ပါလီမန်ဒီမိုကရေစီအိပ်မက်နဲ့ မန္တလေးက ပဒေသရာဇ်ပြုပြင်ရေး

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာတနိုင်ငံလုံး ဗြိတိသျှလက်အောက်ရောက်ပြီး အနှစ် ၄၀ နီးပါးရှိမှ ဒီမိုကရေစီရွေးကောက်ပွဲစနစ်ကို မိတ်ဆက်ပေးခဲ့တယ်လို့ လူအများ သိကြပါတယ်။ ဗြိတိသျှလက်အောက် မရောက်ခင် ဆယ်နှစ်လောက်က အထက်မြန်မာပြည်မှာ ပါလီမန်စနစ်ကို အသက်သွင်းဖို့ ကြိုးစားခဲ့တာကိုတော့ သတိမမူမိသလို ဖြစ်တတ်ပါတယ်။

ပါလီမန်အစ အင်္ဂလန်က

ပါလေမန် - ဆွေးနွေးပြောဆိုရာလို့ အဓိပ္ပာယ်ရတဲ့ ရှေးပြင်သစ်စကားလုံးက ဆင်းသက်လာတဲ့ ဒီ‌‌‌‌ဝေါဟာရဟာ ‌‌ခုတော့ ကမ္ဘာတလွှားက လွှတ်တော်တွေကို ကိုယ်စားပြုတဲ့ စကားလုံးလို ဖြစ်နေပြီး ဗြိတိသျှပါလီမန်ကိုလည်း ပါလီမန်တို့ရဲ့ မိခင်လို့ ခေါ်စမှတ်ပြုခဲ့ကြပါတယ်။ အတိုင်ပင်ခံ သုခမိန်အဖွဲ့နဲ့ ကောင်စီအဖွဲ့ကြီးတွေကနေ အစပျိုး ပေါ်ပေါက်လာတဲ့ အင်္ဂလန်ပါလီမန်မှာ ၁၃ ရာစုကစပြီး အစဥ်အလာ တက်နေကျ ဘုန်းကြီး၊ မှူးမတ်နဲ့ ရဲမက်တော်တွေအပြင် မြေပိုင်ရှင်ကလေးတွေကိုပါ ရွေးကောက်တင်မြှောက်ခွင့် ရလာပြီး ၁၂၉၅ မှာ စံပြပါလီမန်အဖြစ် ပေါ်ထွန်းလာကြောင်း မြန်မာ့စွယ်စုံကျမ်းက ပါလီမန်လွှတ်တော်အကြောင်းမှာ ပါရှိပါတယ်။ ၁၄ ရာစု တတိယအက်ဒွပ်ဘုရင်လက်ထက်ကစပြီး မှူးမတ်တွေနဲ့ မြို့ရွာကိုယ်စားလှယ်တွေ လွှတ်တော်နှစ်ရပ်ခွဲပြီး သီးခြားစည်းဝေးတဲ့ အလေ့ ပေါ်လာခဲ့ပါတယ်။

အင်္ဂလိပ်ပါလီမန်စနစ် အဆင့်ဆင့်ဖွံ့ဖြိုးလာပြီးနောက် အာဏာတွေ တိုးတက်ရရှိလာသလိုပဲ ၁၆၄၂ မှာ ဖြစ်တဲ့ အင်္ဂလန်ပြည်တွင်းစစ်နဲ့ ၁၆၈၈ တော်လှန်ရေးတွေကြောင့်လည်း ဘုရင်တွေနန်းကျ သတ်ဖြတ်ခံရတာတွေ ရှိလာပြီး ပါလီမန်က အချုပ်အချာအာဏာပိုင်တဲ့ အနေအထား ရောက်လာပါတယ်။ တိုရီနဲ့ ၀ှစ်ဆိုတဲ့ ဗြိတိသျှနိုင်ငံရေးကို ကြီးစိုးမယ့် ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်ပါတီတွေ ပေါ်ထွန်းလာသလို အားကောင်းတဲ့ ပါတီက အမတ်ကို ၀န်ကြီးခန့်တဲ့ အစဥ်အလာ ပေါ်ထွန်းလာပါတယ်။ မှူးမတ်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော် အာဏာကျလာပြီး ရွေးကောက်ခံအမတ်တွေရဲ့ အောက်လွှတ်တော်က အာဏာပိုရှိလာပါတယ်။ ၁၈၃၂ ပြုပြင်ရေးဥပ‌ဒေအရ လူလတ်တန်းစားတွေ မဲပေးခွင့်ရလာပြီး အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး စသဖြင့် တစတစနဲ့ မဲပေးခွင့် ပိုရလာပါတယ်။

