သီရိလင်္ကာကို ကောင်းဖို့ အကြောင်းဖန်လာတဲ့ ဆန္ဒပြမှုများ

ဒီနီသီကာနဲ့ သူ့အဖေကို စနေနေ့ ကိုလံဘိုမြို့ က ဆန္ဒပြပွဲမှာ တွေ့ရစဥ်
ဓာတ်ပုံ ပုံစာ, ဒီနီသီကာနဲ့ သူ့အဖေကို စနေနေ့ ကိုလံဘိုမြို့ က ဆန္ဒပြပွဲမှာ တွေ့ရစဥ်

စနေနေ့က ဖြစ်ခဲ့တဲ့ သမိုင်းဝင်ဆန္ဒပြပွဲတွေကနေ သမ္မတနဲ့ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ရမယ့် အခြေအနေအထိ သီရိလင်္ကာမှာ ဆက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြပွဲတွေဟာ အပြောင်းအလဲကို လိုလားနေတဲ့ သီရိလင်္ကာလူထုရဲ့ “ ကြီးမား တဲ့ စိတ်ဆန္ဒကိုပြလိုက်တာ”လို့ ဆန္ဒပြပွဲမှာ ဝင်ပါနေတဲ့ ကက်သရင်းမက်ခ်က ဘီဘီစီကို ပြောပါတယ်။

“ကျွန်မတို့က အပြောင်းအလဲကိုပဲလိုချင်တာ။ အကြမ်းဖက်မှုလုပ်တာ မဟုတ်ဘူး”လို့လည်း မြို့တော်ကိုလံဘိုမှာနေထိုင်တဲ့ ကလေးနှစ်ယောက်အမေက အခုလို ပြောပြပါတယ်။

"လူတွေအများကြီးက လမ်းပေါ်ထွက်ဆန္ဒပြပြီး အပြောင်းအလဲလုပ်ဖို့ တောင်းဆိုကြတာ တကယ် အံ့အားသင့်စရာကောင်းတယ်။ လူတွေရဲ့အတွေးအခေါ် ပိုကောင်းလာဖို့ ဆန္ဒပြပွဲတွေကနေ ပြောင်းလဲရမယ်။ အဲ့ဒီပုံစံအတိုင်း ရေရှည်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်" လို့ သူကပြောပါတယ်။

အသက်၂၇နှစ်အရွယ် တက္ကသိုလ်ကထိက ဒီနီသီကာအပူဟာမီကလည်း ကိုလံဘိုမြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့သူတစ်ယောက်ပါ။ သီရိလင်္ကာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် အခုလိုအောင်ပွဲရခဲ့တာလို့ သူက ပြောခဲ့ပြီး၊ သီရိလင်္ကာအစိုးရခေါင်းဆောင်တွေ နုတ်ထွက်မယ်လို့ တရားဝင် မပြောကြသေးဘူးလို့လည်း သတိပေးနေပါတယ်။

ဒါပေမဲ့ သူပြောပြီး နာရီပိုင်းအတွင်းမှာ သီရိလင်္ကာ သမ္မတဂိုတာဘာရာ ရာဂျာပက်ဆား ရာထူးကနုတ်ထွက်တော့မယ်လို့ ဝန်ကြီးချုပ်ရုံးက တရားဝင် ထုတ်ပြန်ပါတယ်။

ဇူလိုင် ၉ရက်နေ့ ကတည်းက ဆန္ဒပြတဲ့သူတွေက သီရိလင်္ကာသမ္မတနဲ့ ဝန်ကြီးချုပ်တွေရဲ့ နေအိမ်တွေကို ဝင်စီးထားကြပြီး သူတို့ ရာထူးက မထွက်မချင်း အိမ်က မထွက်ပေးဘူးလို့လည်း ပြောနေကြပါတယ်။

ဇူလိုင်လ ၁၃ရက်နေ့မှာ သမ္မတရာထူးက နုတ်ထွက်ပေးမယ်လို့ လွှတ်တော် ဥက္ကဋ္ဌက အစောပိုင်းက ပြောထားပါတယ်။

