ခေတ်စားနေတဲ့ဒူဘိုင်းချောကလက်-ကိုယ်ဝန်သည်ချဉ်ခြင်းကနေဖြစ်ပေါ်လာ

    • ရေးသားသူ, အန်နာဘဲလ် ရက်ခ်ဟမ်
    • ရာထူးတာဝန်, ဘီဘီစီ ယဉ်ကျေးမှုဆိုင်ရာ သတင်းထောက်

ယူအေအီး နိုင်ငံကို ပြီးခဲ့တဲ့အပန်းဖြေခရီးစဉ်အတွင်း ကျွန်မရောက်ခဲ့တုန်းက စိတ်ထဲမှာလုပ်ချင်တဲ့အရာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အခု ခေတ်စားနေတဲ့ "ဒူဘိုင်းချောကလက်ချောင်း" ၀ယ်စားဖို့ပဲ ဖြစ်ပါတယ်။

တစ်တော့ သုံးတဲ့သူတွေဆိုရင် ဒူဘိုင်းချောကလက်ကို မြင်ဖူးကြမှာပါ။ ဒီချောကလက်က အာရပ်ဒေသက ကာနာဖာမုန့်ကို အခြေခံပြီး ပစ္စတာရှီယိုအစေ့၊ တာဟီနီ နှမ်းအနှစ်နဲ့လုပ်ထားတဲ့ ဖီလိုမုန့်တွေနဲ့ ပေါင်းစပ်ပြီး လုပ်ထားတဲ့ ချောကလက်ချောင်း ဖြစ်ပါတယ်။

ဒူဘိုင်းချောကလက်ချောင်းရဲ့ မူလအစကတော့ FIX အမှတ်တံဆိပ် ချောကလက်ဆိုင်ကနေ Can't Get Knafeh of It (ကာနာဖီအရသာ မရသေးဘူး) ဆိုတဲ့ နာမည်နဲ့ ချောကလက်ချောင်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ရောင်းချခဲ့တာပါ။

တစ်ရက်ကို ၂ နာရီသာရောင်းချပြီး စတင်ရောင်းချပြီး မိနစ်အနည်းငယ်အတွင်းမှာကို ရောင်းကုန်တဲ့ ချောကလက်ဟာ လူမှုကွန်ရက်မှာ အရမ်းထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။

နောက်တော့ ဒူဘိုင်းချောကလက်ဆိုပြီး လူတွေခေါ်လာကြတဲ့ ဒီချောကလက်ချောင်းကို အခုအခါ ဗြိတိန်ရဲ့ Waitrose, Lidl နဲ့ Morrisons တို့လို စူပါမတ်ကက်တွေမှာ ရောင်းချနေပြီး အချို့နေရာတွေမှာဆို ကန့်သတ်အရေအတွက်နဲ့သာ ရောင်းချပေးနေရပါတယ်။

ကမ္ဘာတစ်ဝန်း ဒူဘိုင်းချောကလက်ကို စိတ်ဝင်စားနေကြတဲ့အပေါ် "ဂုဏ်ယူဝင့်ကြွား" မိပါတယ်လို့ FIX ဆိုင် ပူးတွဲပိုင်ဆိုင်သူ ယီဇင် အလာနီနဲ့ သူ့ရဲ့ဇနီး ဆာရာ ဟမူဒါ တို့က ဘီဘီစီကိုပြောပါတယ်။

ဟမူဒါ ကိုယ်ဝန်ရှိခဲ့စဥ် ၂၀၂၁ တုန်းက အဲဒီအရသာကို ချဥ်ခြင်းတက်ခဲ့ပြီးနောက် ဒီလိုဖန်တီးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

တစ်နှစ်ကြာပြီးတဲ့နောက်တော့ အဲဒီချောကလက်ချောင်းကို အလာနီနဲ့ ဟမူဒါတို့က စတင်ထုတ်လုပ် ခဲ့ကာ သူတို့ရဲ့ကုမ္ပဏီလုပ်ငန်း လုပ်နေစဉ်မှာပဲ ဒီချောကလက်လုပ်ငန်းကို စတင်ခဲ့ပါတယ်။

