ဇူလိုင် ၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရုတ်ကို သွားရောက်

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဟာ ဇူလိုင် ၆ ရက် မနက်မှာပဲ နေပြည်တော်လေဆိပ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီ လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒုတိယ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ် ကို တက်ရောက်မယ်လို့ သိရပါတယ်။

ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီး ၃ နှစ်ခွဲကာလအတွင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။

မနှစ်က ဘေဂျင်းမှာလုပ်တဲ့ တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်‌ရောက်ခဲ့တာက စစ်ကောင်စီရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအနေနဲ့ဖိတ်တာလို့ နားလည်ရပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင် လကုန်မှာ အရေးပေါ်ကာလကြေညာချက် သက်တမ်းပြည့်မှာဖြစ်သလို တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ စစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကာလမျိုးမှာ ကြည်းတပ် ခေါင်းဆောင်ရဲ့ ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က သမ္မတဟောင်း ဦးသိန်းစိန်လည်း ဘေဂျင်းကိုသွားခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝန်ကြီးတွေ မနှစ်ကစလို့ တရုတ်နိုင်ငံကို အကြိမ်ပေါင်း ဆယ်ချီ ခရီးထွက်ခဲ့ပြီးပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံကို တစ်ခေါက်မှ မရောက်သေးပါဘူး။

စမ်းချောင်းမှာ အုပ်ချုပ်‌ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ကျွန်းတော(အလယ်)ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဒီနေ့ ဇူလိုင် ၆ ရက်မှာ ပစ်ခတ်ခံရပြီး သေဆုံး သွားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက အတည်ပြု ပါတယ်။

“လက်ဘက်ရည်ဆိုင်ထိုင်နေရင်း အပစ်ခံရတာလို့” စမ်းချောင်းမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး အပစ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေပိတ်ပြီး လမ်းသွား လမ်းလာတွေကို စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့လည်း စမ်းချောင်းဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးခင်စိုး ( ခေါ် ) စိုးစိုး ကို ပစ်ခတ်တာ သူတို့လက်ချက်လို့ Freeland Attack Force (FLA) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရပ်ကွက်နေပြည်သူတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ လုပ်ခဲ့လို့ ပစ်ခတ်ရှင်း လင်းခဲ့တယ်လို့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ပြီး သူက စစ်မှုထမ်း စာရင်းကောက်ခံတဲ့နေရာမှာ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်တယ်လို့လည်း FLA က ဆိုပါတယ်။

နောင်ချိုနဲ့ မိုးမိတ်မှာ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)က နောင်ချိုနဲ့ မိုးမိတ်မြို့တို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားမဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ တအာင်းတပ် TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

တအာင်းတပ် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF) တို့ ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

မိုးမိတ်မြို့ထဲက လက်ခုပ်ပင်ရွာနဲ့ လယ်ကြီးရွာအနီးတဝိုက်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း တွေဖြစ်တဲ့ (ခလရ-၃၄၈)၊ (ခလရ-၂၇၆) တို့နဲ့ တော်လှန်ရေးအဖွဲ့တွေ ဒီကနေ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာလို့ သိရပါတယ်။

မိုးမိတ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတော်တော်များများ မြို့ကိုစွန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဇန်နဝါရီလထဲမှာပဲ မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီလို့ ကြေညာထားတာဖြစ်ပါတယ်။

တစ်ဖက် နောင်ချိုမြို့ထဲမှာလည်း စစ်တပ်ရဲ့ တစ်ခုတည်းကျန်ရှိတော့တဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY PDF) တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတုန်းပဲလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့ညကတည်းက တိုက်နေတာ ဒီနေ့အထိပဲ” လို့ သူက ရှင်းပြပါတယ်။

ဒုံးတပ်ရင်းက နောင်ချိုမြို့မြောက်ဘက်ပိုင်းက တောင်ရှည်ရွာမှာ တည်ရှိတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တောင်ရှည်ရွာတဝိုက်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရှောင်လာတဲ့ ရွာခံတချို့ကပြောပါတယ်။

ဇွန် ၂၅ ရက်ကတည်းက TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊နောင်ချို၊ မိုးကုတ်နဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးမြို့နယ်တွေမှာ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးနဲ့ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ မိုးမိတ်နဲ့ နောင်ချိုက တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

INGO ၊ NGO တွေကို ပြန်စိစစ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ပြော

မြန်မာပြည်တွင်းက စည်းကမ်းဖောက်ဖျက်မှုတွေရှိနေလို့ ပြည်တွင်း၊ပြည်ပ အရပ်ဖက် အဖွဲ့အစည်း (INGO ၊ NGO) တွေကို ပြန်စိစစ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မနေ့ကလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

