အင်မရန်ခန်း - ဝန်ကြီးချုပ်ဟောင်းနဲ့ ခရစ်ကက် အားကစားသမား အကျော်အမော်ကို စွပ်စွဲထားချက်တွေ

Imran Khan arrest

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လုံခြုံရေး ဝန်ထမ်း အများကြီး သုံးပြီး အင်မရန် ခန်းကို ရဲကားထဲ အတင်း ဆွဲခေါ်ကြတာ ကို တွေ့ရ
    • ရေးသားသူ, အာမန် ခါဝါဂျာ နဲ့ အာဆတ် အလီ ချောင်ဒရီ
    • ရာထူးတာဝန်, BBC World Service

အင်မရန်ခန်းဆိုတာ ဘယ်သူလဲ

သူက နိုင်ငံတကာသိ ခရစ်ကက် အားကစား အကျော်အမော်တယောက်ဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ဖလား (World Cup) ကို ရယူနိုင်ခဲ့တဲ့ ပါကစ္စတန် ခရစ်ကက်အသင်းရဲ့ ခေါင်းဆောင်ပါ၊ နောက်ပိုင်းမှာ သူက နိုင်ငံရေးသမားဘဝကို ပြောင်းလဲခဲ့ပါတယ်။

လာဟိုး ဇာတိသား တယောက်ဖြစ်ပြီး ခရစ်ကက်ကနေ သူ အနားယူပြီးတဲ့နောက် သူ့ မိခင်ကို ဂုဏ်ပြုအောက်မေ့တဲ့အနေနဲ့ ကင်ဆာ ဆေးရုံတခု ထူထောင်ဖို့ ဒေါ်လာ သန်းပေါင်း များစွာ ရန်ပုံငွေရအောင် ကမကထပြု စွမ်းဆောင်ပေးခဲ့ပါတယ်။

အဲဒီ ပရဟိတ အောင်မြင်မှုကနေ နိုင်ငံရေးထဲ ရောက်ခဲ့ပြီး လူသိများတဲ့ သူ့ပုံရိပ်ကိုသူ အသုံးပြုခဲ့ပါတယ်။

မစ္စတာခန်းဟာ (Pakistan Tehreek-e-Insaf - PTI) ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ၂၀၁၈ ဇူလိုင် ကနေ ၂၀၂၂ ဧပြီ အထိ ပါကစ္စတန် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

အင်မရန် ခန်းဟာ ဂျမီမာ ဂိုလ်းစမစ် နဲ့ လက်ထပ်ခဲ့ပြီး သူတို့ကို ဝေလ မင်းသမီး ဒိုင်ယာနာနဲ့ ၁၉၉၅ မှာ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်မရန် ခန်းဟာ ဂျမီမာ ဂိုလ်းစမစ် နဲ့ လက်ထပ်ခဲ့ပြီး သူတို့ကို ဝေလ မင်းသမီး ဒိုင်ယာနာနဲ့ ၁၉၉၅ မှာ တွေ့ရစဉ်

အဂတိမှုက ဘာပါလဲ

ပါကစ္စတန်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနဖြစ်တဲ့ အမျိုးသားအဆင့် တာဝန်ခံမှုဗျူရိုက သူ့ကို လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မေလ ၉ ရက် ၂၀၂၃ ခုနှစ်မှာ အီမရန်ခန်း အဖမ်းခံခဲ့ရပါတယ်။

မစ္စတာခန်းနဲ့ သူ့ဇနီးတို့ဟာ ပရဟိတ ထိန်းသိမ်းရေးအဖွဲ့က တဆင့် အိမ်ခြံမြေ သူဌေးကြီး တယောက်ဆီကနေ ဒေါ်လာ သန်းများစွာ တန်ဖိုးရှိတဲ့ မြေကွက်ကို ရယူခဲ့တယ်လို့ အစိုးရအရာရှိတွေက စွပ်စွဲပါတယ်။

ဒီအမှုကို အယ်လ် ကာဒယ် ရံပုံငွေအဖွဲ့အမှုလို့ ခေါ်ကြပါတယ်။ မစ္စတာ ခန်းနဲ့ သူ့ လူတွေကတော့ ဘာမှ အမှားလုပ်မထားဘူးလို့ ဆိုပြီး စွပ်စွဲတာတွေကို ငြင်းဆိုထားပါတယ်။

