ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
UNICEF - ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာပေါ်မှာ ကလေးတွေ 'အဝလွန်'မှု ဖြစ်လာ
- ရေးသားသူ, ဒေါမနစ်ဟု့ချ်
- ရာထူးတာဝန်, ကမ္ဘာ့ကျန်းမာရေးသတင်းထောက်
ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်စဥ်အနေနဲ့ ကလေးငယ် အများစုဟာ ကိုယ်အလေးချိန်ကျဆင်းတာထက် အဝလွန်နေကြတယ်လို့ ကလေးသူငယ်ဆိုင်ရာအကူအညီပေးရေး၊ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ ( ယူနီဆက်ဖ်) ရဲ့ အထူးပြု လေ့လာမှုချက်က ဖော်ပြလာပါတယ်။
ကမ္ဘာပေါ် က အသက် ၅ နှစ် ကနေ ၁၉ နှစ် ဝန်းကျင်အရွယ် ကလေးနဲ့ငယ်ရွယ်သူ ၁၀ ဦးမှာ ၁ ဦးက အဝလွန်နေပြီး အဲဒီအရေအတွက်က သန်းပေါင်း ၁၈၈ သန်းအထိရှိတယ်လို့ တွက်ချက်ထားကြပါတယ်။
သမားရိုးကျဓလေ့ အစားအသောက်တွေကနေ စျေးသက်သာပြီး အလွန်အမင်းပြုပြင်ထားတဲ့ ကယ်လိုရီပမာဏမြင့် အစားအသောက်တွေ အပေါ်မှာ မှီခိုစားသုံးမှုမြင့်တက်လာကြောင့်လို့ သုတေသနပြုသူတွေက ဝေဖန်ပါတယ်။
ကုလသမဂ္ဂရဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ ယူနီဆက်ဖ်ကတော့ စျေးကွက်ထဲမှာ ကယ်လိုရီမြင့် အစားအသောက်တွေရဲ့ ကြီးစိုးမှုနဲ့ စျေးကွက်ချဲ့ထွင်ခြင်းတို့ကို ကာကွယ်တားဆီးဖို့နဲ့ လွန်ကဲပြုပြင်ပြီးရောင်းချတဲ့ စားသောက်ကုန်လုပ်ငန်းတွေကို အစိုးရတွေက မူဝါဒချမှတ်တားဆီးပြီး အရေးယူလုပ်ဆောင်တာမျိုးကို တိုက်တွန်းနေပါတယ်။
အဝလွန်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်း
ကျန်းမာရေး ပညာရှင်တွေက အာဟာရချို့တဲ့မှုရှိတဲ့ကလေးတွေကို ရည်ညွှန်းတဲ့အခါ ကိုယ်အလေးချိန် မပြည့်သူတွေလို့ မကြာခဏညွှန်းဆိုပြောခဲ့ကြပါတယ်။
အခုအဲဒီလိုမျိုးမဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒီဝေါဟာရက ကလေးတွေရဲ့ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုအပေါ် အဝလွန်ခြင်းရဲ့ သက်ရောက်မှုကို ရည်ညွှန်းပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာက စိုးရိမ်စရာ ဖြစ်နေပါတယ်။
ကလေးတွေဟာ လိင်အမျိုးအစားနဲ့ အသက်အရွယ်အရ သူတို့ရှိသင့်တဲ့ အရပ်အမြင့်တွေနဲ့ အလေးချိန်တွေ ထက်ပိုပြီး ကိုယ်အလေးချိန်တိုးကြီးထွားလာကြလာတာကို အဝလွန်တယ်လို့ ယူဆခံနေရပါပြီ။
အဝလွန်ခြင်းဆိုတာက အလွန်အကျွံ ကိုယ်အလေးချိန်တိုးလာတာရဲ့ လက္ခဏာဖြစ်ပါတယ်။ အဲဒါက နောင်မှာ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ တချို့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ အန္တရာယ်တွေနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။