"ဆာရာနဲ့ ကျွန်တော်တို့က ဗြိတိန်မှာ ကြီးပြင်းခဲ့ကြပြီး လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကမှ ဒူဘိုင်းကို ပြောင်းခဲ့ကြတာ။ ဒါကြောင့်လည်း ကျွန်တော်တို့က အာရပ်နဲ့ အနောက်တိုင်း နှစ်ခုစလုံးနဲ့ ဆက်နွှယ်မှု ရှိနေကြတယ်။"

"အဲဒီလို စိတ်ကူးလေးရပြီး အဲဒီအရသာတွေကို ဖန်တီးချင်ခဲ့တာ" လို့ အလာနီက ပြောပါတယ်။

ဒီချောကလက်ချောင်းရဲ့ ထူးခြားချက်က စူပါမတ်ကက် ဒါမှမဟုတ် ဆိုင်တွေမှာ သွားဝယ်ရတာမျိုးထက် အွန်လိုင်းကနေ အစားအသောက် ပို့ဆောင်ပေးတဲ့ အပလီကေးရှင်းတွေကနေ မှာရတာမျိုးပါ။

အွန်လိုင်းကနေ ရောင်းတဲ့ ကုမ္ပဏီအနေနဲ့ ချောကလက်မှာတဲ့သူတိုင်းကို ရောင်းနိုင်ဖို့အတွက် တစ်နေ့မှာ သတ်မှတ်ထားတဲ့ အချိန်ကာလာအတွင်းသာ ရောင်းချကြပြီး ချောကလက်ချောင်းတစ်ချောင်းကို ယူကေမှာဆိုင် ၁၅ ပေါင်လောက် ကျသင့်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်းက တခြားဆိုင်အများအပြားမှာလည်း ဒူဘိုင်းချောကလက်လို့ အမည်ပေးထားပြီး ပစ္စတာရှီယိုနဲ့ ဖီလိုမုန့်လို အလားတူပါဝင်ပစ္စည်းတွေပါတဲ့ ချောကလက်တွေ ရောင်းနေတာမျိုးလည်း တွေ့ခဲ့ရပါတယ်။

"အတုအပတွေ" ဟာ "အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေဟာ စျေးပေါပြီး အရည်အသွေးနိမ့်တဲ့ ပုံစံတူချောကလက်တွေကို စမ်းကြည့်နေကြတယ်။

အဲဒါက ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ကို ဖျက်စီးတာပါ" လို့ အလာနီက ပြောပါတယ်။

ဒူဘိုင်းချောကလက် နာမည်ကြီးလာတဲ့အကြောင်းရင်းတစ်ရပ်ကတော့ လူမှုကွန်ရက်ကြောင့်ပါ။

အထူးသဖြင့် ၂၀၂၃ တုန်းက တစ်တော့အသုံးပြုသူ မာရီယာ ဗီဟီရာရဲ့ ဒီချောကလက် ဗီဒီယိုက လူကြည့်များခဲ့ပြီး ဒီချောကလက်လည်း ထင်ရှားလာခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲမှာ ဗီဟီရာက ကာနာဖာ ချောကလက်ချောင်းကို ဒီကုမ္ပဏီကပဲ ထုတ်တဲ့ တခြားချောကလက်တွေနဲ့ ယှဥ်ပြီး စားပြခဲ့တာပါ။ အဲဒီဗီဒီယိုဟာ ကြည့်ရှုသူ ၇ သန်း နီးပါးရှိခဲ့ပါတယ်။

ဒီချောကလက်ချောင်းပုံစံက ဆိုရှယ်မီဒီယာအတွက် လုပ်ထားတာပါ။ အဲဒါကတော့ စွဲမက်ဖွယ် လိမ္မော်ရောင်နဲ့ အစိမ်းရောင် အစက်အပြောက်လေးတွေဟာ ချောပြောင်နေတဲ့ နို့ချောကလက်ပေါ်မှာတင်ထားပြီး ချောကလက်ချောင်းကို ချိုးလိုက်တဲ့အခါလည်း အသံမြည်အောင်ထိ ကြွတ်ဆတ်တဲ့ပုံစံ လုပ်ထားပါတယ်။

