ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စကော့ချ်ဝီစကီ - ပြင်သစ်ကိုကျော်ပြီး အိန္ဒိယက အများဆုံး ဝယ်ယူသောက်သုံးသူဖြစ်လာ
အခုနောက်ဆုံးထွက်လာတဲ့ ကိန်းဂဏန်းတွေအရ အိန္ဒိယဟာ ကမ္ဘာမှာ စကော့ချ်ဝီစကီ ပမာဏအများဆုံး ဝယ်ယူသူအဖြစ် ပြင်သစ်နေရာကို ယူလိုက်တာ တွေ့ရပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ အိန္ဒိယက ဝီစကီပုလင်း ၂၁၉ သန်း ဝယ်ယူတင်သွင်းခဲ့ပြီး ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးလာတာလို့ စကော့ချ်ဝီစကီအသင်း (SWA) က ဆိုပါတယ်။
တန်ဖိုးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အမေရိကန်က တန်ဖိုးအများဆုံးဝယ်ယူတင်သွင်းသူ အဖြစ် နံပါတ် တစ်နေရာမှာ ဆက်ရှိနေပါတယ်။ ၂၀၂၂ မှာ သူတို့ ဒေါ်လာ ၁.၂၇ ဘီလျံဖိုးတင်သွင်းခဲ့ပါတယ်။ တန်ဖိုးအားဖြင့်ဆိုရင်တော့ အိန္ဒိယရဲ့ တင်သွင်းမှုက နံပါတ်ငါး နေရာမှာပဲ ရှိပါတယ်။
စကော့ချ်ဝီစကီတွေဟာ အိန္ဒိယမှာတော့ အဆင့်ရှိသူတွေသောက်သုံးတဲ့ အရက်လို့ယူဆကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဝီစကီစျေးကွက်ထဲမှာတော့ စကော့ချ်ရဲ့ စျေးကွက်ဝေစုက ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ပိုစျေးသက်သာတဲ့ blended ဝီစကီတွေက အိန္ဒိယမှာ လူကြိုက်များပါတယ်။ အိန္ဒိယမှာ ငွေကြေးသုံးစွဲနိုင်သူတွေ ပိုများလာတာနဲ့ စျေးပိုကြီးတဲ့ single malt တွေလည်း အရောင်းတက်လာပါတယ်။
အိန္ဒိယစျေးကွက်ကို စကော့ချ်ဝီစကီတွေပိုရောင်းလာရတာနဲ့အမျှ တင်ပို့ရတဲ့ ပမာဏကလည်း ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း နှစ်ဆကျော်တိုးတက်လာပါတယ်။ ဒါကြောင့် ဝီစကီထုတ်လုပ်သူတွေကလည်း အိန္ဒိယစျေးကွက်ကို မျက်စိကျလာကြပါတယ်။
စကော့ချ်ဝီစကီတစ်လုံးအပေါ်မှာ အိန္ဒိယက အခွန် ၁၅၀ % ကောက်ပါတယ်။ ဒါကလည်း ပြည်တွင်း အရက်ထုတ်လုပ်သူတွေရဲ့ တောင်းဆိုမှုကြောင့်ပါပါတယ်။ ဒါကြောင့် ဝီစကီကပြည်တွင်းမှာ စျေးကြီးပြီး ထုတ်လုပ်သူတွေအတွက်လည်း အမြတ်အစွန်းလျော့ပါတယ်။
ဝီစကီထုတ်လုပ်သူတွေကတော့ အိန္ဒိယနဲ့ ယူကေအကြား ညှိနှိုင်းနေတာကြာပြီဖြစ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရှိလာရင်တော့ ဒီ ကိစ္စပြေလည်သွားနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဒီသဘောတူညီချက်ရဖို့ သတ်မှတ်ရက်ကျော်လွန်ခဲ့ပေမဲ့ အခုတော့ ညှိနှိုင်းမှုတွေ ပြန်စလုပ်နေကြပါပြီ။
အဲဒီ ညှိနှိုင်းမှုတွေထဲမှာ စကော့ချ်ဝီစကီတင်ပို့မှုလည်း ပါဝင်ပြီး သဘောတူညီမှုရခဲ့လို့ အခွန်တွေလျော့သွားရင် အရောင်းပမာဏထိုးတက်သွားဖို့ မျှော်လင့်တယ်လို့ စကော့ချ်ဝီစကီအသင်း SWA က ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုမှာ ပြောထားပါတယ်။ လာမယ့်ငါးနှစ်အတွင်း နောက်ထပ် ဒေါ်လာတစ်ဘီလျံဖိုး ထပ်တိုးရောင်းချနိုင်ဖို့ မျှော်မှန်းထားတာပါ။
SWA ရဲ့ စာရင်းထဲမှာ တန်ဖိုးအရရော ပမဏအရပါ ဒုတိယအရောင်းရဆုံးစျေးကွက်ကတော့ ပြင်သစ်ပါ။
အိန္ဒိယလိုပဲ နောက်ထပ် စကော့ချ် အရောင်းရတက်လာတဲ့ နိုင်ငံတွေက ထိုင်ဝမ်၊ စင်္ကာပူနဲ့ တရုတ်တို့ဖြစ်ပါတယ်။ ကိုဗစ်အလွန်ကာလ စီးပွားရေး နာလန်ထူလာပြီး ဝယ်ယူသောက်သုံးမှုတွေပိုများလာတာလို့ SWA က ဆိုပါတယ်။
ဒါကြောင့် ၂၀၂၂ ခုနှစ်ထဲမှာ အာရှ-ပစိဖိတ်ဒေသဟာ ဥရောပသမဂ္ဂစျေးကွက်ကို ကျော်လွန်ပြီး ဝီစကီအများဆုံး တင်ပို့ရောင်းချရတဲ့ဒေသဖြစ်လာပါတယ်။ ဒေါ်လာ ၂.၁၇ ဘီလျံဖိုး ရောင်းချခဲ့ရပြီး တစ်ကမ္ဘာလုံး အရောင်းရဲ့ ၂၉ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၂၂ မှာ ကမ္ဘာ့ဝီစကီရောင်းရနှုန်းကလည်း ၃၇ ရာခိုင်နှုန်းတက်သွားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၇.၄၇ ဘီလျံဖိုး ရှိခဲ့ပါတယ်။
၂၀၂၂ မှာ ကိုဗစ်အလွန် စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်တာ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ လုပ်ငန်းပြန်စတာ၊ ခရီးသွားလာမှုတွေ ပြန်များလာတာကြောင့် ဝီစကီရောင်းချရနှုန်းတွေတက်လာတာဖြစ်တယ်လို့ SWA အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ကင့်က ပြောပါတယ်။