ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိသျှနန်းဆက် - ဝီလျံကနေ အဲလစ်ဇဘက်၊ အင်္ဂလန်ကနေ ယူကေဖြစ်အောင် ပုံဖော်ခြင်း
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဗြိတိသျှထီးနန်းဟာ ကမ္ဘာပေါ်မှာ လက်တဆုပ်သာ ကျန်တော့တဲ့ ဘုရင်စနစ်နိုင်ငံတွေထဲမှာ အထင်ရှားဆုံး ထီးနန်းစနစ်ဖြစ်သလို ဗြိတိသျှ ဘုရင်မ ဒုတိယမြောက် အဲလစ်ဇဘက်ဟာလည်း ထိုင်းဘုရင်ဘူမိဘောအလွန်မှာ ကမ္ဘာ့ ဒုတိယနန်းသက်အရှည်ဆုံး စံချိန် တင်နိုင်တဲ့ မင်းတပါး ဖြစ်နေပါတယ်။
တကယ်က ဗြိတိသျှထီးနန်းလို့ ပြောနိုင်တဲ့ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ပူးပေါင်းတဲ့ ထီးနန်းစနစ်ဟာ ၁၇ဝ၇ ခုနှစ်မှ ပေါ်ထွန်းလာတာ ဖြစ်လို့ ဘုရင် နဲ့ ဘုရင်မ စုစုပေါင်း ၁၂ ပါးပဲ ရှိပါသေးတယ်။ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ပေါင်းတဲ့ ဂရိတ်ဗြိတိန်နိုင်ငံထဲကို ရာစုနှစ်တွေနဲ့ချီပြီး အင်္ဂလိပ် သိမ်းပိုက် ထားခဲ့တဲ့ အိုင်ယာလန်ဘုရင့်နိုင်ငံကို ပူးပေါင်းလိုက်တဲ့ ၁၈ဝ၁ မှာတော့ ယူနိုက်တက်ကင်းဒမ်း ညီညွတ်သော ဘုရင့်နိုင်ငံဖွဲ့စည်းခဲ့ပါတယ်။ ၁၉၂၂ မှာ အိုင်ယာလန် တောင်ပိုင်း လွတ်လပ်ရေး ယူသွားပြီးနောက် အင်္ဂလန်၊ စကော့တလန်၊ ဝေလနဲ့ မြောက်ပိုင်းအိုင်ယာလန်သာ ကျန်ရစ်ခဲ့ပါတယ်။
ဗြိတိသျှထီးနန်းကို အနှစ် သုံးရာကျော် အုပ်စိုးခဲ့တဲ့ မင်းဆက်တွေက စတူးဝပ်၊ ဟန်နိုဗာ၊ ဆက်ကိုဗတ်နဲ့ဂိုသာကို အမည်ပြောင်းလိုက်တဲ့ ဝင်ဆာမင်းဆက် တွေ ဖြစ်ကြပြီး စကော့နွယ်ဖွားနဲ့ ဂျာမန်အနွယ် မင်းမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အင်္ဂလိပ်မင်းဆက်တွေ စံမြန်းတဲ့ လန်ဒန်မှာ အခြေစိုက်ပြီး အင်္ဂလိပ်ကြီးစိုးတဲ့ နိုင်ငံကို အုပ်ချုပ်တာဖြစ်လို့ ဗြိတိသျှမင်းတွေကို အင်္ဂလိပ်မင်းတွေလို့ပဲ ယူဆခံရပါတယ်။ ဒီဘုရင်မင်းဆက်တွေဟာ ပြည်တွင်းစစ်၊ ပုန်ကန်ထကြွမှု၊ ပြည်ပကျူးကျော်စစ်နဲ့ ကမ္ဘာစစ်တွေကို ဖြတ်သန်းလာခဲ့ပြီး တော်လှန်ရေးနဲ့ နိုင်ငံရေး စီးပွားရေး ပြောင်းလဲမှုတွေကို ဒီရာစုသုံးစုအတွင်း မှာ ကျော်လွှားနိုင် ခဲ့ကြပါတယ်။ နောက် ဗြိတိသျှပါလီမန်ဒီမိုကရေစီဆိုတဲ့ လက်ရှိကျင့်သုံးဆဲ ဒီမိုကရေစီစနစ်ဟာလည်း ဒီဗြိတိသျှ ထီးနန်းအရိပ် အောက်က ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလိပ်အစ
ဗြိတိသျှကျွန်းစုကို ရာစုနှစ်တွေနဲ့ချီ လွှမ်းမိုးခဲ့တဲ့ အင်္ဂလိပ်လူမျိုးတွေဟာ တကယ်က ဥရောပက ဝင်လာတဲ့ အင်္ဂလိုဆက္ကဆွန် ဂျာမန်မျိုးနွယ်စုတွေနဲ့ ပြင်သစ် နော်မန်ဒီသားတွေ ရောယှက်ပေါင်းဖက်ရာက ၁၄ ရာစုအတွင်းမှာ ပေါ်ထွန်းလာတဲ့ လူမျိုးစု ဖြစ်ပါတယ်။ ဗြိတိန်ကို ရောမ မသိမ်းခင်ကတည်းက ရှိခဲ့တဲ့ ဂေးလစ်လူမျိုးတွေဟာ ရောမတွေ ထွက်သွားပြီးနောက် အသစ်ဝင်လာတဲ့ အင်္ဂလိုဆက္ကဆွန်တွေကြောင့် ဗြိတိန်ကျွန်းကြီးရဲ့ အထက်ပိုင်း၊ အနောက် နဲ့ အနောက်တောင်ပိုင်း၊ အိုင်ယာလန်ကျွန်းဘက်တွေမှာပဲ အားကောင်းကျန်ရစ်ခဲ့ပြီး စကော့၊ ဝေလ၊ ကွန်းဝေါ၊ အိုင်းရစ်လူမျိုးတွေရဲ့ ဘိုးဘေးတွေ ဖြစ်လာ ပါတယ်။ တခါ အင်္ဂလိုဆက္ကဆွန်နဲ့ စကင်ဒီနေးဗီးယားဘက်က ဝင်လာတဲ့ ဗိုက်ကင်းမျိုးနွယ်တွေက ဟက်ပတာခီခေါ် နိုင်ငံ ၇ ခု ခွဲခြားပြီး အင်္ဂလန်ကို အုပ်ချုပ်ခဲ့ကြပါတယ်။ ဒီထဲက အားကြီးတဲ့ ဆက္ကဆွန်ဘုရင် မဟာအဲလ်ဖရက်လက်ထက် ၉ ရာစုမှာ နိုင်ငံငယ်တွေကို စတင်စုစည်းပြီး မြေးတော် အက်သယ်လ်စတန်လက်ထက် ၉၂၈ မှာ ပထမဆုံး အင်္ဂလန်ဘုရင်လို့ ခေါ်ဆိုနိုင်ခဲ့ပါတယ်။
၁ဝ၆၆ မှာ နောက်ဆုံး ဆက္ကဆွန်ဘုရင် ဟားရိုးကို ဟေးစတင်းတိုက်ပွဲမှာ နော်မန်ဘုရင် ဝီလျံက အနိုင်ယူလိုက်ပြီးနောက် အင်္ဂလန်မြို့တော်ကို ဝင်ချက်စတာကနေ လန်ဒန်ကို ရွှေ့ခဲ့ပါတယ်။ နော်မန်ဘုရင်တွေနောက် ဘလွား၊ ပလန်တာဂျနက် စတဲ့ ပြင်သစ်မင်းဆက်တွေ လာရောက် အုပ်ချုပ်ကြပြီး