပေမယ့် အဲ့ဒီပမာဏာက စုစုပေါင်းပြည်တွင်း ဝင်ငွေရဲ့ထက်ဝက်ခန့်နဲ့ သွားညီနေပါတယ်။
ဒီအခြေအနေတွေကြောင့် ပြီးခဲ့တဲ့လမှာ မူဒီအဖွဲ့ -Moody's Investor Services ဟာ ကွန်မြူနစ် အုပ်ချုပ်တဲ့ လာအိုနိုင်ငံကို ကြွေးမြီအခြေအနေ အန္တရာယ် မြင့်မားတဲံနိုင်ငံ စာရင်းထဲကို ထည့်လိုက်ပါတယ်။
ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ မီးရထားလမ်းတည်ဆောက်တာမျိုးလို စီမံ ကိန်းကြီးတွေအတွက် တရုတ်နိုင်ငံက လာအိုကို လတ်တလောနှစ်တွေအတွင်းမှာ ငွေတွေအများကြီး ထုတ်ချေးထားပါတယ်။
ပြီးခဲ့တဲတစ်နှစ်တည်းမှာတင် တရုတ်က လာအိုကို စီမံကိန်း ၈၁၃ ခုအတွက် ဒေါ်လာ ၁၆ ဘီလျံချေးထားတယ်လို့ လာအိုအစိုးရ တာဝန်ရှိတဲ့ သူတွေက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှာ ပြောထားပါတယ်။
လာအိုနိုင်ငံက တင်နေတဲ့အကြွေးက သူတို့နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်စုစုပေါင်း (GDP)ရဲ့ ၈၈ ရာခိုင်နှုန်းရှိနေပြီး အဲ့ဒီအကြွေးပမာဏာရဲ့ ထက်ဝက်နီးပါးက တရုတ် နိုင်ငံကို အကြွေးတင်နေတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အပြောအရ သိရပါတယ်။
၁၉၇၅ ခုနှစ်ကတည်းက အာဏာရယူခဲ့တဲ့ လာအိုပြည်သူ့တော်လှန်ရေးပါတီရဲ့ နှစ်ပေါင်းများစွာ စီးပွားရေး စီမံခန့်ခွဲမှုတွေရဲ့ မှားယွင်းမှုကို ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ဒါပေမယ့် မူဒီအဖွဲ့ က ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု တိုးမြင့်လာပြီး ရေအားလျှပ်စစ်တင်ပို့မှုကို အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေအဖြစ် ဖော်ပြနေကြပါတယ်။
" အန္တရာယ်ဇုန်ကို ရှောင်ကွင်းသွားနိုင်မယ့် အခြေအနေတွေ လာအိုနိုင်ငံမှာရှိနေပြီး ထောက်ပံ့မှုတွေရဖို့ လိုအပ်ပါတယ်" လို့ စီးပွားရေးပညာရှင် ဟီရွန်လင်းက မကြာသေးမီကထုတ်တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်
လောင်စာဆီ ဖြန့်ဝေထောက်ပံ့မှုတွေ အစိုးရက ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း မေလ ကုန်ပိုင်းကစလို့ ပါကစ္စတန်မှာ လောင်စာဆီစျေးနှုန်းတွေ ၉၀ ရာခိုင်နှုန်း လောက်အထိ မြင့်တက်လာပါတယ်။အစိုးရက အဲ့ဒီအခြေအနေကို ထိန်းနိုင်ဖို့ ကြိုးစားနေရသလို IMFအဖွဲ့ နဲ့ ညှိနှိုင်းပြီး ငွေကြေးအကျပ်အတည်းက လွတ်မြောက်ဖို့ နဲ့ ပုံမှန်အခြေ အနေပြန်ရဖို့ ကြိုးပမ်းနေရပါတယ်။
