ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီးပွားကပ်ဆိုက်ပြီး စစ်အင်အား သုံးပုံတစ်ပုံ လျှော့ချရတဲ့ သီရိလင်္ကာရဲ့ နောက်ဆုံးအခြေအနေ
သီရိလင်္ကာနိုင်ငံဟာ စစ်တပ်တပ်ဖွဲ့အင်အားကို နောက်နှစ် မတိုင်ခင်မှာ သုံးပုံတစ်ပုံ လျှော့ချပြီး ၁၃၅၀ဝ၀ သာ ထားရှိမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး ပရီမီသာ ဘန်ဒရာ သန်နကွန်းက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ အနှစ် ၇၀ ကျော် အတွင်းမှာ အဆိုးဆုံး စီးပွားရေး ကပ်ဆိုက်မှု ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံဟာ နိုင်ငံတော် အသုံးစရိတ်ကို လျှော့ချနေတာ ဖြစ်ပြီး စစ်တပ်ဖွဲ့ဝင် အရေအတွက်ကို ၂၀၃၀ အရောက်မှာ ၁၀ဝ၀ဝ၀ (တစ်သိန်း ) အထိသာ ထားတဲ့အထိ လျှော့ချဖို့လည်း ရည်ရွယ်ထားတယ်လို့ ဒီဝန်ကြီးက ပြောပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ စစ်တပ်အင်အား အရေအတွက်ဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အကြားမှာ တပ်သားအင်အား ၃၁၇၀ဝ၀ အထိ ရှိထားခဲ့တာ ဖြစ်ပြီး စစ်အသုံးစရိတ် အနေနဲ့ ၂၀၂၂ ခုနှစ်မှာ တစ်နိုင်ငံလုံး နှစ်စဉ် အထွေထွေ အသုံးစရိတ်ရဲ့ ၂.ဝ၃ သုံးခဲ့တာ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယကို အကြွေးလျှော့ပေးဖို့ တောင်းဆိုရ
သီရိလင်္ကာ ဗဟိုဘဏ်က အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေ အနေနဲ့ သူတို့ရစရာရှိတဲ့ အကြွေးတွေကို လျှော့ပေးလိုက်ဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံတကာ ငွေကြွေး ရန်ပုံငွေ အဖွဲ့ကလည်း တရုတ်နဲ့ အိန္ဒိယတို့က သီရိလင်္ကာက ပေးစရာရှိတဲ့ အကြွေးကို လျှော့မပေးသေးရင် သူတို့ သီရိလင်္ကာကို ပေးမယ့် ရန်ပုံငွေ မပေးသေးဘူးလို့လည်း ပြောဆိုထားပါတယ်။
သီရိလင်္ကာနိုင်ငံဟာ တရုတ်ကို ပေးစရာရှိတဲ့ အကြွေး အမေရိကန်ဒေါ်လာ ၇ ဘီလျံ ပတ်ဝန်းကျင် ရှိပြီး အိန္ဒိယကိုတော့ အမေရိကန် ဒေါ်လာ တစ်ဘီလျံ ပေးရမယ့် အကြွေး ရှိနေတာ ဖြစ်ပါတယ်။
သီရိလင်္ကာအနေနဲ့ တရုတ်နဲ့ အိန္ဒိယတို့ကို ပှံမှန် ပေးသွင်း အကြွေးဆပ်မှု သဘောတူညီမှု အသစ်ရဖို့ ပြီးခဲ့တဲ့ နှစ်ကုန်မှာ မျှော်လင့်ခဲ့ပေမယ့် အခုအထိ သဘောတူညီမှု မရသေးတာလည်း ဖြစ်ပါတယ်။
တသီးပုဂ္ဂလ သုံးသပ်သူတွေကတော့ တရုတ်အနေနဲ့ သီရိလင်္ကာကို သိသာတဲ့ ပမာဏတစ်ခု အကြွေးလျှော့ပေးတာက သူ့ရဲ့ ရပ်ဝန်းတစ်ခု လမ်းတစ်ကြောင်း စီမံကိန်းအရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချေးငှားထားတဲ့အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ ဆိုတာ စိုးရိမ်နေတာ ဖြစ်ပါတယ်။
အိန္ဒိယကတော့ သူတို့ ပြန်ရစရာ ရှိတဲ့ အကြွေးဆိုင်ရာ သဘောတူညီချက်က တရုတ်နဲ့ သီရိလင်္ကာ သဘောတူညီချက်လောက် မခိုင်မာမှာကို စိုးရိမ်နေတယ်လို့လည်း အဲဒီ သုံးသပ်သူတွေက ဆိုပါတယ်။
သီရိလင်္ကာရဲ့ လက်ရှိ စီးပွားရေး အခြေအနေ
သီရိလင်္ကာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှု နှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး အနည်းငယ် လျော့ကျလာပေမဲ့ ပြီးခဲ့တဲ့လ အစားအစာ ကုန်ဈေးနှုန်းကတော့ မနှစ်ကထက် ၆၅ ရာခိုင်နှုန်းအထိ တက်လာနေပါတယ်။