အ‌ပေါ်က အမျိုးသမီးနှစ်ယောက်အကြောင်းကို ပြန်ဆက်ရရင် ဒီအမျိုးသမီးနှစ်ဦးစလုံးက သူတို့နိုင်ငံရဲ့ ဆိုးရွားနေတဲ့ စီးပွားရေးအခြေအနေကို ကောင်းကောင်းသိနေကြတဲ့ သူတွေပါ။ ခေါင်းဆောင် အသစ်တင်မြှောက်တာက တစ်ဆင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည် ထူမတ်လာလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ဒီနီသီကာအနေနဲ့ မိသားစုအတွက် မဖြစ်မနေလိုအပ်တဲ့ နေဖို့ ၊စားဖို့နဲ့၊ ဆေးဝါးတွေအတွက် အကုန်အကျခံနိုင်ပေမယ့် လူအများစုဟာ သူ့လိုမတတ်နိုင်ကြဘူးလို့ ပြောပါတယ်။

သီရိလင်္ကာက လူအများစုက ရေခဲသေတ္တာတွေ ဝယ်မသုံးနိုင်ကြလို့ နွားနို့ လတ်လတ်ဆတ်ဆတ်အစား နို့မှုန့်တွေပဲ ဖျော်သောက်နေရတယ်လို့ သူက ပြောပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေကလည်း ပြတ်နေသလို ကလေးအများစုသောက်ဖို့ နို့တောင် မရှိပါဘူး။

မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ စူပါမားကတ်တွေမှာ ရှိနေသေးပေမယ့် နှို့မှန့်တွေကတော့ ပြတ်နေပါတယ်။
ဓာတ်ပုံ ပုံစာ, မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ စူပါမားကတ်တွေမှာ ရှိနေသေးပေမယ့် နှို့မှန့်တွေကတော့ ပြတ်နေပါတယ်။

တစ်ချို့လူတွေဆို တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားနေရပါတယ်။ သူ့တို့စားဖို့ အစားအစာကို ကိုယ့်တိုင် စိုက်ပျိုးကြဖို့ဆိုတာကလည်း မြို့ပြမှာနေတဲ့လူအတွက် ခက်ခဲသလို တစ်လနှစ်လလောက်နဲ့ အစားအစာရအောင် မျက်လှည့်ပြသလိုမျိုး စိုက်လို့မရဘူး"လို့ သူကပြောပါတယ်။

အခုဆို မြေသြဇာစျေးက အရမ်းစျေးကြီးလို့ မှောင်ခိုဈေးကွက်မှာပဲ ဝယ်လို့ရတယ်လို့လည်း သူက ဆိုပါတယ်။

ဆေး အထောက်အပံ့ပစ္စည်းတွေကလည်း ပြတ်နေပါတယ်။ ဒီနီသီကာရဲ့ အဖေက ကင်ဆာရောဂါသည်တစ်ယောက် ဖြစ်ပြီး မကြာခင်ကမှ သိုင်းရွိုက်ကို ဖြတ်ထုတ်ထားရတဲ့အတွက် သူဆက် အသက်ရှင်သန်နိုင်ဖို့ နေ့စဥ်ဆေးဝါးမှီဝဲ နေရတာပါ။

“သူ့အတွက် ခြောက်လစာဆေးတွေ စုထားပေမယ့် အဲဒီ့က လွန်သွားရင် ဘာလုပ်ရမှန်း မသိသေးဘူး။ အမေရိကားမှာရှိနေတဲ့ အမက ကျွန်မတို့ဆီကို ဆေးတွေပို့ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ သီရိလင်္ကာမှာရှိတဲ့ လူတိုင်းက အမေရိကားမှာ နေနေတဲ့ သားသမီးတွေ ရှိတာမဟုတ်ဘူးလေ"လို့ သူကပြောပါတယ်။

ကထိက တစ်ယောက်ဖြစ်နေတဲ့ သူကိုယ်တိုင်ကလည်း နိုင်ငံရဲ့စီးပွားရေး အကျပ်အတည်းရဲ့ သက်ရောက်မှုကို ခံစားနေရပါတယ်။

ကိုလံဘိုမြို့တော်မှာ လျှပ်စစ်မီးတွေပြတ်နေတာနဲ့ ကြုံနေရလို့ လွန်ခဲ့တဲ့လ အနည်းငယ်ကမှ ၄၃ မိုင် ဝေးတဲ့ မာရာဝီလာမြို့ကို သူ့မိဘတွေနဲ့ အတူနေဖို့ ပြန်လာခဲ့ရပါတယ်။