ပြင်သစ်နဲ့ ဗြိတိန်နှစ်ဖက်ခြမ်းလုံးမှာ နယ်မြေတွေ ခွဲဝေ ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဝေလနယ်ကို ၁၃ ရာစုနှောင်းပိုင်းမှာ အင်္ဂလန်အောက် သွတ်သွင်းပြီး အိုင်ယာလန်ကိုတော့ ၁၂ ရာစုကနေ ၁၇ ရာစုအတွင်း အင်္ဂလိပ်ဘုရင်တွေ အကြိမ်ကြိမ် သိမ်းသွင်း ခဲ့ကြပါတယ်။
၁၅ ရာစုမှာ ယော့နဲ့ လန်ကတ်စတာ နယ်စားမိသားစုကြီးနှစ်စု အာဏာလုရာက အင်္ဂလန်မှာ နှင်းဆီစစ်ပွဲခေါ် ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ပါတယ်။ နောက် ကျူဒါအနွယ်ဝင် သတ္တမဟင်နရီလက်ထက် ဒီမိသားစုကြီးနှစ်စု ပေါင်းစည်းမိပြီး အင်္ဂလန် အမျိုးသားနိုင်ငံအဆင့်ကို ခြေလှမ်းပြင်နိုင်ခဲ့ပါတယ်။
အင်္ဂလန်ကျောင်းတော်နဲ့ ပြည်တွင်းစစ်
အဋ္ဌမဟင်နရီဘုရင်လက်ထက် မိဖုရားကွာရှင်းခွင့်အကြောင်းပြုပြီး ရောမကက်သလစ်ကျောင်းတော်ကနေ သီးခြားခွဲထွက်ပြီး အင်္ဂလန်ကျောင်းတော် တည်ထောင်ပါတယ်။ သူ့ရဲ့သမီးတော် ပထမအဲလစ်ဇဘက်လက်ထက် အင်္ဂလိပ်ပင်လယ်ဓားပြကြီးတွေကို မြှောက်စားပြီး ရေကြောင်းကနေ လက်နက်နိုင်ငံ ထူထောင်ခဲ့ပါတယ်။ အဲလစ်ဇဘက်ခေတ်မှာပဲ နန်းကျစကော့ဘုရင်မ မေရီကို ကွပ်မျက်ခဲ့ပေမယ့် အဲလစ်ဇဘက်ရဲ့ အရိုက်အရာကို မေရီရဲ့သားတော် ဂျိမ်းစ်က ဆက်ခံပါတယ်။ ဒါကြောင့် ၁၆ဝ၃ မှာ ပထမဂျိမ်းစ်ဟာ စကော့တလန်၊ အင်္ဂလန်နဲ့ အိုင်ယာလန်ကို ပူးတွဲအုပ်ချုပ်တဲ့ ပထမဆုံး စတူးဝပ်မင်းဆက် ဘုရင် ဖြစ်လာပါတယ်။
ဂျိမ်းစ်ရဲ့သားတော် ပထမချားလ်စ်လက်ထက် ပြည်တွင်းစစ်ဖြစ်ပြီး ဘုရင်သုတ်သင်ခံရပေမယ့် အသစ်တက်လာတဲ့ အရပ်သားခေါင်းဆောင် အိုလီဗာ ကရွန်းဝဲရဲ့ အာဏာရှင်အုပ်ချုပ်ရေးကို မနှစ်ခြိုက်လို့ ကရွန်းဝဲအလွန်မှာ ချားလ်စ်ရဲ့သားတော် ဒုတိယချားလ်စ် ဘုရင် ဖြစ်လာပါတယ်။ အဲဒီနောက် ဒုတိယ ချားလ်စ်ရဲ့ ညီတော် ဒုတိယဂျိမ်းစ် နန်းစွန့်ထွက်ပြေးရပေမယ့် ဂျိမ်းစ်ရဲ့ သမီးတော် မေရီနဲ့ သမက်တော် သြရိန်းမင်းသား ဝီလျံတို့ကို နယ်သာလန်က ခေါ်ပြီး နန်းအပ်ကြပါတယ်။ မေရီရဲ့ ညီမတော် အန်းလက်ထက် အင်္ဂလန်နဲ့ စကော့ တလန် နှစ်ပြည်ထောင် ပူးပေါင်းပြီး ဂရိတ်ဗြိတိန်ကို ထူထောင်တာ ဖြစ်ပါတယ်။