သီရိလင်္ကာ လူဦးရေ စုစုပေါင်းရဲ့ သုံးပုံ တစ်ပုံကျော် ပမာဏဖြစ်တဲ့ လူ ၈ သန်းလောက်ဟာလည်း အစားအစာ မလုံမလောက် စိတ်မချရမှု ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ စီမံချက် အဖွဲ့က ခန့်မှန်းထားပြီး တောနယ်ဘက်တွေမှာ အခြေအနေ ပိုဆိုးနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရကတော့ သီရိလင်္ကာ စီးပွားရေးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ၉.၂ ရာခိုင်နှုန်းအထိ ဆုတ်ယုတ် သွားခဲ့ပြီး လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းမှာ နောက်ထပ် ၄.၂ ရာခိုင်နှုန်းထပ်ပြီး ဆုတ်ယုတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သီရိလင်္ကာနိုင်ငံဟာ ပြင်ပကို ရောင်းထားတဲ့ နိုင်ငံတော် ငွေချေးစာချုပ် ဘွန်း ၄၀ ရာခိုင်နှုန်းအတွက် ပေးဆပ်ရမယ့် ပြဿနာလည်း ရှိနေသေးပြီး အာဂျင်တီးနားက ၂၀ဝ၁ ခုနှစ်တုန်းက အလားတူ အဖြစ်မျိုး ကြုံရချိန်မှာ ရရန်ရှိသူတွေက အမေရိကန်မှာ တရားစွဲပြီး တောင်းယူခဲ့ဖူးပါတယ်။
သီရိလင်္ကာ ဆန္ဒပြပွဲများ ငြိမ်သက်မှုနဲ့ နိုင်ငံရေး အလားအလာ
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းအတွင်း သမ္မတ အိမ်တော်ကို ဆန္ဒပြသူတွေ နေရာယူ သိမ်းပိုက်တဲ့အထိ အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ ပြင်းထန်ခဲ့ပေမယ့် လောလောဆယ်တော့ ပြန်လည် ငြိမ်သက်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်သစ်ကူး ကာလမှာ အစိုးရက နိုင်ငံခြား ခရီးသွားတွေကို စွဲဆောင်တဲ့အနေနဲ့ အဲဒီ သမ္မတအိမ်တော် အနီးမှာတင် ပေ ၈၀ မြင့်တဲ့ ခရစ်စမတ် သစ်ပင်ကြီး ထားရှိပြီး မီးရောင်စုံနဲ့ ဈေးပွဲတော်တွေ ကျင်းပခဲ့ပါတယ်။
ဆန္ဒပြသူတွေရဲ့ ဗဟိုအချက်အချာ ဖြစ်ခဲ့တဲ့ ဒီလိုနေရာမှာ အခုလို ပွဲတွေလုပ်တာကို ဒေသခံ အများအပြားက မကျေနပ်ကြပဲ တိုင်းပြည်က တကယ်မကြွယ်ဝပဲ ကြွယ်ဝသယောင် ပြသ သလို ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။
နှစ်သစ် ၂၀၂၃ အတွင်း သီရိလင်္ကာပြည်တွင်းမှာ နေ့စဉ် လျှပ်စစ်မီး မလာတဲ့ အချိန်ကာလတွေ ပိုပြီး ရှည်ကြာလာမယ့် အခြေအနေ ရှိနေပြီး အစားအစာ စရိတ်၊ သွားလာရေး စရိတ်နဲ့ ပညာရေး စရိတ်တွေ အများသူငါ ပိုပြီး မတတ်နိုင် ဖြစ်လာကြရုံသာ မကသေးပဲ နှစ်သစ်နဲ့အတူ တိုးလာတဲ့ အခွန်တွေကြောင့်လည်း အခြေအနေတွေ ပိုဆိုးစေမယ်လို့ ဆိုပါတယ်။
နိုင်ငံရေးဘက်မှာတော့ ရွေးကောက်ပွဲတွေ စောစော ကျင်းပဖို့ ဆော်သြနေကြတာ တွေ့ရပြီး ဆန္ဒပြပွဲတွေအပြီး နိုင်ငံက ထွက်ပြေးရတဲ့ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပတ်ဆား နေရာမှာ အစားထိုး ခန့်ထားတဲ့ မစ္စတာ ရာနီ ဝစ်ခရမ်ဆင်းဂ် ကလည်း နိုင်ငံရေးအရ လှုပ်လှုပ်ရှားရှားမရှိဘဲ ငြိမ်နေတယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ တစ်နှစ် ရွှေ့ဆိုင်းထားရတဲ့ ဒေသတွင်း ရွေးကောက်ပွဲတွေကတော့ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပနိုင်ခြေ ရှိနေပါတယ်။