လူမှုအဖွဲ့အစည်းဆိုတဲ့ အကြောင်းပြချက်နဲ့ စည်းကမ်းဖောက်နေတဲ့ INGO ၊ NGO တွေကို အသင်းအဖွဲ့များစည်းကမ်းတွေနဲ့အညီ ပြန်စိစစ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ က အသစ်ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီ ဥပဒေသစ်အရ ပြည်တွင်း၊ ပြည်ပ အရပ်ဖက် အဖွဲ့အစည်း (NGO၊ INGO) တွေအားလုံး မဖြစ်မနေမှတ်ပုံပြန်တင်ခိုင်းခဲ့ပါတယ်။

မှတ်ပုံမတင်နေတဲ့ အဖွဲ့အစည်းတွေကို စိစစ်တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၁၀ သိန်း အထိ ချမှတ်မယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲကနေ ပြန်ထွက်သွားတဲ့ နိုင်ငံတကာ အဖွဲ့အစည်း INGO ရှိခဲ့သလို လုပ်ငန်းတွေရပ်ဆိုင်းလိုက်တဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတယ်လို့ INGO ၊ NGO အသိုင်းအဝိုင်းက ပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းကပဲ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင် နဲ့ မောင်တောမြို့နယ် တွေမှာ ကျန်းမာရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

စဉ့်ကူးမြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက ထုံးကြီးရွာနဲ့ အနီးက ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတချို့က ဘီဘီစီကို အတည်ပြုပါတယ်။

“စဉ့်ကူးမြို့နားမှာရော၊ အနီးနားက ရွာတွေမှာရော ဘက်ပေါင်းစုံ တိုက်ပွဲဖြစ်နေတာပါ” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ထုံးကြီးရွာက မန္တလေးမြို့မြောက်ဘက်မှာ တည်ရှိပြီး မိုင် (၄၀) ကျော်ကွာဝေးပါတယ်။

ထုံးကြီးရွာအပြင် မန္တလေး-မိုးကုတ်ကားလမ်းပေါ်က ရွှေပြည်ရွာ ရဲစခန်းအနီးမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စဉ့်ကူးတောင်ပိုင်းက ထုံးကြီးရွာ၊ တောင်အင်းရွာနဲ့ ရွှေပြည်ရွာကြား ဆက်သွယ်ထားတဲ့ တံတား ၃ စင်းလည်း ဖျက်ဆီးခံလိုက်ရတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်တုန်းကလည်း စဉ့်ကူးမြို့ထဲက လက်ပန်လှရွာမှာ စစ်ကောင်စီနဲ့ MDY PDF ပူးပေါင်းတပ်ဖို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေကဆိုပါတယ်။

MDY PDF ဘက်ကတော့ စစ်ကောင်စီရဲ့ စဉ့်ကူးမြို့နယ်အတွင်းက တပ်စခန်း ၆ ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးခန့်ကို ဖမ်းဆီးရမိထားတယ်လို့ ဇူလိုင် ၃ ရက်က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ကြေညာထားပါတယ်။

MDY PDF နဲ့ပူးပေါင်းတပ်တွေက ဇွန် ၂၅ ရက်ကတည်းက ၁၀၂၇ စစ်ဆင်ရေး (အပိုင်း-၂) လို့သတ်မှတ်ပြီး မန္တလေး-မိုးကုတ်လမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ မန္တလေးတိုင်းအနီးက တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဘဏ်တချို့မှာ ငွေလာထုတ်သူများလို့ တစ်ရက်ကို ငွေသားကျပ် သိန်း ၂၀ သာ ထုတ်ခွင့်ပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ မန္တလေးတိုင်းအနီးမှာ တိုက်ပွဲဖြစ်ပြီး တစ်ပတ်အတွင်းမှာပဲ ရန်ကုန်က ပုဂ္ဂလိကဘဏ်တချို့မှာ ငွေသားထုတ်ယူမှုတွေ သိသိသာသာများလာတယ်လို့ ဘဏ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

“အထူးသဖြင့် မိုးကုတ်က လူတွေလည်းထုတ်ကြတာများတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်တော့ ရန်ကုန်အထိ ဆင်းလာပြီး စုထုတ်နေသလိုမျိုးဖြစ်နေတာ” လို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် ပြည်တွင်းက ပုဂ္ဂလိကဘဏ်တချို့မှာ Special အကောင့်ကနေ တစ်ရက်ကို ငွေသား ကျပ်သိန်း ၂၀ သာ ထုတ်ခွင့်ပြုတော့တယ်လို့ ဘဏ်ဝန်ထမ်းတချို့က ဘီဘီစီကို အတည်ပြုပါတယ်။