ဒါပေမဲ့ အခုသူနေနေတဲ့ ကျေးလက်ဒေသမှာက အင်တာနက်လိုင်း မကောင်းတော့ အစိုးရလမ်းညွှန်ချက်အတိုင်း အိမ်ကနေ စာသင်ပေးဖို့အတွက် အခက်ကြုံ နေရပါတယ်။

“လောင်စာဆီရဖို့ တန်းစီနေကြတာကြောင့် လမ်းတွေက ပိတ်နေတယ်။ ပြီးတော့ အင်တာနက်လိုင်းကလည်း မကောင်းဘူး။ ကျွန်မ ကျောင်းသားတွေက ကျေးလက်ဒေသတွေမှာနေတဲ့သူက ပိုများတယ်၊ ဒါကြောင့် တစ်ခါတလေ အလုပ်လုပ်ရတာ အဓိပ္ပါယ် မရှိဘူးလို့တောင်ခံစားမိတယ်”

ယခုအခါ လောင်စာဆီတွေ ပြတ်လပ်နေပြီဖြစ်တဲ့ ဒိနိသိခနယ်မြေထဲက ဓာတ်ဆီဆိုင်အလွတ်တစ်ခု
ဓာတ်ပုံ ပုံစာ, ယခုအခါ လောင်စာဆီတွေ ပြတ်လပ်နေပြီဖြစ်တဲ့ ဓာတ်ဆီဆိုင်အလွတ်တစ်ခု

တကယ်လို့ တက္ကသိုလ်ကို ရောက်အောင် သွားနိုင်တယ်ဆိုရင်လည်း အဲ့ဒီမှာ တစ်ခါတလေ လျှပ်စစ်မီးက လာတာမဟုတ်ဘူး။ကျွန်မက အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်တဲ့သူဆိုတော့ လျှပ်စစ်မီးမရှိရင် လက်တွေ့ဘာမှလုပ်လို့ မရဘူးလေ"

သူ့ရဲ့ အနာဂတ်အခြေအနေနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ဒီနီသီကာက မျက်ရည်ဝဲဝဲနဲ့ အခုလိုပြန်ဖြေပါတယ်။ “ကျွန်မရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ အလားအလာ မျှော်လင့်ချက်တွေ ထားခဲ့ဘူးတာရှိပါတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးက အခုတော့ မြောင်းထဲရောက်သွားပါပြီ။ ဆက်ရှင်သန်နိုင်ဖို့အတွက်ပဲ နံပါတ်တစ် ဦးစားပေး စဥ်းစားရတော့မယ်"

မျိုးရိုးနာမည်ကို မဖော်ပြလိုတဲ့ ကိုလံဘိုမှာ အလုပ်လုပ်နေတဲ့ ကလေး သုံးယောက်မိခင် လီရှာကလည်း တစ်ပတ် သုံးကြိမ်ကနေ လေးကြိမ်အထိ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဝင်ပါနေပါတယ်။

လောင်စာဆီတွေရဖို့ တန်းစီနေရတဲ့အတန်းကြီးက ဓာတ်ဆီပန့်တွေ ရှိတဲ့နေရာက သူတို့ ဆန္ဒပြတဲ့နေရာအထိ ၃ကီလိုမီတာ (၂မိုင်နီးပါး) လောက်အထိရှည်တယ်လို့ သူက ရှင်းပြပါတယ်။

“အခုအချိန် ကျန်တဲ့ကမ္ဘာကြီးမှာ ပုံမှန်အတိုင်း ပြန်အသက်ဝင်နေတဲ့အချိန်၊ ကျွန်မတို့အားလုံးက ဒီမှာပိတ်မိနေတယ် ” လို့ နိုင်ငံ့ခေါင်း ဆောင်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိတာကို ထောက်ပြခဲ့ပါတယ်။

ဧပြီ၁၃ရက်နေ့က ဂိုတာဂိုဂါမာမှာ ဆန္ဒပြနေတဲ့ လီရှာကို တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, LEISHA

