သီရိလင်္ကာသမ္မတသစ်ဟာပြဿနာတွေကိုရှင်းနိုင်မှာလား

သီရိလင်္ကာနိုင်ငံမှာ အရင်ဝန်ကြီးချုပ်ရာနေးဝစ်ကရာမာဆင်းဂါးကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်ပါပြီ။ လွှတ်တော်တွင်းမှာမဲခွဲရွေးကောက်လိုက်တာပါ။ သူဟာသူ့ရဲ့အဓိကပြိုင်ဘက်ကို ၁၃၄ မဲ ၈၂ မဲနဲ့ အပြတ်အသတ် အနိုင်ရလိုက်လည်း ဖြစ်ပါတယ်။

လွှတ်တော်က သူ့ကိုအပြတ်အသတ်မဲပေးရွေးကောက်လိုက်တာမှန်ပေမဲ့ လူထုရဲ့ဆန္ဒသဘောထားကရော ဘယ်လိုရှိပါသလဲ။ ဆန္ဒပြသူတွေက သမ္မတရာဂျာပက်ဆားနဲ့အတူ သူ့ကိုပါရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။

သူဟာသမ္မတဟောင်းရာဂျာပက်ဆားမိသားစုနဲ့ အလွန်ရင်းနှီးသူတယောက်ဖြစ်တဲ့အပြင် အာဏာအသိုင်းအဝိုင်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။ သူဟာဝန်ကြီးချုပ်ဖြစ်ဖူးတာ ၆ ကြိမ်တောင်ရှိပါတယ်။ တကြိမ်မှတော့ သက်တမ်းပြည့်ကုန်ဆုံးအောင် တာဝန်မထမ်းဆောင်ဖူးပါဘူး။

သီရိလင်္ကာနိုင်ငံရေးလောကထဲကို သူရောက်နေတာ ၄၅ နှစ်ကြာပါပြီ။ သူ့အသက်က အခုဆိုရင် ၇၃ နှစ်ရှိပါပြီ။ အတိုက်အခံတွေက သူ့ကိုအခွင့်ထူးခံလက်ရွေးစင်ပုဂ္ဂိုလ်တွေထဲက တယောက်လို့ သဘောထားတဲ့အတွက် သူပါရာထူးက နုတ်ထွက်ဖို့ တောင်းဆိုတာပါ။

ဆန္ဒပြသူတွေကို "ဖက်ဆစ်တွေ" လို့ သူက ရုပ်မြင်သံကြားမိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ ဆန္ဒပြသူတွေက သူ့အိမ်တလုံးကို ပြီးခဲ့တဲ့စနေနေ့က မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူဟာအဲဒီနေအိမ်မှာ မရှိပါဘူး။ ကိုလံဘိုမှာရှိတဲ့ သူ့ဝန်ကြီးချုပ် ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဖျက်ဆီးရိုက်ချိုးခဲ့ကြပါတယ်။ ဒါဟာသူ့ကိုလည်း မလိုလားကြောင်း အပြင်းထန်ဆုံးသဏ္ဌာန်နဲ့ ဖော်ပြကြတာဖြစ်ပါတယ်။

တချို့ကတော့ သူ့ကိုပြည်သူလူထုကလက်ခံကြမလားလို့ မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ သူ့ကိုသာ ပြည်သူက လက်ခံရင် နိုင်ငံရေးပြန်လည်တည်ငြိမ်သွားမယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ဆွေးနွေးညှိနှိုင်းမှုပြန်လုပ်နိုင်မယ်။ ကြေးမြီပြဿနာပြေလည်သွားမယ် စသည်ဖြင့် မျှော်လင့်ကြတာပါ။ ဒါပေမဲ့ လူထုကသူ့ကိုမယုံကြည်ကြပါဘူး။ သမ္မတဟောင်းချန်ထားတဲ့လူသဖွယ် သဘောထားကြပါတယ်။