ပစ္စတာရှီယိုအစေ့နဲ့ ချောကလက်ရောစပ်တာက အသစ်အဆန်းမဟုတ်ပေမဲ့ ဒူဘိုင်းချောကလက်ရဲ့ ထူးခြားချက်ကတော့ ကြွပ်ဆတ်နေတဲ့ အလယ်က မုန့်သားပါ။အဲဒါကလည်း ဖီလို ဂျုံမုန့်အကြေ ထည့်လိုက်တာကြောင့် အလယ်သားက ထူပြီး ကြွပ်ဆတ်လာပါတယ်။

မူလ 'Can't Get Knafeh of It' ချောကလက်ချောင်းကိုတော့ မူရင်းတစ်နိုင်ငံတည်းမှာသာ ရနိုင်တာကြောင့် တခြားတံဆိပ်တွေနဲ့ ဗြိတိန်အတွင်းမှာ ပုံစံမျိုးစုံနဲ့ စတင်ရောင်းချလာနေပါတယ်။

ဆွစ်ဇာလန်က Lindt ကုမ္ပဏီကလည်း တစ်ချောင်းကို ၁၀ ပေါင်နဲ့ ယူကေမှာ စရောင်းပါတယ်။

Waitrose စူပါမတ်ကက်ကလည်း ဒူဘိုင်းချောကလက်ချောင်းတွေ စရောင်းနေပြီး ဝယ်သူတစ်ဦးကို ချောကလက် ၂ ချောင်းနှုန်းထိပဲ ရောင်းချဖို့ ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

Lidl စူပါမတ်ကက်ကလည်း သူရဲ့ကိုယ်ပိုင်ပုံစံနဲ့ထုတ်တဲ့ ဒူဘိုင်းချောကလက်တစ်ချောင်းကို ၄.၉၉ ပေါင်နဲ့ အရေအတွက် ကန့်သတ်ပြီး ရောင်းချချိန်မှာ Home Bargains ဆိုင်ကလည်း သူတို့ကိုယ်ပိုင် ဒူဘိုင်းချောကလက်ချောင်းကို ထုတ်လုပ်ရောင်းချပါတယ်။

အဲဒီလိုကန့်သတ်ရောင်းချမှုတွေကြောင့် ချောကလက်ချောင်းတွေကို စင်ပေါ်မှာ တင်မရောင်းဘဲ ဝယ်သူမေးမှ ထုတ်ရောင်းပေးတာလည်း တွေ့ရတယ်လို့ လူမှုကွန်ရက်ပေါ်က လူသိများသူတစ်ဦးက မှတ်တမ်းတင်ခဲ့ပါတယ်။

Lindt ရဲ့ ဒူဘိုင်းချောကလက်ချောင်းနဲ့ လမ်းထောင့်ကဆိုင်တွေမှာ ရောင်းတဲ့ ဒူဘိုင်းချောကလက်ချောင်းတွေကို စမ်းစားကြည့်ရာမှာ မူလအရသာနဲ့ အတော်လေးကွာခြားမှုရှိတာ တွေ့ရပါတယ်။

FIX ကုမ္ပဏီက သူတို့ရဲ့ ချောကလက်ချောင်းကို "အချိုပွဲ ချောကလက်ချောင်း" အဖြစ် ရောင်းချပြီး ရေခဲသေတ္တာထဲမှာထားဖို့ လိုအပ်ကာ တခြားနို့ထွက်ပစ္စည်းတွေလို သက်တမ်းကုန်ဆုံးရက် တိုတောင်းပါတယ်။

ဒါပေမဲ့ စူပါမတ်ကက်က ချောကလက်ချောင်းတွေကတော့ သက်တမ်းကြာကြာထားနိုင်ဖို့အတွက် ပြင်ဆင်ထုတ်လုပ်ထားကြပါတယ်။

အဲဒီချောကလက်ချောင်းတွေဟာ မူလချောကလက်ချောင်းနဲ့ယှဉ်ရင် အရသာနဲ့ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ပုံစံက ကွဲပြားပါတယ်။ မူလချောကလက်ချောင်းဟာ Lindt ချောကလက်ထက် ဗျက် ၂ ဆ ကျယ်ပါတယ်။ Lindt ရဲ့ ချောကလက်ချောင်းကတော့ ပုံမှန်မြင်တွေ့နေကျ ချောကလက်ချောင်းရဲ့ အရွယ်အစားနဲ့ ပုံစံ တူအောင် လုပ်ထားပါတယ်။