လက်ရှိ သမ္မတ မစ္စတာ ဝစ်ခရမ်ဆင်းဂ်ဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကိုတော့ ထိန်းချုပ်နှိမ်နင်းနေတာ တွေ့ရပြီး ဖက်ဆစ်တွေက နိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်ဆီးတာ လက်မခံနိုင်ဘူးလို့ ကြွေးကြော်ထားပါတယ်။
သီရိလင်္ကာရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဆန္ဒပြပွဲတွေဟာ သမ္မတကို အာဏာများများပေးထားတဲ့ ဖွဲ့စည်းပုံကို ပြုပြင် ဖျက်သိမ်းဖို့လည်း အဓိက ရည်ရွယ်ခဲ့တာ ဖြစ်ပေမယ့် အသစ်တက်လာတဲ့ သမ္မတကလည်း အလားတူ အာဏာ ဆက်ရှိနေသေးတာကို ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
သီရိလင်္ကာရဲ့ သမ္မတ အနေနဲ့ လက်ရှိ အနေအထားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အပြည့်အဝ ထိန်းချုပ် အသုံးချနိုင်တဲ့ အာဏာ ရှိနေပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဆီးပိုင်ခွင့်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
ယခင် သမ္မတ ပြုတ်ကျသွားအပြီးမှာ ပါလီမန်က ယခင် ဝန်ကြီးချုပ် ခြောက်ကြိမ်ဖြစ်ဖူးသူ မစ္စတာ ဝစ်ခရမ်ဆင်းဂ်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တာက လူထုကို သစ္စာဖောက်တာဖြစ်ပြီး လက်ရှိ သမ္မတဟာလည်း ခြစားနေတဲ့ စနစ်အတွင်းက အလိုတူ အလိုပါ တရားခံ တစ်ဦးသာ ဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ကက်သလစ် ဘုန်းတော်ကြီး ဂျီဝန်သာ ပေးရစ်စ် က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီရိလင်္ကာ ဆန္ဒပြပွဲအတွင်း သမ္မတ ရုံးခန်းနဲ့ အိမ်တော်တို့ကို ဆန္ဒပြသူတွေက နေရာယူ သိမ်းပိုက်ပြီး မစ္စတာ ရာဂျာ ပက်ဆားကို ထွက်ပြေး နုတ်ထွက်ရစေခဲ့ပေမယ့် အသစ်တက်လာတဲ့ သမ္မတသစ် မစ္စတာ ဝစ်ခရမ်ဆင်းဂ်က အဲဒီ သမ္မတ ရုံးခန်းနဲ့ အိမ်တော်ကို ပြန်လည် စီးနင်းကာ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သီရိလင်္ကာ အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မူဝါဒ အစားထိုးမှုဆိုင်ရာ ဌာန အဖွဲ့ ထူထောင်သူ ဒေါက်တာ ပကီယာ ဆူသီ ဆာရာဗနာမူတူး ကတော့ သီရိလင်္ကာနိုင်ငံရဲ့ သက်ကြီးပိုင်းဟာ လက်ရှိ သမ္မတ မစ္စတာ ဝစ်ခရမ်ဆင်းဂ်ကို စီးပွားရေးပိုင်း ကယ်တင်နိုင်သူအဖြစ် ယူဆနေကြတယ်လို့ ဆိုပါတယ်။
မစ္စတာ ဝစ်ခရမ်ဆင်းဂ်အနေနဲ့ အစိုးရ တရားဝင်မှု ရရှိရေးအတွက် ဒေသတွင်းနဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို ကတိပေးထားတဲ့အတိုင်း တတ်နိုင်သမျှ စောစော ကျင်းပပေးရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ကုန်ဈေးနှုန်း ဆက်တက်နေမှုနဲ့ လောင်စာဆီ ဆက်လက် ပြတ်တောက်နေမှု တို့ကြောင့် နောက်ထပ် ဆန္ဒပြပွဲကြီးတွေ ထပ်ဖြစ်လာနိုင်သေးပြီး ဒီတစ်ကြိမ်မှာ ဖွဲ့စည်းပုံ ဥပဒေ ပြောင်းလဲဖို့ ဆိုတာထက် ဘဝရှင်သန်လို့ မရတော့လို့ ဆန္ဒပြရတာ ပိုများမှာ ဖြစ်တဲ့အတွက် အန္တရာယ်ကြီးတယ်လို့လည်း ဒေါက်တာ ဆာရာဗနာမူတူးက သုံးသပ် ပြောဆိုခဲ့ပါတယ်။