သီရိလင်္ကာလူထုဟာ လျှပ်စစ်မီးမရှိဘဲ လအတန်ကြာနေခဲ့ရပါပြီ။ အစားအသောက်လည်း လုံလုံလောက်လောက်မရှိ၊ လောင်စာဆီလည်းလုံလုံလောက်လောက်မရှိ၊ ဆေးဝါးပစ္စည်းလည်း လုံလုံလောက်လောက်မရှိဘဲ အားလုံးပြတ်တောက်နေခဲ့တာလည်း လတော်တော်ကြာပါပြီ။ သီရိလင်္ကာဟာ နိုင်ငံတကာအကြွေးတွေ ပြန်မဆပ်နိုင်တော့လောက်အောင် ချွတ်ခြုံကျသွားခဲ့ပါတယ်။ အဲဒါကြောင့် လူတွေဟာ ဒေါသထွက်ဆူပွက်ကြပြီး သီရိလင်္ကာအစိုးရနုတ်ထွက်ပေးဖို့ သမ္မတဂိုတာဘာယာရာဂျာပက်ဆားဆင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ သီရိလင်္ကာအစိုးရအဖွဲ့ထဲမှာ သူ့အစ်ကို၊ သူ့ယောက်ဖ၊ သူ့တူတွေပါဝင်နေပြီး အကျင့်ပျက်ခြစားနေတယ်လို့ ယူဆတဲ့အတွက် ပြည်သူလူထုက သမ္မတကိုနုတ်ထွက်ပေးဖို့တောင်းဆိုကြတာပါ။ သမ္မတက အစိုးရအဖွဲ့နေရာတချို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ရာနေးဝစ်ကရာမာဆင်းဂါးဟာ ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

ရာနေးဝစ်ကရာမာဆင်းဂါးဟာ ရှေ့နေတယောက်ပါ။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံရေးသမား၊ စီးပွားရေးသမား မိသားစုကနေ ဆင်းသက်လာပါတယ်။

၁၉၇၇ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် ပထမဆုံးအကြိမ်ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးချုပ်ဖြစ်လာပြီး ၁၉၉၄ အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ United National Party UNP ရဲ့ခေါင်းဆောင်ဟာ တမီးတိုက်ဂါးလို့ယူဆရသူတွေရဲ့ လုပ်ကြံသတ်ဖြတ်ခံရလို့သေဆုံးပြီး ရာနေးဝစ်ကရာမာဆင်းဂါးဟာ ပါတီခေါင်းဆောင်ဖြစ်လာပါတယ်။ ရာနေးဝစ်ကရာမာဆင်းဂါးကိုယ်တိုင်လည်း ဟောပြောပွဲတခုပြုလုပ်စဉ် ဗုံးဖောက်ခွဲလုပ်ကြံတာ ခံခဲ့ရပေမဲ့ သီသီလေးလွတ်မြောက်သွားခဲ့ပါတယ်။

ရာနေးဝစ်ကရာမာဆင်းဂါးဟာ ပါတီတွင်းမှာ အကျင့်ပျက်လာဘ်စားနေသူတွေကို ဖယ်ရှားနိုင်ဖို့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဖွဲ့စည်းခဲ့ပါတယ်။ သူ့ကြောင့်ပါတီပုံရိပ်မြင့်တက်ခဲ့ပါတယ်။ သူဟာသူ့မျက်နှာကိုလည်းကြည့်ကောင်းအောင် ဆံပင်ပုံဆင်အမျိုးမျိုး စမ်းညှပ်ပြီးပြုပြင်ခဲ့ပါတယ်။ သူ့ပါတီကို လူထုထောက်ခံမှုပိုရအောင် ကျေးရွာတွေကို တရွာတက်ဆင်းကိုယ်တိုင်လိုက်လံ စည်းရုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အီစတာတနင်္ဂနွေဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၂၅၀ သေဆုံးချိန်ဟာ သူဝန်ကြီးချုပ်တာဝန်ယူနေတဲ့ ကာလဖြစ်ပါတယ်။ ဗုံးမပေါက်ခင်မှာ ဖောက်ခွဲမှုလုပ်မဲ့အကြောင်း သတင်းလာပေးတော့ ဝန်ကြီးချုပ်ဖြစ်တဲ့သူဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ခဲ့တယ်လို့ ဘီဘီစီနဲ့အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

သူဟာစီးပွားရေးအတွေ့အကြုံရှိသူတယောက်ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့လက်ရှိ စီးပွားရေးအခက်အခဲကို သူဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်သူတွေလည်းရှိပါတယ်။

သူနဲ့ပတ်သက်ပြီး လူထုကအဓိကမကြိုက်တဲ့အချက်ကတော့ သမ္မတဟောင်းရာဂျာပက်ဆားနဲ့ နီးစပ်လွန်းတဲ့အချက်ပါ။

အခုသူ့ကို သမ္မတသစ်အဖြစ် အရွေးကောက်ခံလိုက်ရတဲ့အတွက် ၂၀၂၄ သက်တမ်းကုန်ဆုံးချိန်အထိ သူဟာ အုပ်ချုပ်ခွင့်ရသွားမှာဖြစ်ပါတယ်။ လူထုအများရဲ့ထောက်ခံအားပေးမှုမရတဲ့သူ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့ရဖွယ်ရှိနေပါတယ်။