ကလေးဘဝတစ်လျှောက်လုံးမှာ အာဟာရပြည့်ဝကောင်းမွန်မှုဆိုတာက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ အပြင် ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားခြင်းဖြစ်ပါတယ်။ ဒါတွေက အာဟာရပြည့်ဝကောင်းမွန်မှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ဒါတွေတင်မကပါဘူး မှတ်ဥာဏ်ဖွံ့ဖြိုးမှုနဲ့ စိတ်ကျန်းမာရေးအတွက်လည်း အထူးအထောက်အကူပြုပါတယ်။
ဒါပေမဲ့ ကလေးတွေကို သမားရိုးကျ အစားအသောက်တွေနေရာမှာ အလွန်အမင်းပြုပြင်ထားပြီး သကြား၊ ကစီဓာတ်၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေသုံးထုတ်လုပ်ထားတဲ့ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေကို အစားထိုးကျွေးခဲ့ကြတာကနေ ဒီပြဿနာအရင်းခံလာပါတယ်။
အဝလွန်ခြင်းပြဿနာ စိန်ခေါ်မှုကြီးလာတာကို အလေးမထားတာမျိုးမလုပ်သင့်ဘူးလို့ ယူနီဆက်ဖပ် အမှုဆောင် ဒါရိုက်တာ ကက်သရင်း ရက်စဆဲလ်က ပြောပါတယ်။
"အာဟာရချို့တဲ့ခြင်းနဲ့ ပတ်သတ်ပြီးပြောတဲ့အခါ၊ ကိုယ်အလေးချိန်မပြည့်တဲ့ကလေးတွေ အကြောင်းသာပဲ ပြောနေရတော့မှာမဟုတ်တော့ဘူး"
"အဝလွန်ခြင်းကလည်း ဒီဘက်ခေတ်မှာ တိုးပွားလာတဲ့စိုးရိမ်မှုတစ်ခုဖြစ်ပြီး ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကို သက်ရောက်နိုင်ပါတယ်"
နိုင်ငံအများစုမှာ ကလေးတွေ အာဟာရချို့တဲ့တာအပြင် အာဟာရမပြည့်လို့ ပုညှက်တာနဲ့ အဝလွန်တဲ့ပြဿနာကလည်း နှစ်ဆတိုး ဝန်ဖြစ်လာနေတယ်။ ဒီအခြေအနေကို သေသေချာချာ ကိုင်တွယ် ဖြေရှင်းဖို့ လိုပါပြီလို့ သူကဆိုပါတယ်။
၁၀ ဦး မှာ ၁ ဦး အဝလွန်
အာဟာရချို့တဲ့မှု- ကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ ကြီးထွားမှုကို ရပ်တန့်စေခြင်းနဲ့ လုံးပါးပါးတဲ့ ပုံကိုပေါ်လွင်စေနိုင်ပါတယ်။ အဲဒီပြဿနာကလည်း ဝင်ငွေနည်းနဲ့ အလယ်အလတ်ဝင်ငွေရှိတိုင်းပြည်တွေက အသက် ၅ နှစ်အောက်ကလေးတွေမှာ သိသာတဲ့ပြဿနာအဖြစ် ကျန်နေပါသေးတယ်။
နိုင်ငံပေါင်း ၁၉၀ က အချက်အလက်တွေအပေါ် အခြေတည်လေ့လာခဲ့တဲ့ ယူနီဆက်ဖ်ရဲ့ နောက်ဆုံးအချက်အလက်အရ အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်းကလေးတွေမှာ ကိုယ်အလေးချိန် လျော့ကျတာကို ၂၀၀၀ ခုနှစ်ကတည်းက တွေ့ရပါတယ်။ ၁၃ ရာခိုင်နှုန်း ကနေ ၉.၂ ရာခိုင်နှုန်းအထိကျခဲ့ပါတယ်။
အဝလွန်တဲ့နှုန်းကတော့ ၃ ရာခိုင်နှုန်းကနေ ၉.၄ ရာခိုင်နှုန်းအထိကို တိုးလာခဲ့ပါတယ်။ အဲဒီနှုန်းက လက်ရှိအခြေအနေဖြစ်ပြီး ကလေး ၁၀ ယောက်မှာ ၁ ယောက်ဟာ အဝလွန်နေပါတယ်။