ဂျာမန်ဘုရင်များနဲ့ စည်းမျဉ်းခံအင်ပါယာ
အန်းကို ဆက်ခံမယ့်သူ မရှိလို့ စတူးဝပ်မင်းဆက်ပျက်ပြီး ဂျာမနီက ဟန်နိုဗာနယ်စား ဂျော့ကို ၁၇၁၄ မှာ နန်းတင်ကြပါတယ်။ ဗြိတိန်အပေါ် တွယ်တာမှုနည်းတဲ့ ပထမဂျော့ဘုရင်လက်ထက် ဗြိတိသျှ အစိုးရကို နန်းရင်းဝန်ကြီးခန့်ပြီး အုပ်ချုပ်တဲ့ စနစ် စတင်ပါတယ်။ ပထမဆုံး နန်းရင်းဝန် ရောဘတ်ဝါလပိုဟာ ၁၇၂၁ ကနေ ၁၇၄၂ ထိ အုပ်ချုပ်ခဲ့ပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ခေတ်သစ်ပုံစံဝင်အောင် အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ၁၃ ရာစု ဂျွန်ဘုရင်လက်ထက်ကစပြီး မဂ္ဂနာကာတာ စာချုပ်ချုပ်ကာ ဘုရင်နဲ့မှူးမတ်တွေကြား အာဏာ ခွဲဝေရေး စတင်ခဲ့ပေမယ့် အနှစ် ငါးရာကျော်အောင် ဘုရင်နဲ့ အမတ်တွေကြား အာဏာလုပွဲက မပြီးပြတ်ခဲ့ပါဘူး။ နန်းရင်းဝန်စနစ်ပေါ်လာပြီးနောက်မှာလည်း ခေတ်မီပါလီမန် စနစ်ကို သေချာ အသက် မသွင်းနိုင်ဘဲ ၁၈၃၂ ပြုပြင်ရေးဥပဒေပြဋ္ဌာန်းပြီးနောက်မှ မြို့စားနယ်စား ကြီးစိုးတဲ့ အထက်လွှတ်တော် အာဏာကျပြီး အောက်လွှတ်တော် တန်ခိုးကြီး လာပါတယ်။ ဒါပေမဲ့ ဒီလို ပါလီမန်စနစ်ကို စောစောအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပြင်သစ်လို တော်လှန်ရေးနဲ့မရင်ဆိုင်ရဘဲ ဗြိတိသျှ ထီးနန်းကို ပြည်သူထောက်ခံမှုရစေခဲ့ပါတယ်။ တရုတ်၊ ဂျပန်နဲ့ ထိုင်းစတဲ့ အာရှသက်ဦးဆံပိုင် နိုင်ငံအများစုမှာလည်း ၁၉ ရာစုအတွင်း စည်းမျဉ်းခံဘုရင် စနစ်ကူးပြောင်းဖို့ ကြိုးစားကြရာမှာ ဗြိတိန်ပုံစံကို အတုယူခဲ့ကြပါတယ်။