စွဲချက်တွေက နိုင်ငံရေးအရ တိုက်ခိုက်လိုလို့ လုပ်ကြတာလို့ အသက် ၇၀ အရွယ်ရှိပြီ ဖြစ်တဲ့ မစ္စတာခန်းက ဆိုပါတယ်။ နိုင်ငံမှာ အင်အားကြီးတဲ့ စစ်တပ်နဲ့ ပေါင်းတဲ့ နိုင်ငံရေးပါတီတွေက သူ့ကို အာဏာကနေ ဆင်းရအောင် လုပ်တာလို့ သူက စွပ်စွဲ ထားပါတယ်။

အယ်လ် ကာဒယ် ရံပုံငွေအဖွဲ့ ဆိုတာ ဘာပါလဲ

အယ်လ် ကာဒယ် အဖွဲ့က အစိုးရမဟုတ်တဲ့ ပရဟိတ ရံပုံငွေ အဖွဲ့ တခုပါ။

ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ တတိယဇနီး ဘူရှရာ ဝတ်တူ (ဘူရှရာ ဘီဘီ လို့လည်း ခေါ်ကြ) က ဘဏ္ဍာထိန်း အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ပါကစ္စတန်မှာ လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ ပန်ဂျပ်ပြည်နယ်မှာ အယ်လ် ကာဒယ် တက္ကသိုလ် ထူထောင်မယ်လို့ မစ္စတာ ခန်းက ကတိပြုခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ်က ဂျဟီလမ် ခရိုင်ထဲမှာ ဧက ၆၀ ကျယ်တဲ့ မြေကွက်ကို အဲဒီ တက္ကသိုလ် တည်ဆောက်ဖို့ ဆိုပြီး တရားဝင်သတ်မှတ်ထားခဲ့ပေမဲ့ အဆောက်အဦ ဆောက်ဖြစ်တာ အနည်းအပါးပဲ ရှိပါသေးတယ်။

Imran Khan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူဝန်ကြီးချုပ်တာဝန်ယူထားစဉ်မှာ နိုင်ငံကပေးတဲ့ လက်ဆောင်တွေကို ဥပဒေမဲ့ ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မစ္စတာ ခန်း စွပ်စွဲခံထားရ

ဗြိတိန်နဲ့ ဒီအမှုနဲ့က ဘယ်လို ဆက်စပ်သလဲ

ပါကစ္စတန်ရဲ့ အချမ်းသာဆုံးနဲ့ သြဇာအကြီးဆုံး စီးပွားရေး လုပ်ငန်းရှင်တွေထဲက တယောက်ဖြစ်တဲ့ မာလစ်ခ် ရီအက်ဇ် ဟူစိန်က စတာလင်ပေါင် သန်း ၁၉၀ လွှဲပြောင်း ပေးဆပ်တာ တခု လုပ်ခဲ့ကြောင်း ဗြိတိန်ရဲ့ အမျိုးသားအဆင့် ရာဇဝတ်မှုများ တိုက်ဖျက်ရေး အေဂျင်စီ (National Crime Agency - NCA)က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူ့ရဲ့ ဗြိတိန်မှာ ရှိတဲ့ ဘဏ်စာရင်းကို NCAက ထိန်းချုပ်ထားလိုက်ပြီး "အဲဒီငွေတွေဟာ တခြား နိုင်ငံတခုက အဂတိမှုတွေ၊ လာဘ်ငွေ တွေနဲ့ ပတ်သက် နေတာကို သံသယ ရှိတယ်" လို့ ဆိုပါတယ်။ ငွေတွေကို ပါကစ္စတန် အစိုးရကို ပြန်လွှဲပေးလိုက်တယ်လို့ လည်း ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

မစ္စတာ ဟူစိန်က အဲဒီနေ့မှာပဲ သူ့တုံ့ပြန်ချက်ကို တွစ်တာက တဆင့် ထုတ်ပြန်ခဲ့ ပါတယ်။

"ဘာရီယာ၊ ကရာချိ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပါကစ္စတန် တရားရုံးချုပ်ကို ပေါင် သန်း ၁၉၀ ‌ပေးဖို့ ဗြိတိန်မှာရှိတဲ့ သူတို့ တရားဝင် ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေကို ကျွန်တော်ရောင်း ခဲ့တယ်" လို့ သူက တွစ်တာမှာ ရေးပါတယ်။