ဓာတ်ပုံ ပုံစာ, ဧပြီ၁၃ရက်နေ့က ဂိုတာဂိုဂါမာမှာ ဆန္ဒပြနေတဲ့ လီရှာကို တွေ့ရစဥ်

သီတင်းနှစ်ပတ်အတွင်းမှာ "ခင်ဗျားတို့ဆီ ပျော်ရွှင်မှုတွေ ရောက်လာလိမ့်မယ်" လို့ပဲ ပြောတတ်တဲ့ နိုင်ငံရေးသမားတွေက မစိုးရိမ်ပေမယ့် သူကတော့ မကြာခင်အချိန်အတွင်း သီရိလင်္ကာမှာ လည်ပတ်နေတာတွေ လုံးဝရပ်တန့်သွားမှာကို စိုးရိမ်နေပါတယ်။

ကက်သရင်းမှာ အစားအသောက်၊ သီးသန့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပန်းခြံကြီးတစ်ခုရှိတဲ့အတွက် သူဟာ သူများတွေထက် ကံပိုကောင်းတဲ့ သီရိလင်္ကာ နိုင်ငံသား တစ်ယောက်လို့တောင် ပြောနိုင်ပါတယ်။

"ဝင်ငွေအလယ်အလတ်"ရှိတဲ့ သူတို့လို မိသားစုတွေအတွက်၊ အကျပ်အတည်းဟာ အမှန်တကယ်ခက်ခဲမှုထက် "အဆင်မပြေမှု"တွေပို ဖြစ်စေတာလို့ ပြောပါတယ်။

ကက်သရင်းရဲ့ သန့်ရှင်းရေးသမား အိမ်နီးနားချင်း ဆာရိုဂျာက သူမတိုက်ခန်းထဲမှာ ရတဲ့လောင်စာနဲ့ ချတ်ပြုတ်နေရ

ဓာတ်ပုံ ရင်းမြစ်, CATHERINE MACK

ဓာတ်ပုံ ပုံစာ, ကက်သရင်းရဲ့ သန့်ရှင်းရေးသမား အိမ်နီးနားချင်း ဆာရိုဂျာက သူမတိုက်ခန်းထဲမှာ ရတဲ့လောင်စာနဲ့ ချတ်ပြုတ်နေရ

ဒါပေမဲ့ နေ့စဉ်ဆန္ဒပြပွဲတွေမှာ ပါဝင်နေကြတဲ့ အမျိုးသမီးအချို့ရဲ့ဝင်ငွေက တစ်ရက်ကို အများဆုံး သီရိလင်္ကာရူပီး ၁,၅၀၀ (ပေါင် ၃.၄၀၊ ဒေါ်လာ ၄.၁၀)သာ ရှိပါတယ်။

အခုအချိန်ဆို အဲ့ဒီအမျိုးသမီးတွေဟာ ရူပီး ၁၇၀ပေးရတဲ့ ပေါင်မုန့်ကို ဝယ်မစားနိုင်လို့ ဟင်းသီးဟင်းရွက် အနည်းငယ်၊အုန်းသီးနဲ့ တစ်ခါတစ်ရံ ပဲပိစပ် အသား အနည်းငယ်ကိုပဲ ဝယ်ပြီး ထမင်း သုံးနပ်စာရအောင် သူတို့မိသားစုအတွက် စီမံပေးနေရပါ တယ်၊ တစ်လုံးကို ရူပီး ၅၀ပေးရတဲ့ ကြက်ဥကတော့ သူတို့ဟင်းလျာစာရင်းထဲ မပါသလောက်ပါဘဲ။

မိသားစုအများစုဟာ အန္တာရယ်ရှိတဲ့ အလုံပိတ်နေရာလေးတွေမှာနေပြီး ထင်းမီးလိုဟာမျိုးနဲ့ ချက်ပြုတ်စားသောက်နေရပါတယ်။

ပါတီစုံ အစိုးရသစ်ဖွဲ့စည်းပြီး သီရိလင်္ကာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ယုံကြည်မှု ပြန်လည်ရရှိလာရင် အကူအညီတွေ လှူဒါန်းမှုတွေလည်း ရလာလိမ့်မယ်လို့ ကတ်သရင်းက မျှော်လင့်နေပါတယ်။