Special အကောင့်ဆိုတာ ငွေသားထည့်ထားတဲ့ အကောင့်ထဲကနေ ငွေသားပြန်ထုတ်ယူမယ်ဆိုရင်လည်း အကန့်အသတ်မရှိ ထုတ်ယူနိုင်တဲ့ ဘဏ်စာရင်းအပ်ငွေ အမျိုးအစားဖြစ်ပါတယ်။

ဘဏ်အကောင့်ထဲကနေ ငွေသားကျပ် သိန်း ၂၀ ပဲ ထုတ်ယူခွင့်ပေးထားပေမယ့် ဘဏ်အကောင့်ကို အေတီအမ်ကတ်နဲ့ ချိတ်ဆက်ပြီး သုံးတဲ့သူတွေအနေနဲ့တစ်ရက်ကို အေတီအမ် ကတ်ထဲကနေ ကျပ် (၁၀) သိန်း၊ တစ်ပတ်ကို ကျပ်သိန်း (၅၀) ထုတ်လို့ရတယ်လို့လည်း သိရပါတယ်။

လားရှိုးမြို့ထဲ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ထဲက ရပ်ကွက် (၅) တဝိုက်မှာ ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းကစပြီး စစ်တပ်နဲ့ ကိုးကန့်တပ် (MNDAA) တို့ကြား တိုက်ပွဲပြင်းထန် နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ဘီဘီစီကိုပြောပါတယ်။

ရပ်ကွက် (၅) အကျော် မန်အိုင်ကုန်းပေါ်က စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၅၀၇) တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကနေ တိုက်ပွဲဖြစ်နေတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ရပ်ကွက် (၅) တဝိုက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ စစ်ရှောင်မရဘဲ ပိတ်မိနေတယ်လို့ သူကဆက်ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးအပြင် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်နေကြတာကြောင့် မြို့ပေါ်က လူနေအိမ်တွေအပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ ရပ်ကွက် (၇) မှာရှိတဲ့ စိတ္တသုခဘုန်းကြီးကျောင်းဝင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင် ၃ ပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပြပါတယ်။

သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၅ ဦးသေဆုံး

လမ်းဘေးဆိုင်တွေ တစ်ပတ်ပိတ်ခိုင်းထား

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်ပတ်အတွင်း လူ ၅ ဦးအထိသေဆုံးထားတယ်လို့ မြို့နယ်အခြေစိုက် သင်္ခါရဝိမုတ္တိ လူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သာကေတမြို့နယ်တွင်းက အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်ကစလို့ ချက်ပြုတ်ပြင်ဆင်ရောင်းချတဲ့ လမ်းဘေးဈေးရောင်းချသူအားလုံးကို ဇူလိုင် ၁၃ ရက်အထိ ရောင်းချခြင်းမပြုဖို့ ဒီနေ့မနက်ပိုင်းမှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်အတွင်းက သောက်သုံးရေနဲ့ ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးဖို့အတွက် သောက်ရေ၊ သုံးရေတွေ အကုန်ခွဲခြားပြီး ကျန်းမာရေးဝန်ကြီးဌာနကို ပို့ထားတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သာကေတမြို့နယ် ရပ်ကွက်အများစုက နေအိမ်တွေမှာလည်း သုံးရေတွေကို ကလိုရင်းခပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့အတူ လူမှုကူညီရေးအသင်းတချို့က ကွင်းဆင်းဆောင်ရွက်နေတာတွေရှိတယ်လို့ သူကဆိုပါတယ်။

“တစ်အိမ်တက်ဆင်း ဒီနေ့ အပြီးခပ်ရမှာ၊ ဒီဝမ်းရောဂါက အရမ်းစိုးရိမ်ရတယ်” လို့ သူက ဆက်ပြောပါတယ်။

သာကေတ မြို့နယ်အတွင်းက ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ လူနာတွေကိုလည်း ရန်ကုန်ဆေးရုံကြီးကို တိုက်ရိုက်ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

သာကေတမြို့နယ်အပြင်မင်္ဂလာတောင်ညွန့်နဲ့ ဒေါပုံမြို့နယ်တွေမှာလည်းဝမ်းရောဂါ ဖြစ်ပွားတဲ့သူတချို့ကို တွေ့ရှိနေရပြီလို့ လူမှုကူညီရေးအသင်းတချို့က ဘီဘီစီကို ပြောပါတယ်။