ကင်း၀န်-‌ယောပြုပြင်ရေး

၁၈၇၂ က လန်ဒန်ကို သံတော်ကြီးအဖြစ် သွားခဲ့ရတဲ့ ကင်း၀န်မင်းကြီးဟာ ဗြိတိသျှပါလီမန်ကို လေ့လာခွင့်ရခဲ့ပြီး လန်ဒန်မြို့သွား နေ့စဥ်မှတ် စာတမ်းမှာ ဒီအကြောင်းကို ရေးသားခဲ့ပါတယ်။ မှူးမတ် ၂ သင်း စည်းဝေးတဲ့ ပါလေမင်း ခေါ် တိုက်ကြီးမှာ တိုင်းကျိုးပြည်ကျိုးနဲ့ စပ်တဲ့စကားတွေကို ဆွေးနွေးကြပုံ၊ သတင်းစာဆရာတွေက ဒီစကားတွေကို မှတ်သားပြီး သတင်းစာမှာ ထည့်သွင်းပုံတွေကို ကင်း၀န်မင်းကြီး ရေးမှတ်ခဲ့ပါတယ်။ ဒီမှာ မြင်တွေ့ကြားသိခဲ့သမျှ အုပ်ချုပ်ရေးပုံစံတွေကို မန္တလေးက မှူးမတ်တွေကို ရှင်းပြ‌ပြောဆိုပြီးနောက် မြန်မာပြည်မှာ အလားတူ အုပ်ချုပ်ရေးပြောင်းဖို့ ကင်း၀န်မင်းကြီးတို့အုပ်စု အားကျခဲ့ကြပါတယ်။

ဒါကြောင့် သီပေါမင်း နန်းတက်ပြီး မကြာမီ အရှင်နှစ်ပါး ဘိလပ်သွားခရီးစဥ် ပေါ်ပေါက်ရေးအတွက် ပြုပြင်ရေးဂိုဏ်းသားများ လုံးပန်းခဲ့ကြပေမယ့် အရာမထင် ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်နဲ့ အနောက်တိုင်းရဲ့ တိုးတက်မှုတွေကို မြင်ခဲ့တဲ့ မြန်မာ၀န်ကြီးတွေ အားကျသလို ဘုရင်နဲ့ မိဖုရားကို အားကျစေချင်ပေမယ့် တိုင်တားမင်းကြီးတို့ ရှေးရိုးစွဲအုပ်စုက ဒီခရီးစဥ်ပျက်အောင် ဖျက်ကြောင်း ရွှေဘိုမိမိကြီးက အရှင်နှစ်ပါး ဘိလပ်သွားသင့် မသွားသင့် ဆောင်းပါးမှာ ရေးပါတယ်။

ဒီခရီးစဥ်ပျက်အပြီး အုပ်ချုပ်ရေးပြုပြင်ဖို့ ဘုရင်ကို တင်သွင်းတဲ့အနေနဲ့ ကျမ်းပြုဖို့ ကင်း၀န်မင်းကြီး၊ ခမ်းပတ်မင်းကြီး၊ ရေနံချောင်း၀န်ကြီးနဲ့ မြို့သစ်၀န်ထောက်အပါအ၀င် ‌ယောမင်းကြီး ဦးဘိုးလှိုင်တို့ စုဝေးခဲ့ကြပါတယ်။ ဒီလိုရေးလို့ ထီးဘုရားနှလုံးတော်နဲ့ တိုက်မယ် မတိုက်ဘူး စဥ်းစားရခက်ပေမယ့် နောက်ဆုံး အရဲစွန့်ပြီး ဦးဘိုးလှိုင် တာ၀န်ယူကာ ရာဇဓမ္မသင်္ဂဟကျမ်းကို ပြုခဲ့ကြောင်း ရွှေဘိုမိမိကြီးက မဟာလူရည်ချွန် ရွှေပြည်၀န်ကြီး ဦးဘိုးလှိုင် စာအုပ်မှာ ရေးပါတယ်။