ဟန်နိုဗာမင်းဆက် တက်နေတဲ့အချိန်မှာ ကမ္ဘာတလွှား ကိုလိုနီအပြိုင်ရှာကြတဲ့ ဥရောပနိုင်ငံတွေအကြား ဗြိတိန် ထိပ်တန်းရောက်လာခဲ့ပါတယ်။ စပိန်နဲ့ ပေါ်တူဂီနေရာကို ဗြိတိန်နဲ့ပြင်သစ်ဝင်လာပြီး အမေရိက၊ အာရှ၊ အာဖရိကနဲ့ ပစိဖိတ်သမုဒ္ဒရာတလွှား နယ်မြေသစ်တွေ ရှာဖွေသိမ်းပိုက်ခဲ့တာပါ။ ဒီလိုနဲ့ ၁၉ ရာစု ဗြိတိသျှအင်ပါယာပိုင်နက် စတုရန်းမိုင် ၁ဝ သန်းကျော်မှာ လူ သန်း ၄ဝဝ ကျော် နေခဲ့ပြီး သူနဲ့အပြိုင်ဆိုလို့ အာရှအလယ်ပိုင်းကို ကြီးစိုးထားတဲ့ ရုရှားအင်ပါယာပဲ ရှိခဲ့ပါတယ်။ အမေရိကန်ကို လက်လွှတ်ခဲ့ရတဲ့ ဗြိတိသျှအင်ပါယာမှာ သြစတြေးလျ၊ ကနေဒါ၊ တောင်အာဖရိက၊ အိန္ဒိယစတဲ့ ကိုလိုနီကြီး တွေ ပါဝင်ခဲ့ပါတယ်။
ဝိတိုရိယစံနဲ့ ခေတ်သစ်ကမ္ဘာ
ဟန်နိုဗာမင်းတွေထဲမှာ နောက်ဆုံးဖြစ်တဲ့ ဝိတိုရိယဘုရင်မကတော့ အင်ပါယာတန်ခိုးအကြီးဆုံးအချိန်မှာ ဘုရင်ဖြစ်သူမို့ ဗြိတိသျှသမိုင်းမှာ မြှောက်စား အခံရဆုံး ဘုရင်ဖြစ်ပါတယ်။ နန်းသက် ၆၄ နှစ်ထိ စံခဲ့တဲ့အတွက် ဗြိတိန်အတွက် အပြောင်းအလဲ အများဆုံး အချိန်ကို ဖြတ်သန်းခဲ့ပါတယ်။ သူ့လက်ထက် မှာ စက်မှုတော်လှန်ရေး၊ ပါလီမန်နဲ့ တရားရုံးပြုပြင်ရေး၊ အမျိုးသမီးအခွင့်အရေးတောင်းဆိုမှုတွေ ရှိခဲ့ပြီး ပညာရေးနဲ့ ကျန်းမာရေး၊ သိပ္ပံတွေ့ရှိမှု အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ အင်ပါယာတလွှားမှာ ဘုရင်မ ရုပ်တုအများအပြား ထုဆစ်ခဲ့ပြီး သူ့နာမည်မှည့်ထားတဲ့ မြို့ရွာ ပြည်နယ် ရေတံခွန် လမ်းတံတားတွေ ရာထောင်ချီ ရှိခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက ရှေးရိုးဆန်တဲ့ လူမှုအမြင်တွေကို ဝိတိုရိယစံနှုန်းလို့ နောက်ပိုင်းမှာ ခေါ်ကြ ပေမယ့် သူ့ခေတ်မှာ တိုးတက်ထွန်းကားလာတဲ့ နည်းပညာနဲ့ စာပေယဉ်ကျေးမှုတွေကြောင့် ၂ဝ ရာစု ကမ္ဘာ့ပြောင်းလဲမှုဟာ အရင် ရာစုနှစ်စုစာမက ကြီးမား ခဲ့ပါတယ်။