ကိုယ်အလေးချိန်များတဲ့ကလေးအရေအတွက်ထဲမှာ အဝလွန်တဲ့ကလေးတွေ ပါဝင်နေပြီး ကျောင်းတက်တဲ့ကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်တို့ရဲ့ ၅ ဦးမှာ ၁ ဦးက အဝလွန်တဲ့အခြေအနေထိကို တိုးလာခဲ့တာပါ။
အကြမ်းဖျင်းအားဖြင့် ကမ္ဘာတစ်ဝန်းက ကလေး ၃၉၁ သန်းအထိရှိမယ်လို့ လေ့လာမှုကနေ ခန့်မှန်းထားပါတယ်။ ဆာဟာရ အာဖရိကနဲ့ တောင်အာရှမှလွဲပြီး ကမ္ဘာ့ဒေသအားလုံးမှာ အဝလွန်ကြတဲ့နှုန်းက ကိုယ်အလေးချိန်ကျတဲ့နှုန်းကထက် ကျော်လွန်နေပါတယ်။
နီယူး (၃၈ ရာခိုင်နှုန်း)၊ ကွတ်ခ်ကျွန်းစု (၃၇ ရာခိုင်နှုန်း)နဲ့ နာရူ (၃၃ ရာခိုင်နှုန်း) တို့အပါအဝင် ပစိဖိတ် ကျွန်းအချို့က နိုင်ငံတွေက ကလေးတွေနဲ့ ငယ်ရွယ်တဲ့သူတွေမှာ မြင့်မားတဲ့အဝလွန်ခြင်းနှုန်းကို တွေ့မြင်ရပါတယ်။
ဒါပေမယ့် ဝင်ငွေမြင့်တဲ့နိုင်ငံတွေမှာတောင် အလားတူ အဝလွန်ခြင်းပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ အသက် ၅ နှစ်ကနေ ၁၉ နှစ်အတွင်းအရွယ်ရှိတဲ့ ကလေးနဲ့လူငယ်တွေ အဝလွန်တာဟာ ချီလီမှာ ၂၇ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုမှာ ၂၁ ရာခိုင်နှုန်းနဲ့ အာရပ်စော်ဘွားများပြည် ထောင်စုမှာ ၂၁ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။
ကမ္ဘာအနှံ့နဲ့ ဒေသတွေအကြား ကိုယ်အလေးချိန်များခြင်းဟာ အသက်အရွယ်စုံတဲ့လူအုပ်စုတွေ အတွင်း မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုပြီးတွေ့ရပါတယ်။ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်း အရွယ်ဆယ်ကျော်သက်တွေမှာ အဝလွန်နှုန်းကတော့ မိန်းကလေးတွေမှာ ပိုများပါတယ်။
"တပြိုင်နက်တည်းမှာ အာဟာရချို့မှုနဲ့ အာဟာရ မညီညွတ်မှုပြဿနာ ၂ ရပ်လုံးကို ကျွန်မတို့တွေ့နေရ ပါတယ်"လို့ ယူနီဆက်ဖ်က ကက်သရင်း ရက်ဆဲလ် ကပြောပါတယ်။
"အဲဒီလိုအပ်ချက်တွေကို ချေမှုန်းဖို့ ပစ်မှတ်ထားခဲ့ပါတယ်။"
"အာဟာရဖြစ်ပြီး လက်ခံနိုင်တဲ့အစားအသောက်မျိုးရတာဟာ ကလေးတိုင်းရဲ့ ဖွံ့ဖြိုးမှုနဲ့ တိုးတက်မှုတို့ကို အထောက်အပံ့ဖြစ်စေပါတယ်။"
မိဘတွေနဲ့ ကလေးထိန်းရသူတွေအနေနဲ့ အာဟာရပြည့်ပြီး ကျန်းမာတဲ့အစားအသောက်တွေ လက်လှမ်းမီနိုင်အောင် ထောက်ကူ ပေးတဲ့မူဝါဒတွေကို အရေးပေါ် လိုအပ်နေပြီလို့ ကက်သရင်း ကပြောပါတယ်။
"မိဘတွေနဲ့ ကလေးအုပ်ထိန်းသူတွေဟာ သူတို့ကလေးတွေ အတွက်အာဟာရဖြစ်ပြီး ကျန်းမာတဲ့ အစားအသောက်တွေကို ရရှိနိုင်ဖို့ အထောက်အပံ့ဖြစ်တဲ့ မူဝါဒမျိုး တွေ ကျွန်မတို့မှာ တကယ့်ကိုအရေးပေါ် လိုအပ်နေပါတယ်။"
