ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘယ်သားသမီးကိုကျောင်းပြန်ထားမလဲရွေးချယ်နေရတဲ့သီရိလင်္ကာမိဘများ
- ရေးသားသူ, အစ်ရှရာ ဒန်နက်စက်ကာရ နဲ့ တွမ်ဒန်ကင်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှား
သီရိလင်္ကာစီးပွားရေးအခက်အခဲပြဿနာဟာ အခုအခါ ကမ္ဘာ့ထိပ်တန်းသတင်းတွေထဲမှာ မပါတော့ပါဘူး။ ဒါပေမဲ့ တကယ်ခံစားနေရသေးတဲ့ သူတွေအတွက်တော့ ထိပ်တန်းရောက်နေပါတယ်။ အခုသီရိလင်္ကာစီးပွားရေးပြဿနာဟာ ကလေးတွေအတွက် ပညာရေးပြဿနာ ဖြစ်လာနေပါပြီ။
အသက် ၂ နှစ်အရွယ် မာကီဟာ အိပ်ရာထဲမှာ စိတ်လှုပ်ရှား ရင်ခုန်နေပါတယ်။ သူဟာ တခြားမောင်နှမ ၄ ယောက်ထက် ၁ နာရီ စောအိပ်ရာထပြီး လက်သည်းဆိုးဆေးအနီရောင်တောက်တောက် တွေကို ဖျက်နေပါတယ်။ ဒီနေ့သူကျောင်းပြန်တက်ရမဲ့ ပထမဆုံးနေ့ပါ။ ဒီလိုနေ့မှာ အစက်အပျောက်ကလေးတောင်မပါဘဲ သန့်သန့်ရှင်းရှင်းလှလှပပ ကျောင်းတက်ချင်လို့ ဆိုးထားတဲ့ လက်သည်းနီတောက်တောက်ပြောင်ပြောင်တွေကို အစက်အပျောက်မကျန်အောင် ဖျက်နေတာပါ။
ဒါပေမဲ့ ကျန်တဲ့ မောင်နှမ ၄ ယောက်ကတော့ ကျောင်းမတက်နိုင်ကြတော့ပါဘူး။ သူ့မိသားစုက သူ့တယောက်တည်းကိုသာ ရွေးချယ်ပြီး ကျောင်းပြန်ထားနိုင်ပါတော့တယ်။
ပြီးခဲ့တဲ့ ၆ လမှာ သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံးစီးပွားရေး အခြေအနေကိုရင်ဆိုင်ခဲ့ရပြီးနောက် မုန်တိုင်းဗဟိုချက်မှာ ကျရောက်ခဲ့ပါတယ်။
အခုနေရာတော်တော်များများမှာ လူထုရဲ့ ဆူပူအုံကြွမှုတွေ ငြိမ်သက်သွားပေမဲ့ အလုပ်လက်မဲ့ အမြောက်အမြားရှိနေတဲ့ပြဿနာ ကုန်စျေးနှုန်း အဆမတန်တက်နေတဲ့ပြဿနာတွေဟာ မိသားစုတွေအကြားမှာ မမြင်နိုင်တဲ့တစ္ဆေတွေလို တိုးတိုးတိတ်တိတ်လှည့်လည်သွားလာနေပါတယ်။
မိဘတိုင်းရဲ့ခြောက်အိပ်မက်
မိဘတိုင်းမှာ ခြောက်အိပ်မက်တွေကိုယ်စီရှိနေကြပါတယ်။ မာကီရဲ့မိခင်ပရီယမ်သိခ ဟာ ကျန်သားသမီး ၄ ယောက်ကို ကျောင်းကထုတ်ပြီး မိသားစုဝင်ငွေရဖို့ မီးရှူးမီးပန်းတွေဗျောက်အိုးတွေ ရောင်းခိုင်းရပါတော့မယ်။
သီရိလင်္ကာမှာ စားသောက်ကုန်စျေးနှုန်း စံချိန်သစ်တင်အောင် ခေါင်ခိုက်သွားပါပြီ။ ငွေကြေးဖောင်းပွမှုနှုန်းက တသက်လုံးမှာ အမြင့်ဆုံးပမာဏကို ရောက်နေပါတယ်။ ၉၅ ရာခိုင်နှုန်း ရောက်လုနီးနီးရှိနေပါပြီ။
တချို့နေ့တွေမှာ တမိသားစုလုံး အစားအသောက်လုံးဝ မစားကြရပါဘူး။