ကုန်စျေးနှုန်းတွေ မြင့်တက်လာမှုကြောင့် ပါကစ္စတန်ရဲ့ စီးပွားရေးအခြေအနေဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းအနေနဲ့ ဇွန်လမှာ ၂၁.၃% ထိမြင့်တက်ခဲ့ပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။
သီရိလင်္ကာ၊ လာအိုနဲ့ ပါကစ္စတန်နိုင်ငံတွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက သူတို့စုဆောင်းထားတဲ့ နိုင်ငံခြားအရန်ငွေ ထက်ဝက်နီးပါးကျဆင်းတဲ့အတွက် နိုင်ငံခြားအရန်ငွေနည်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
IMFရဲ့ အဓိက တောင်းဆိုချက်တွေထဲက တစ်ခုဖြစ်တဲ့ အစိုးရ၀င်ငွေနှင့် အသုံး စရိတ်တွေကြားကွာဟမှုကို လျှော့ချဖို့ ကြိုးပမ်းတဲ့အနေနဲ့ အကြီးစား စက်မှု လုပ်ငန်းကြီးတွေကို ၁၀% အခွန် တစ်နှစ်ချမှတ်ပြီး ဒေါ်လာ ၁.၉၃ ဘီလျံ အထိရအောင်တိုးမြှင့်ခဲ့ပါတယ်။
" ဒီရန်ပုံငွေတွေရအောင် သူတို့ လမ်းဖွင့်ပေးနိုင်ရင်၊ ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု) တို့လို တခြား ငွေချေးတဲ့ နိုင်ငံတွေက အကြွေးထပ်တိုးပေးဖို့ ဆန္ဒတွေရှိလာနိုင်တယ်" လို့ S&P Global Ratingsအဖွဲ့ရဲ့ လေ့လာဆန်းစစ်သူ အင်ဒရှုးဝုဒ် က ဘီဘီစီကို ပြောပါတယ်။
အဲဒီပြဿနာအချို့ကို ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့သူ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းဟာ စီးပွားရေးကျဆင်းအောင်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်အပြင် အခြားအကြောင်းပြချက်တွေနဲ့ ရာထူးက ဆင်းပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့လကလည်း ပါကစ္စတန်အစိုးရ အကြီးတန်းဝန်ကြီးတစ်ဦးက နိုင်ငံခြားက သွင်းကုန်တွေအတွက် ကုန်ကျစရိတ်သက်သာဖို့ ပါကစ္စတန်က လူတွေကို လက်ဖက်ရည်လျှော့သောက်ကြဖို့တောင် တိုက်တွန်းခဲ့ပါတယ်။

ဒီမှာလည်း တရုတ်ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့နေရာကရှိနေပြီး ပါကစ္စတန်နိုင်ငံတင်နေတဲ့ ကြွေးမြီ လေးပုံတစ်ပုံကျော်ဟာ တရုတ်ပြည်က ချေးထားတာပါ။
"ပါကစ္စတန်က တရုတ်ဆီက ချေးထားတဲ့ ငွေတွေကို တရုတ်နိုင်ငံနဲ့ ဆွေးနွေးပြီး သက်တမ်းတိုးလိုက်ပုံရပြီး အဲ့ဒီငွေတွေကို နိုင်ငံခြားအရန်ငွေတွေထဲ ရောက်သွားပုံရပါတယ်။ ဒါကြောင့် ဒီနှစ် ဒုတိယနှစ်ဝက်ရောက်ရင် တရုတ်နိုင်ငံနဲ့ ထပ်ပြီးဆွေးနွေးမယ့် သဘောရှိပါတယ်။ "လို့ မစ္စတာဝုဒ်က ပြောပါတယ်။
မော်လ်ဒိုက်
မော်လ်ဒိုက်နိုင်ငံက ဆပ်ရမယ့်အကြွေးတွေ လတ်တလောနှစ်တွေအတွင်းမှာ မြင့်တက်လာပြီး အခုဆို နိုင်ငံ ဂျီဒီပီရဲ့ ၁၀၀% အထက်ကိုတောင် ရောက်လာပါပြီ။