"အဲ့ဒီအခြေအနေရောက်ရင် ဒီအရှုပ်အထွေးကနေ ကျွန်မတို့ စရုန်းထွက်လာနိုင်မှာ ပါ။ အဲ့ဒါက ကျွန်မတို့မျှော်လင့်ချက်၊ အဲ့ဒါကြောင့်ပဲ ကျွန်မတို့အားလုံး ဆန္ဒပြခဲ့ကြ တာပါ" လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က သီရိလင်္ကာနိုင်ငံရဲ့အခြေအနေက အထွတ်အထိပ်အဆင့်ကို ရောက်သွားတယ်လို့ ဒီနီသီကာက ပြောခဲ့ပြီး "အခုဆို လူတွေက ဘာမှ ဂရုမစိုက်တော့ဘူး။အားလုံးက ငရဲကျသလိုဖြစ်နေတဲ့ အချိန်မှာ ဘာကို ဂရုစိုက် နေကြဦးမှာလဲ"

ပြီးတော့ သီရိလင်္ကာလူထုက လက်ရှိအစိုးရကို ဘယ်လောက်အထိ မလိုလားဘူးဆိုတာကိုလည်း ကျန်တဲ့ကမ္ဘာကလူတွေ နားလည်နိုင်လိမ့်မယ်လို့ သူ မျှော်လင့်တဲ့ အကြောင်းလည်း ပြောပြပါတယ်။

သီရိလင်္ကာအကြောင်း သိသင့်တဲ့ အခြေခံအချက်များ

  • သီရိလင်္ကာနိုင်ငံက အိန္ဒိယ တောင်ပိုင်းမှာတည်ရှိတဲ့ ကျွန်းနိုင်ငံတစ်ခုပါ။ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှအုပ်ချုပ်မှုအောက်က လွတ်လပ်ရေး ရခဲ့ပါတယ်။ ဆင်ဟာလီ၊ တမီလ်နှင့် မွတ်စလင်မျိုးနွယ်စု သုံးခုဟာ နိုင်ငံလူဦးရေ ၂၂ သန်းရဲ့ ၉၉ ရာခိုင်နှုန်းရှိပါတယ်။
  • ရာဂျာပက်ဆား ညီအကို မိသားစုက သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံရေးကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ကြတာပါ။ သူ့အစိုးရက တမီလ်ခွဲ ထွက်ရေး သူပုန်တွေကို အနိုင်ယူနိုင်ခဲ့သလို၊ နှစ်ပေါင်းများစွာ သွေးထွက်သံယိုဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို ၂၀၀၉ခုနှစ်မှာ အဆုံးသတ်နိုင်ခဲ့တဲ့အတွက် ဟင်ဒါရာဂျာ ပက်ဆာဟာ လူများစု ဆင်ဟာလီတွေကြားမှာ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။အခုအရေးအခင်းမှာ သမ္မတရာထူးကဆင်းပေးမယ်လို့ ပြောနေတဲ့ သူ့ညီ ဂိုတာဘာရာဂျာပက်ဆာကလည်း အဲ့ဒီအချိန်တုန်းက ကာကွယ်ရေးအတွင်းဝန် အဖြစ်တာဝန်ယူခဲ့တဲ့သူပါ။
  • သမ္မတက သီရိလင်္ကာမှာ နိုင်ငံ့အကြီးအကဲပါ။သူက အစိုးရနဲ့ စစ်တပ်ရဲ့ အကြီးအကဲ ဆိုပေမယ့် ပါလီမန်ထဲက အာဏာရပါတီကို ဦးဆောင်တဲ့ ဝန်ကြီးချုပ်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်တွေကို ခွဲဝေ အုပ်ချုပ်ရပါတယ်။
  • စီးပွားရေးအကျပ်အတည်းဖြစ်ပြီး လူတွေလမ်းပေါ်ထွက် ဆန္ဒပြမှု တွေဖြစ်လာစေခဲ့တဲ့ အကြောင်းရင်းတွေကတော့ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာတာ၊အစားအစာအချို့၊ ဆေးဝါးတွေ၊လောင်စာဆီတွေ ရှားပါးလာတာနဲ့ လျှပ်စစ်မီးပျက်တာတွေကြောင့် ဖြစ်ပါတယ်။ သီရိလင်္ကာက လူအများစုက အခုလိုဖြစ်ရတာဟာ ရာဂျာပက်ဆားမိသားစုနဲ့ သူတို့အဖွဲ့ စီမံခန့်ခွဲမှုညံ့တာကို အပြစ်တင် နေကြပါတယ်။