သီရိလင်္ကာမှာကျောင်းကို အခမဲ့တက်ခွင့်ရပါတယ်။ ကျောင်းကကျွေးတဲ့ အခမဲ့အစားအစာတော့ မရှိပါဘူး။ ဒါ့အပြင် ကျောင်းယူနီဖောင်းဖိုး၊ ခရီးသွားစရိတ်တွေပါ ထည့်ပေါင်းလိုက်ဦးမယ်ဆိုရင် ပညာရေးဆိုတာ ပရိယမ်သီခတို့လူတန်းစားတွေမတတ်နိုင်တဲ့ ဇိမ်ခံပစ္စည်းလို ဖြစ်နေပါပြီ။
ကလေးတယောက်ကိုကျောင်းပြန်ထားဖို့ဆိုရင် တနေ့ကို ရူပီး ၄၀၀ (၁ဒေါ်လာသာသာ) ကုန်ကျတယ်လို့ သူကပြောပါတယ်။
သူ့အိမ်မှာ အိပ်ခန်းကတခန်းပဲ ရှိပါတယ်။ တမိသားစုလုံးဟာ ဒီအိပ်ခန်းတခန်းမှာပဲ အိပ်ကြရတာပါ။ သူက အိပ်ခန်းထဲမှာထိုင်ပြီး မျက်ရည်သုတ်ရင်းပြောပါတယ်။
"အရင်ကဆိုကလေးအားလုံး နေ့တိုင်းကျောင်းတက်ကြတာ။ အခုသူတို့ကိုကျောင်းပို့ဖို့ ကျွန်မမှာပိုက်ဆံ မရှိတော့ဘူး။"
မာကီကျောင်းပြန်တက်နိုင်သေးတယ်ဆိုတာတောင် သူ့ရှူးဖိနပ်နဲ့ယူနီဖောင်းက သူနဲ့တော်နေသေးလို့ပါ။ သူ့ညီမလေး ဒူလန်ဂျာလီးကတော့ ဒီနေ့ကျောင်းပြန်မတက်ရလို့ အိပ်ရာထဲမှာ ငိုကျန်ခဲ့ပါတယ်။
"မငိုပါနဲ့သမီးရယ်။ နောက်နေ့တွေကျောင်းပြန်ပို့နိုင်အောင် အမေကြိုးစားပါမယ်။"
ပျက်စီးသွားတဲ့ပညာရေး
နေထွက်ပြီဆိုတာနဲ့ ကလေးတွေဟာ ကျောင်းဝတ်စုံကိုယ်စီဝတ်ဆင်ပြီး မြေလမ်းပေါ်မှာ ဆိုင်ကယ်နဲ့တချို့၊ သုံးဘီးနဲ့တချို့ကျောင်းသွားကြပါတယ်။
မြို့ရဲ့တခြားဘက်အစွန်မှာတော့ ပရာကရာမာ ဝီရာဆင်းဂေးက သက်ပြင်းမောကြီးချနေပါတယ်။ သူဟာ အလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်ပြီး အားလုံးရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်အတည်းကြီးကို ကောင်းကောင်းနားလည်သိရှိသူပါ။
"ကျောင်းပြန်ဖွင့်တာနဲ့ မနက်ခင်းဆို အဆမ်ဘလီလုပ်ပါတယ်။ အစာမစားရတဲ့ကလေးတွေဟာ အဆမ်ဘလီမှာ မူးလဲကြပါတယ်။"
ကျောင်းတွေအတွက် အစိုးရက ဆန်ဖြန့်ဖြူးပေးနေပြီလို့ပြောပါတယ်။ ဒါပေမဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့ကျောင်းတွေကတော့ သူတို့ဘာမှမရဘူးလို့ပြောကြပါတယ်။
ကျောင်းသားတွေ ကျောင်းပြန်တက်ချင်လာအောင် ဆရာတွေကို စားစရာအပိုတွေ မဖြစ်မနေသယ်လာခဲ့ကြဖို့ ကျောင်းအုပ်ကြီး ဝီရာဆင်းဂေး မပြောခင်က ကျောင်းသားတွေ ကျောင်းပြန်တက်နှုန်းက ၄၀ ရာခိုင်နှုန်းလောက်ထိ ကျသွားတယ်လို့ ပြောပါတယ်။
ဂျိုးဇက်စတာလင်ဟာ ဆရာများသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးပါ။ ကျောင်းစားရိတ်မတတ်နိုင်လို့ ကျောင်းသားတွေကျောင်းပြန်မတက်တာကို အစိုးရက တမင်မသိချင်ယောင်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