ဝိတိုရိယကို ဆက်ခံတဲ့ သတ္တမအက်ဒွပ်နဲ့ ပဉ္စမဂျော့ဘုရင်တွေ လက်ထက်မှာလည်း ဗြိတိသျှအင်ပါယာဟာ နေမဝင်အင်ပါယာအဖြစ် အင်အားကြီးဆဲ ဖြစ်ပါတယ်။ ၁၉၁၄ မှာ ဖြစ်တဲ့ ပထမကမ္ဘာစစ်အတွင်း ဗြိတိန်မှာ ဂျာမန်ဆန့်ကျင်မှု များလာတဲ့အတွက် မင်းဆက် နာမည်ကို ၁၉၁၇ မှာ ဝင်ဆာမင်းဆက် အဖြစ် ပြောင်းလဲခဲ့ပါတယ်။ တကယ်က ဗြိတိန်၊ ဂျာမနီ၊ ရုရှား၊ သြစတြီးယား စတဲ့ စစ်ပြိုင်နိုင်ငံတွေက ဘုရင်မင်းဆက်တွေဟာ တခြား ဥရောပ ထီးဆောင်းမင်းတွေနဲ့ အပြန်အလှန် အမျိုးစပ်နေကြတာ ဖြစ်လို့ ပထမကမ္ဘာစစ်ကို ဆွေမျိုးချင်း ဖြစ်တဲ့စစ်လို့ တင်စားခဲ့ကြပါတယ်။
အင်ပါယာပျောက် မင်းဆက်
၁၉၃၆ မှာ နှစ်ခုလပ် အမျိုးသမီးကို မယူရလို့ အဋ္ဌမအက်ဒွပ် နန်းစွန့်တဲ့အရေးကြောင့် ဗြိတိသျှထီးနန်း ရိုက်ခတ်ခဲ့ပေမယ့် ဆဋ္ဌမဂျော့နဲ့ သမီးတော် ဒုတိယအဲလစ်ဇဘက်တို့ခေတ်မှာ တည်ငြိမ်အောင် ပြန်ထိန်းနိုင်ခဲ့ပါတယ်။ ဗြိတိန်ကို အဓိကပြောင်းလဲစေခဲ့တာကတော့ ဒုတိယကမ္ဘာစစ်နဲ့ စစ်အပြီး အင်ပါယာပြိုကွဲမှု ဖြစ်ပါတယ်။ ကမ္ဘာစစ်မှာ မီးကုန်ယမ်းကုန် တိုက်ခဲ့ရတဲ့ ဗြိတိန်ဟာ စစ်အပြီး ဒေဝါလီခံရလုမတတ်ဖြစ်ပြီး အမေရိကန်ကူငွေနဲ့ အသက်ဆက်ခဲ့ရပါတယ်။ ကိုလိုနီနိုင်ငံတွေက နိုးကြားလာတဲ့ လွတ်လပ်ရေးစိတ်တွေကြောင့် အင်ပါယာထဲ ရေရှည်ဆက်ထားလို့ မရတော့တဲ့အတွက် ၁၉၅ဝ နဲ့ ၁၉၆ဝ ပြည့်လွန်နှစ်တွေမှာ ကိုလိုနီ အားလုံးလိုလို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ မလေးယား (လက်ရှိအမည် - မလေးရှား)၊ ဇင်ဘာဘွေ ကနေ ဖီဂျီ၊ ဘရူနိုင်းထိ နိုင်ငံစုံကို လွတ်လပ်ရေး ပေးရ ပြီးနောက် ဂျီဘရော်လ်တာ၊ ဖောက်ကလန်၊ ဘာမြူဒါ စတဲ့ ဗြိတိသျှ ပင်လယ်ရပ်ခြား ပိုင်နက် ၁၄ ခုသာ ကျန်ရစ်ပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ ပါပူဝါ နယူးဂီနီ၊ ဂျမေကာ စတဲ့ ဗြိတိသျှ ဓနသဟာယ ၁၅ နိုင်ငံကလည်း အကျိုးစီးပွားဖက် နိုင်ငံတွေ အဖြစ် ကျန်ရစ် ခဲ့ပါတယ်။