အရေးယူဖို့ တောင်းဆိုခြင်း
ဆယ်ကျော်သက်အရွယ် ၁၀ ယောက်မှာ ၉ ယောက်ဟာ ချိုချဥ်၊ ချောကလက်၊ ကိတ်မုန့်၊ ဘီစကစ်၊ အာလူးကြော်နဲ့ ရေခဲမုန့် တို့လို ချိုပြီး အငံကဲတဲ့ မုန့်တွေကို စျေးဝယ်စင်တာကြီးတွေနဲ့ စင်တာအသေးတွေကနေ မကြာခဏဝယ်ယူကြတာကို တရုတ်၊ ချန်ဒူး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့မှာလုပ်ခဲ့တဲ့ ယူနီဆက်ဖ်ရဲ့ သုတေသနအရ တွေ့ ရှိခဲ့ပါတယ်။
တန်ဇန်နီးယားနဲ့ ဇင်ဘာဘွေမှာတော့ အလွန်အမင်းပြုပြင်ထားတဲ့အစားအသောက်တွေနဲ့ ဖျော်ရည်လုပ်ငန်းမျိုးတွေဟာ စားသောက်ဆိုင်တွေနဲ့ အကျိုးတူပူးပေါင်းတာ ပွဲအခမ်းအနားတွေမှာ စပွန်ဆာအထောက်အပံ့ပေးတာနဲ့ ကျောင်းမုန့်စျေးတန်း နဲ့ ပူးပေါင်းပြီးအလွန်အမင်းကြော်ငြာနေကြတာတွေကို အစီရင်ခံစာအတွင်း တွေ့ခဲ့ရပါတယ်။
ပဋိပက္ခနဲ့ စစ်ပွဲတွေသက်ရောက်မှုရှိတဲ့ နိုင်ငံတွေက လူငယ်တွေဟာလည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေ မစားရခြင်း ပြဿနာကို ကြီးကြီးမားမားကို ကြုံတွေ့နေရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ခြုံငုံသုံးသပ်ကြည့်တဲ့အခါမှာတော့ ငယ်ရွယ်သူတွေရဲ့ ၆၈ ရာခိုင်နှုန်းဟာ အဲဒီလို မသင့်တော်တဲ့ အစားအသောက်မျိုးတွေကို အရောင်းမြှင့်တင်တဲ့လုပ်ငန်းကြော်ငြာတွေကြောင့် စားသောက်ဖြစ်ခဲ့ကြပါတယ်။ အမြင့်ဆုံး ရှိနေတဲ့ နိုင်ငံတွေက တော့ အီရတ်မှာ (၈၂ ရာခိုင်နှုန်း)၊ လက်ဘနွန်မှာ (၈၁ ရာခိုင်နှုန်း) နဲ့ ယူကရိန်း မှာ (၈၄ ရာခိုင်နှုန်း) တို့ ဖြစ်ပါတယ်။
အဲဒီအချက်တွေကြောင့် ကျန်းမာရေး ထိခိုက်မှုနဲ့ စီးပွားရေး ကုန်ကျစရိတ်တွေမြင့်တက်နိုင်ခြေရှိတယ်လို့ ယူနီဆက်ဖ် က သတိပေးထားပါတယ်။
အဝလွန်ခြင်းနဲ့ အဝလွန်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကျိုးသက်ရောက်မှုဟာ ၂၀၃၅ ခုနှစ်မှာ နှစ်စဥ် အမေရိကန်ဒေါ်လာ ၄ ထရီလီယံ(ပေါင် ၂ ဒသမ ၉၅ ထရီလီယံ ) ကျော်သွားလိမ့်မယ်လို့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။
ကိုယ်အလေးချိန်များပြားမှုနဲ့ အဝလွန်ခြင်းဟာ နှစ်စဥ် အမေရိကန်ဒေါ်လာ ၄ ထရီလီယံ ကျော်လွန်တဲ့ပမာဏနဲ့ ၂၀၃၅ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးကို အကျိုးသက်ရောက်မှုရှိမယ်လို့ အစီရင်ခံ စာအတွင်းခန့်မှန်းထားပါတယ်။
အလွန်အမင်းပြုပြင်ထားတဲ့အစားအသောက်လုပ်ငန်းတွေရဲ့ ကြီးစိုးမှုတွေ၊ အမှတ်တံဆိပ်တွေရဲ့ အရောင်းမြှင့်တင်တာကို မူဝါဒတွေ ရေးဆွဲပြီး ကာကွယ်ခြင်း၊ အရေးယူလုပ်ဆောင်တာမျိုးကို အစိုးရတွေကလုပ်ဆောင်ဖို့ ယူနီဆက်ဖ်က တိုက်တွန်းနေပါတယ်။