"နေ့လယ်စာမပါလာတဲ့ ထမင်းဘူးတွေကို နေ့စဉ်မြင်တွေ့နေရတာက ကျွန်တော်တို့ကျောင်းဆရာတွေဗျ။ စီးပွားရေးကပ်ရဲ့ တကယ့်သားကောင်တွေက ကလေးတွေပါပဲဗျာ။"
"အစိုးရက ပြဿနာရဲ့အဖြေကို မရှာဘူး။ ယူနီဆက်ဖ်နဲ့ တခြားအဖွဲ့အစည်းတွေက သီရိလင်္ကာအစိုးရ ကိုယ်စား အဖြေရှာနေကြရတယ်။"
ရှေ့လာမဲ့လတွေမှာ ငွေကြေးဖောင်းပွမှုမြင့်လာမယ်၊ ဆန်လိုအခြေခံစားကုန်တွေရဲ့ စျေးနှုန်းတွေတက်လာမယ်၊ ဆင်းရဲသားမိသားစုတွေ ပိုဒုက္ခရောက်ကြမယ်ဆိုရင် စားရမဲ့သောက်ရမဲ့ ဖြစ်ကုန်ကြတော့မှာပဲလို့ ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ကဆိုပါတယ်။
တနိုင်ငံလုံးမှာ ကျောင်းထွက်ရတဲ့ကလေးတွေပိုများလာလိမ့်မယ်လို့လည်း ယူနီဆက်ဖ်က ဆိုပါတယ်။
နောက်ဆုံးမျှော်လင့်ချက်
ပြဿနာကို အစိုးရကမဖြေရှင်းနိုင်တော့ ပရဟိတအဖွဲ့အစည်းတွေ ဝင်လာကြပါတယ်။ ဆမာတာဆရာနာဟာ ကိုလံဘိုက အဆင်းရဲဆုံးသူတွေကို နှစ်ပေါင်း ၃၀ တိုင်တိုင်ကူညီလာတဲ့ ခရစ်ယာန်ပရဟိတအဖွဲ့ရဲ့ အဖွဲ့ဝင်ပါ။ အခုဆိုရင် သူတို့အဖွဲ့ရဲ့ စားသောက်ခန်းမှာ ကိုလံဘိုတမြို့လုံးရှိ ဆာလောင်နေတဲ့ ကျောင်းသားတွေက လာရောက်ပြီး အစားအသောက် တန်းစီနေကြပါပြီ။
ဒါပေမဲ့ သူတို့ပရဟိတအဖွဲ့က တနေ့ကို ကလေး အယောက် ၂၀၀ စာပဲတတ်နိုင်ပါတယ်။ လိုသလောက်ပေးနိုင်ဖို့ သူတို့လည်း အပြင်းအထန်ရုန်းကန်ကြိုးစား ရုန်းကန်နေရတာ ထင်ရှားပါတယ်။
"သူတို့ကကျွန်တော်တို့စားဖို့ပေးတယ်။ ပြန်ဖို့ဘတ်စ်ကားပေးတယ်။ ကျွန်တော်တို့စာသင်ဖို့ လိုတာမှန်သမျှပေးတယ်ဗျ" လို့ အသက် ၅ နှစ်အရွယ်ရှိ မန်ဂျိုက သူ့သူငယ်ချင်းတွေနဲ့အတူ အစားအသောက်တန်းစီနေရင်းပြောပြပါတယ်။
ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းတက်ခဲ့တဲ့ မာကီက သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံရတာ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ ပြန်ပြောပြပါတယ်။ ဒါ့အပြင် သူ့အတွက် စာအုပ်အသစ်ဝယ်ဖို့လိုကြောင်း နောက်ထပ်ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံယူလာရမယ်လို့လည်း ဆရာတွေကမှာကြောင်း သူက ပြောပါတယ်။ ငွေဆိုတာ သူတို့မိသားစုမှာ တော်တော်ရှားနေတဲ့အရာပါ။
သူ့မိခင်ပရီယန်သီခက အခုလိုပြောပါတယ်။
"ဒီနေ့အတွက်စားစရာရပြီးရင် နောက်နေ့စားဖို့ပူနေရပြန်တာပါပဲ။ အဲဒါကျွန်မတို့ဘဝပါပဲ။"