မော်လ်ဒိုက်နိုင်ငံဟာ သီရိလင်္ကာလိုပဲ ကပ်ရောဂါဒဏ်ကို ခံစားခဲ့ရပြီး ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ သူတို့နိုင်ငံရဲ့ စီးပွားရေးလဲ ထိခိုက်ခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းအပေါ် အများစုမှီခိုနေရတဲ့ နိုင်ငံတွေရဲ့ ဆပ်ရမယ့် ကြွေးတွေမြင့် လာဖို့ ရှိပေမယ့် မော်လ်ဒိုက်နိုင်ငံမှာ အခြားစီးပွားရေးထွက်ပေါက်မရှိတဲ့ အတွက် လောင်စာဆီစျေးနှုန်း မြင့်မားမှုကို ပိုထိခိုက်ခံစားနေရတယ်လို့ ကမ္ဘာ့ဘဏ်က ပြောနေပါတယ်။
အမေရိကန် ရင်းနှီးမြုပ်နှံမှုဘဏ် ဂျေပီမော်ဂန်ကလည်း အားလပ်ရက် ခရီးစဉ်တွေ သွားတဲ့နေရာတွေဟာ ၂၀၂၃ နှစ်ကုန်အထိ အကြွေးဆပ်ဖို့ အခက်အခဲတွေ့မယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မေလက ငွေကြေးဖောင်းပွမှုပမာဏနှုန်းထားဟာ ၈နှစ် အတွင်းမှာ အမြင့်ဆုံးကို ရောက်လာခဲ့ပြီး ၇.၄၂ % အထိတောင်ရောက်ခဲ့ပါတယ်။
အရန်ငွေတွေ လျော့နည်းလာတာနေတာကြောင့် အစိုးရက မရှိမဖြစ်လိုအပ်နေတဲ့ သွင်းကုန်တွေကို ထိန်းချုပ်ဖို့ ၊ ပြည်ပရောက်နေတဲ့ သန်းနှင့်ချီတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေ ပြည်တွင်းကို ငွေလွှဲတာတွေလုပ်ဖို့ ဆွဲဆောင်တာတွေအပါအဝင် အစိုးရအရာရှိတွေ နိုင်ငံခြားခရီးစဉ်ထွက်တဲ့ အကြိမ်အရေအတွက်တွေကိုပါ လျှော့ချတာတွေ လုပ်ခဲ့ပါတယ်။
"ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာတို့လို လိုငွေပြနေပြီး စီးပွားရေးအကျပ် အတည်းတွေရှိနေတဲ့ နိုင်ငံတွေက အစိုးရတွေက ထောက်ပံ့ကြေးတွေ တိုးပေးရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတွေကတော့ IMF နဲ့ တခြားအစိုးရတွေကို ဘဏ္ဍာရေး အကူအညီတွေပေးဖို့ တောင်းခံနေပါတယ်" လို့ နိုင်ငံတွေရဲ့ ဘဏာရေး အခြေအ နေတွေကို လေ့လာသုံးသပ်နေတဲ့ S&P Global Ratings က ကင်အန်တန်က ဘီဘီစီကို ပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်က အစိုးရအသုံးစရိတ်ကို ပြန်လည်ဦးစားပေးပြီး စားသုံးမှု လုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်ရမယ်"လို့လည်း သူက ပြောပါတယ်။
စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတာကလည်း ကပ်ရောဂါဒဏ်ကြုံနေရတဲ့ ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်သလို ဖြစ်နေတာပါ။
ငွေချေးယူမှု နှစ်ပေါင်းများစွာ ရယူထားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံတွေရဲ့ အခြေခံအုတ်မြစ်အားနည်းမှုက တကမ္ဘာလုံးကိုရိုက်ခိုက်နေတဲ့ စီးပွားပျက် လှိုင်းဒဏ် ကို ခံနိုင်ရည်မရှိတဲ့ သဘောတွေ့ရပါတယ်။