ကျမ်းကို နှစ်လအတွင်း ပြီးအောင်ရေးပြီး ၁၈၇၈ နို၀င်ဘာလကုန်မှာ သီပေါမင်းဆီ ဆက်သပေမယ့် တင်သွင်းပြီး ရက် ၅၀ အကြာမှာပဲ ရေနံချောင်း၀န်ကြီး၊ မြို့သစ်၀န်ထောက်တို့နဲ့အတူ ဦးဘိုးလှိုင် ရာထူးက ကျပါတယ်။

ရာဇဓမ္မလှိုင်း

ဒီလိုအရာကျပေမယ့် ပြုပြင်ရေး အသီးအပွင့်တချို့ ကျန်ခဲ့ကြောင်း ပုဂံ၀န်ထောက် ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ဖော်ပြပါတယ်။ တိုင်းပြည်ကို ၁၄ ဌာန ဝေပုံကျ ခွဲဝေအုပ်ချုပ်တာ အပါအ၀င် အမတ်သုံးစုခွဲပြီး ပါလီမန်ဆန်ဆန် ညီလာခံကျင်းပတာတွေ သီပေါမင်းလက်ထက်မှာ လုပ်ခဲ့ပါတယ်။ ဘဏ္ဍာတော်ရန်ပုံငွေစာရင်းဖွင့်ပြီး ဘက်ဂျက်ဆန်ဆန် ဘုရင့်အသုံးစရိတ်နဲ့ တိုင်းပြည်စရိတ်ကို ကန့်သတ်ဖို့ ကြိုးစားတာလည်း ဦးဘိုးလှိုင် အရာကျပြီးနောက်ထိ ကျန်ရစ်ကြောင်း မောင်ထင်ရဲ့ ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။

ဒီလို ပြောင်းလဲဖို့ အားထုတ်ပေမယ့်လည်း ဘုရင်၊ မိဘုရားနဲ့ ရှေးရိုးစွဲအုပ်စုများ မနှစ်လိုတဲ့အတွက် မတည်မြဲဘဲ ပျက်ယွင်းတာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမတ် ၆၄ ယောက်ပါတဲ့ မှူးမတ်ကြီး၊လတ်၊ ငယ် လွှတ်တော်သုံးရပ်အစည်းအဝေးဟာ သုံးလနဲ့ ရပ်သွားခဲ့ပါတယ်။ နောက်ပြီး ဘုရင့်ဘက်ဂျက်ကိုလည်း စည်းကမ်းမရှိ သုံးစွဲကြတဲ့အတွက် ငွေပြတ်ပြီး နောက်နှစ်အတွက် ကြိုတင် ငွေတောင်းရ ချေးရတာတွေ ဖြစ်တယ်လို့ ပုဂံ၀န်ထောက်က မှတ်တမ်းပြုပါတယ်။ တခါ အခွန်အကောက်ကို ဘုရင်နဲ့ မိဘုရား ထင်သလို ဖြုန်းတီးဖို့နဲ့ အုပ်ချုပ်ရေးမှာ အိမ်တော်ပါ လူငယ်တွေ ပါနိုင်ဖို့အတွက် စွက်ဖက်တဲ့အတွက် ၁၄ ဌာန အုပ်ချုပ်ရေးဟာလည်း ၉ ဌာန၊ ၁၀ ဌာန စသဖြင့် ပြောင်းလဲ ဖွဲ့စည်းရကြောင်း မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ပါရှိပါတယ်။