နောက် စစ်ပြီးခေတ် အက်တလီရဲ့ လေဘာအစိုးရ လက်ထက်မှာ အင်္ဂလန်ဘဏ်နဲ့ ကျောက်မီးသွေး၊ လျှပ်စစ်၊ ရထား စတဲ့ လုပ်ငန်းကြီးတွေ ပြည်သူပိုင် သိမ်းခံရပြီး အထက်လွှာတွေရဲ့ ပိုင်ဆိုင်မှုတွေကို အခွန်တိုးကောက်ကာ ပြည်တော်သာ နိုင်ငံ ထူထောင်ခဲ့ပါတယ်။ အမျိုးသားကျန်းမာရေး ဌာန တည်ထောင်တာ၊ ဝင်ငွေနည်းသူတွေအတွက် အစိုးရအိမ်ရာစီမံကိန်းတွေ တိုးချဲ့တာအပြင် ၁၉၆ဝ ကျော်မှာ တက္ကသိုလ်ကို လူတန်းစားစုံ တက်နိုင်အောင် လည်း ဟားရိုးလ်ဝီလ်ဆင်ရဲ့ လေဘာအစိုးရက ကြံစည်ခဲ့ပါတယ်။ နောက် သေဒဏ်နဲ့ လိင်တူဆက်ဆံမှု တားမြစ်တဲ့ ဥပဒေ ဖျက်သိမ်းတာအပြင် သားဖျက်ခွင့်ကို တရားဝင်ပြုလုပ်တာ စတဲ့ ခေတ်မီပြုပြင်ရေးတွေလည်း ရှိလာပါတယ်။
ဒီလို နိုင်ငံခေတ်မီပြောင်းလဲလာပြီး ဗြိတိန်ကို အနှစ် ရာချီ ကြီးစိုးခဲ့တဲ့ အထက်လွှာ လူတန်းစား သြဇာကျဆင်းလာပေမယ့် ဘုရင်မနဲ့ တော်ဝင်မိသားစုရဲ့ သြဇာက ဆက်ရှိနေခဲ့ပါတယ်။ အင်ပါယာခေတ်ကလောက် မကြီးပေမယ့် လူမှုကူညီရေးမှာ တက်ကြွတဲ့အခန်းက ဘုရင်မ မိသားစု ဆက်ရှိနေခဲ့ပါတယ်။ ကံကုန်သွားတဲ့ ချွေးမတော် ဒိုင်ယာနာဟာ အလှအပနဲ့ အချစ်ဇာတ်လမ်းတွေကြောင့်အပြင် သူ့ရဲ့ ပရဟိတစွမ်းဆောင်မှုတွေကြောင့်လည်း လူချစ်လူခင် များခဲ့ပါတယ်။ ဗြိတိသျှထီးနန်းဟာ တခြား ဥရောပ ဘုရင်နိုင်ငံတွေလိုပဲ ၂၁ ရာစုခေတ်အထိ ဆက်ရှင်သန်နိုင်ဖို့အတွက် ပြုပြင်ရေးတွေ လုပ်ခဲ့သလို ဝီလျံနဲ့ ဟယ်ရီ မြေးတော်တွေရဲ့ ပရဟိတလုပ်ငန်းတွေကို အသားပေးလာတာကိုလည်း တွေ့ရပါတယ်။
အောင်နိုင်သူဝီလျံ၊ ပထမရစ်ချတ်၊ သတ္တမဟင်နရီစတဲ့ အလယ်ခေတ် ဘုရင်တွေလို သူရဲကောင်းကျော်ကြားမှုမျိုးမရှိ၊ ပထမအဲလစ်ဇဘက် လက်ထက် ကလိုလည်း လျှမ်းလျှမ်းမတောက် အာဏာမပြင်း၊ ဝိတိုရိယ ဘုရင်မခေတ်လောက်လည်း ဘုန်းမကြီး၊ နန်းစွန့်သွားတဲ့ အဋ္ဌမအက်ဒွပ်လို လူကြိုက်များ ရေပန်းစားတာ မဟုတ်ပေမယ့် ဒုတိယအဲလစ်ဇဘက်ခေတ်ဟာလည်း ဗြိတိသျှသမိုင်းမှာ တမျိုးပြောစမှတ်ဖြစ်မယ့် ခေတ်မီပြောင်းလဲရေး ခေတ် ဖြစ်ပါတယ်။