အလာနီနဲ့ ဟမူဒါတို့ ပထမဆုံးစထုတ်လုပ်တဲ့အချိန်မှာ တစ်နေ့ကို အော်ဒါအမှာ ၆ ခုကနေ ၇ ခုအထိလက်ခံပြီး အဲဒီအတွက် အလုပ်သမားတစ်ဦး ခန့်ထားခဲ့ပါတယ်။

ဒါပေမဲ့ တစ်တော့ရဲ့ ကျေးဇူးနဲ့ လူသိများကျော်ကြားလာပြီးကတည်းက သူတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက် လူ ၅၀ အထိခန့်အပ်ကာ တစ်နေ့ကို အမှာ ၅၀၀ အထိ လက်ခံနေပါတယ်။

ဒီချောကလက်ချောင်းနဲ့ပတ်သက်ရင် ပြောစရာတစ်ခုကတော့ တစ်ချောင်းကို ၁၅ ပေါင် စျေးနှုန်း ဖြစ်နေတာပါ။ စျေးကြီးနေတာပါ။

"အားလုံးက လက်နဲ့ လုပ်ရတယ်။ ဒီဇိုင်းပုံစံတစ်ခုတိုင်းဟာ လက်နဲ့လုပ်ကြရတာပါ" လို့ အလာနီက ပြောပါတယ်။

"တကယ့်အရည်အသွေးမီတဲ့ ပါဝင်ပစ္စည်းတွေ လုပ်ရတာပါ။ လုပ်တဲ့ပုံစံတွေက အခြားချောကလက်တွေနဲ့ မတူဘူး။ မုန့်ဖုတ်ရတယ်၊ ချောကလက်ဒီဇိုင်းပုံသွင်းရတယ်။ ချောကလက် အလယ်ကိုလည်း ထည့်ရတယ်။ ပစ္စတာရှီယိုဆိုရင်လည်း လက်နဲ့ရွေးပြီးမှ မုန့်လုပ်တာပါ။"

"ကျွန်မ အမေက အရင်တုန်းက ကာနာဖာမုန့် လုပ်လေ့ရှိတယ်။ ဒါကို ကျွန်မက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လုပ်ကြည်ချင်နေခဲ့တာပါ" လို့ ဟမူဒါက အာရေဗျစီးပွားရေး သတင်းဌာနကို ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။

"ကာနာဖာမုန့်ဟာ ကျွန်မတို့အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအရသာပါ။ ကြွပ်ရွတာနဲ့ ပစ္စတာရှီယိုအစေ့တွေရဲ့ အရသာက လုံးဝတိကျမှန်ကန်ဖို့ လိုတယ်" လို့ သူက ပြောပြပါတယ်။

သူတို့ရဲ့ထုတ်ကုန်က အောင်မြင်ပေမဲ့ လင်မယားနှစ်ယောက်စလုံးဟာ သူတို့ကလေး ၂ ယောက်လုံးကို ပြုစုပျိုးထောင်ရင်းနဲ့ အချိန်ပြည့်အလုပ်တွေလည်း လုပ်နေခဲ့ကြတာကြောင့် "ဒါက ခက်ခဲတဲ့ခရီး တစ်ခုပါ" လို့ အလာနီက ပြောပါတယ်။

"လုံးဝမလုပ်ချင်တော့ဘဲ အရှုံးပေးလိုက်ချင်တဲ့ အချိန်တွေ ရှိခဲ့တယ်။ ဒါပေမဲ့လည်း 'နေရာငှားခတွေ ပေးနိုင်နေသေးသရွေ့ ကျွန်မတို့ ဆက်လုပ်ကြည့်ဦးမယ်'ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ကြတယ်။ ဒီအလုပ်က အလုပ်ဖြစ်တော့ အခုတော့ ကျွန်မတို့ နောင်တရစရာ မရှိတော့ပါဘူး။"