မင်းကျင့်တရားနဲ့ ဒီမိုကရေစီ

ဦးဘိုးလှိုင်ဟာ အင်္ဂလန်နဲ့ အနောက်တိုင်းပြည်ကြီးတွေမှာ ကျင့်သုံးတဲ့ ကုန်သွယ်ဝါဒ၊ ဖီဆီအိုကရေစီမြေယာဘောဂဗေဒ အယူအဆတွေနဲ့ နီးစပ်တဲ့ မြန်မာအစဥ်အလာ သင်္ဂဟတရား ၄ ပါးကို ပြန်လည်ဖော်ထုတ်ကြောင်း စောလဲဘွဲ့ထူးနဲ့ ကျော်ဝင်းက ရေးပါတယ်။ ဒီတရားလေးပါးအလိုအရ ပြည်သူဆီက အခွန်ကောက်တာ၊ ၀န်ထမ်းတွေကို လစာဝေငှတာ၊ ကုန်သည်လယ်လုပ်တွေကို အားရှိအောင် စောင်မတာ၊ ချိုသာစွာ ဆက်ဆံတာ စတဲ့ ကုန်ထုတ်ဆက်ဆံရေးကို အားပေးတဲ့ ကျမ်းကို ပြုပါတယ်။ ဦးဘိုးလှိုင်နဲ့ ကင်း၀န်မင်းကြီး စတဲ့ မန္တလေးခေတ်သား ပညာရှင်တွေဟာ အနောက်တိုင်းအတွေးသစ်တွေကို ရိုးရာအမြင်တွေနဲ့ ဆက်စပ်တွေးခေါ်ပြီး အသိသစ် အမြင်သစ်ရအောင် အားထုတ်ကြကြောင်း လန်ဒန်တက္ကသိုလ်က အာရှနဲ့ စစ်သမိုင်း ပါမောက္ခ မိုက်ကယ်ချာလ်နေရဲ့ အာဏာစွမ်းနဲ့ လေ့လာခြင်း စာအုပ်မှာ ပါရှိပါတယ်။ ဒါကြောင့် အပရိဟာနိယတရားဆိုတဲ့ ပိဋကတ်တော်လာ စည်းဝေးခြင်း၊ အညီအညွတ်ဆောင်ရွက်ခြင်း၊ ဥပဒေပညတ်အုပ်ချုပ်ခြင်း ဆိုတဲ့ ဒီမိုကရေစီသဘောပါတဲ့ တိုးတက်ရေးတရားကို ရာဇဓမ္မသင်္ဂဟကျမ်းမှာ ဦးဘိုးလှိုင် ထည့်သွင်းသုံးစွဲခဲ့ပါတယ်။

ဒီလို မြန်မာ့ရေမြေနဲ့ ဆီလျော်အောင် အားထုတ်ပေမယ့် ဦးဘိုးလှိုင်ရဲ့ ကျမ်းကို ပါတော်မူပြီး နှစ် ၃၀ ကြာမှ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဗြိတိသျှခေတ်မြန်မာပြည်မှာ ဒီမိုကရေစီရွေးကောက်ပွဲစနစ်ကို မိတ်ဆက်ပေးပေမယ့် လူမျိုးရေး သဟဇာတမဖြစ်မှု၊ စီးပွားရေး လူမှုရေး နိမ့်ကျမှုတွေကြောင့် လွတ်လပ်ရေးရတဲ့အချိန်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ဒီမိုကရေစီစနစ်က နာမည်ခံပဲ ရှိခဲ့ပါတယ်။ နယ်တွေမှာ လူသတ်လုယက်နေသူတွေက ငွေလက်နက်နဲ့ ခြိမ်းခြောက်ပြီး အမတ်ဖြစ်နေကြတဲ့အတွက် လွတ်လပ်ရေးခေတ် ဒီမိုကရေစီဟာ မတည်မြဲတာလို့လည်း ၀န်ကြီးဟောင်း ဦးထွန်းဖေရဲ့ အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရသလဲ စာအုပ်မှာ ပါရှိပါတယ်။