ဗြိတိန် သို့မဟုတ် လေးနိုင်ငံ
အင်္ဂလိပ်နဲ့ ဗြိတိသျှထီးနန်း အနှစ် တထောင်ကျော် တည်တံ့အောင် ထိန်းထားခဲ့တဲ့ ရိုးရာစံနှုန်းတွေနဲ့အတူ နိုင်ငံရေး စီးပွားရေး စနစ်တွေ ပြောင်းတိုင်း ဘုရင်စနစ်ကို အပါသယ်လာနိုင်တဲ့ ဗြိတိသျှ တွေရဲ့ ဓလေ့ကလည်း ဘုရင်စနစ် တည်တံ့ရေးမှာ အရေးပါဆဲ ဖြစ်ပါတယ်။ နေမဝင် အင်ပါယာ မရှိ တော့ပေမယ့် ဗြိတိသျှနိုင်ငံရေး တရားရေးနဲ့ ဘဏ္ဍာရေးစနစ်တွေ၊ ပညာရေး ကျန်းမာရေးဝန်ဆောင်မှုတွေ၊ စာပေယဉ်ကျေးမှုတွေကို ကမ္ဘာ့ နေရာအနှံ့က စံမှီးအတုယူနေရဆဲ ဖြစ်လို့ အာဏာပျော့နဲ့ ဆက်လက်ဆောက်တည်ထားတယ်လို့ ဆိုနိုင်ပါတယ်။
ဗြိတိန်ရဲ့ ထူးခြားချက်က အင်္ဂလန်ပြည်ရယ်လို့ စုစည်းမိပြီးနောက်ပိုင်း ပဒေသရာဇ်ချင်း စစ်ပြိုင်တာ၊ ပြည်တွင်းစစ်ဖြစ်တာတွေ ရှိပေမယ့် နိုင်ငံပြိုကွဲတဲ့ထိ မဖြစ်ခဲ့ဘဲ ဝေလနဲ့ အိုင်ယာလန်ကိုပါ သိမ်းသွင်းနိုင်ခဲ့တာပါ။ နောက်ဆုံး စကော့တလန်နဲ့ပါ ပေါင်းစည်းနိုင်ခဲ့ပါတယ်။ ဒီပေါင်းစည်းမှုဟာ ပန်းခင်းတဲ့လမ်း လျှောက်ရသလို မဟုတ်ဘဲ စတူးဝပ်အနွယ်တချို့ရဲ့ ဂျက်ကိုဘင်ပုန်ကန်မှုကို ဆယ်စုနှစ်တွေနဲ့ချီပြီး စကော့တလန်မှာ နှိမ်နင်းခဲ့ရပါတယ်။ ၂ဝ ရာစုမှာတော့ အိုင်ယာလန် လွတ်လပ်ရေးစစ်ဖြစ်ပြီး တောင်ပိုင်း ကို လွတ်လပ်ရေးပေးခဲ့ရသလို နောက်ဆုံး မြောက်ပိုင်းမှာ ကြီးစိုးနေတဲ့ အိုင်အာအေ သူပုန်တွေနဲ့ ဆယ်စုနှစ်သုံးစု တိုက်ခိုက်ခဲ့ပြီး ၁၉၉၈ မှ ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။ ၂ဝ၁၄ စကော့တလန် ခွဲထွက်ရေး ဆန္ဒခံပွဲမှာ ခွဲထွက်ရေးဘက်က အရေးနိမ့် သွားပေမယ့် စကော့တလန်ပါလီမန်ကို အခွန်ကိစ္စ အာဏာ ပိုပေးလာရပါတယ်။ ကမ္ဘာတလွှား ခွဲထွက်ခွင့် တောင်းဆိုမှုတွေ ပိုများလာချိန်မှာ ဗြိတိန်ရဲ့ လေးနိုင်ငံ ပေါင်းစည်းမှုက ပဒေသရာဇ်အမွေခံဆိုပေမယ့် ညှိနှိုင်းပေါင်းစပ်မှုတွေနဲ့ အလုပ်ဆက်ဖြစ်နေပါတယ်။