"NCA ထုတ်ပြန်ချက်မှာ ပြောထားတာက ဒီဖြေရှင်းပေးအပ်မှုဟာ အရပ်ဘက်ဆိုင်ရာ ကိစ္စတခုသာ ဖြစ်ပြီး အပြစ် တစုံတရာရှိတယ်လို့ ရည်ညွှန်းထားတာ မဟုတ် ဘူး" လို့လည်း သူက တွိလုပ်ပါတယ်။

လာဘ်စားမှုဆိုတာ ဘယ်လို ဖြစ်လာလဲ

အင်မရန်ခန်းအစိုးရဟာ ဒီငွေ ပေါင် သန်း ၁၉၀ (‌ဒေါ်လာ သန်း ၂၄၀) ကို ပါကစ္စတန် ဘဏ္ဍာရေးဌာနကို လွှဲအပ်ထည့်ပေးရမယ့်အစား ဒီငွေကို မစ္စတာ ဟူစိန်အပေါ် တရားရုံးက ချမှတ်လိုက်တဲ့ ဒဏ်ကြေးကို ပေးဖို့အတွက် သုံးခဲ့တယ်လို့ လက်ရှိ အစိုးရက ဆိုပါတယ်။ မစ္စတာ ဟူစိန်ဟာ ကရာချိမြို့ မှာ အစိုးရပိုင်မြေကို စျေးကွက် ပေါက်စျေးထက် အများကြီးလျော့တဲ့ စျေးနဲ့ ရယူခဲ့တယ် ဆိုပြီး ပါကစ္စတန် တရားရုံးက တရားစီရင်ကာ သူ့ကို ဒဏ်ရိုက်ခဲ့တာပါ။

မစ္စတာ ဟူစိန်ဟာ ဒီလို အခွင့်အရေးရဖို့အတွက် အပြန်အလှန်အားဖြင့် ဂျဟီလမ်က မြေကို အယ်လ် ကာဒယ် ရံပုံငွေအဖွဲ့ကို ပေးခဲ့တယ် လို့ လက်ရှိ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးက စွပ်စွဲထားပါတယ်။

Malik Riaz

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မာလစ်ခ် ရီအက်ဇ် ဟူစိန်က ပါကစ္စတန်ရဲ့ အချမ်းသာဆုံးနဲ့ သြဇာအကြီးဆုံး စီးပွားရေး လုပ်ငန်းရှင်တွေထဲက တယောက်ဖြစ်

ပါကစ္စတန်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ

ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားတာခံခဲ့ရပြီးတဲ့နောက် မစ္စတာ ခန်းဟာ သတ်မှတ်အချိန် ကာလထက် ပိုစောပြီး ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးတွေ ဆင်းနေခဲ့ပါတယ်။ ရွေး‌ကောက်ပွဲက ဒီနှစ် နှောင်းပိုင်းမှာ ကျင်းပဖို့ ရှိပါတယ်။

မစ္စတာ ခန်းရဲ့ လက်ထောက်တွေက သူ့ကို စွဲထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိတယ် လို့ ပြောပါတယ်။

အဲဒီနောက် သူ့ကို အဂတိအမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ နှစ်ရက်အကြာမှာ သူ့ကို ဖမ်းဆီးတာဟာ တရားမဝင်လို့ ချက်ချင်းပြန်လွှတ်ဖို့ တရားရုံးချုပ်က အမိန့်ထုတ်ခဲ့ပါတယ်။

နိုင်ငံတလွှားမှာ မငြိမ်မသက် ဖြစ်နေပေမဲ့ အီမရန် ခန်းဟာ လူဦးရေ သန်း ၂၃၀ ရှိတဲ့ ပါကစ္စတန် နိုင်ငံမှာ အလွန်ထင်ရှား ကျော်ကြားနေဆဲပါ။ သူ အခုရင်ဆိုင်နေရတဲ့ ဥပဒေကြောင်း အခက်အခဲတွေကြောင့် သူ့ကို ထောက်ခံသူတွေကြားမှာ သူဟာ ပိုပြီး‌ တော့တောင် ကျော်ကြားလာလိမ့်မယ်လို့ အများက သုံးသပ်ကြပါတယ်။