၁၉၆၂ အလွန်မှာတော့ စစ်ဗျူရိုကရက်စနစ်ရဲ့ ဖိစီးမှုကြောင့် အရပ်သားအုပ်ချုပ်ရေး မှေးမှိန်ပြီး ပြည်တွင်းစစ် သက်ဆိုးရှည်ခဲ့ပါတယ်။ မြန်မာပြည်မှာ ပဒေသရာဇ်စနစ်မပျောက်လို့ အာဏာရရင် ဘုရင်စိတ်၀င်သူတွေများလို့ ဒီမိုကရေစီအမြစ်မတွယ်တာ ဆိုပြီး ဦးထွန်းဖေ ရေးခဲ့တဲ့အတိုင်း မြန်မာပြည်မှာ ပဒေသရာဇ်စနစ်ပျောက်အောင် ၁၈၇၀ ကျော်ကတည်းက ကြိုးပမ်းခဲ့ကြပေမယ့် ပါလီမန်ဒီမိုကရေစီစနစ်၊ လွတ်လပ်တဲ့ သတင်းစာလောက၊ ခေတ်မီအုပ်ချုပ်ရေး စတာတွေ အမြစ်မတွယ်နိုင်ဘဲ စစ်အစိုးရ၊ စစ်ဘုရင်ဝါဒနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေသာ ပဒေသရာဇ်ခေတ်ကအတိုင်း ကျန်နေတာကို တွေ့ရပါတယ်။ မူလဘူတဥပဒေခေါ် အခြေခံဥပ‌ဒေနဲ့ ပါလီမန်ကဲ့သို့ အစည်းအဝေးလုပ်ရန် စီမံမယ့် ဦးဘိုးလှိုင်လို မြန်မာပညာတတ်တွေလည်း အာဏာပြိုင်အုပ်စုတွေကြားက အာဏာနဲ့ ငွေကြေးရင်းမြစ်ပြဿနာကို မဖြေရှင်းနိုင်သရွေ့ ရှေ့တလှမ်းတက်နိုင်မယ့်ပုံ မရှိသေးပါဘူး။

ပစ္ဆန္တရာဇ်နဲ့ ဒီမိုကရေစီ

ဦးဘိုးလှိုင်ခေတ်ကလိုပဲ ဘုရင်စနစ်ဖိနှိပ်မှုကို မခံနိုင်လို့ ဗြိတိသျှအောက်မြန်မာပြည်ကို ဆင်းပြေးကြတဲ့ အညာသားတွေနေရာမှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပြည်ပထွက်ခွာကြတဲ့ အလွှာစုံက မြန်မာနိုင်ငံသားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဦးဘိုးလှိုင်ခေတ်ကလိုပဲ ပညာရှင်စကားကို နားမ၀င်တဲ့ အာဏာကိုင်အုပ်စုတွေကို ၂၁ ရာစု မြန်မာပြည်မှာ ဆက်တွေ့ရသလို ဆင်းရဲခေတ်နောက်ကျခြင်း၊ မလုံခြုံခြင်း၊ ညီညွတ်မှုပြိုကွဲခြင်းကြောင့် ပြည်ပလွှမ်းမိုးမှု ကြုံရတဲ့ အနေအထားမျိုးကိုလည်း မြန်မာပြည်ထောင်စုမှာ ဆက်လက်ရင်ဆိုင်နေရပါတယ်။

''လောက၌ အလုပ်ကိစ္စများ ဆောင်ရွက်ရာတွင် အစိုးရပင် ဖြစ်စေကာမူ ထိုက်တန်လောက်အောင် ပေး၍ မခိုင်းလျှင် မည်သည့်အရာကိုမျှ နေရာကျအောင် ပြုလုပ်မည့်သူမရှိ။ အကယ်၍ အစိုးရ၏ ဂုဏ်အာဏာနှင့် နှိပ်စက်၍ ခိုင်းလျှင် လှန်ပြန်နိုင်က လှန်ပြန်လိမ့်မည်။ မလှန်ပြန်နိုင်လျှင် ထွက်ပြေးတိမ်းရှောင်လိမ့်မည်'' ဆိုတဲ့ ဦးဘိုးလှိုင်ရဲ့ သတိပေးစကားက နှစ် ၁၅၀ နီးပါး ကြာတဲ့အထိ မြန်မာပြည်မှာ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။