တူရကီ၊ဆီးရီးယားငလျင်ကြီး-ငါးရက်မြောက်နေ့ သေဆုံးသူ နှစ်သောင်းကျော်သွားပြီ

Turkey-Syria earthquake

ဓာတ်ပုံ ရင်းမြစ်, Getty Images

တူရကီနဲ့ဆီးရီးယားနယ်စပ်မှာ ပြီးခဲ့တဲ့တနင်္လာနေ့မနက်က ဖြစ်ပွားခဲ့တဲ့ငလျင်ကြီးလှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ တူရကီနဲ့ ဆီးရီးယားမြောက်ပိုင်းတို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မနက်အထိ နှစ်သောင်းကျော်သွားပြီဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အကူအညီပေးရေးကား ၆ စီးဟာ တူရကီနယ်စပ်ကိုဖြတ်ပြီး ဆီးရီးယားနိုင်ငံထဲ ဝင်ရောက်သွားပြီဖြစ်ပြီး ဒါဟာ လေးရက်ကြာ လမ်းတွေဆိုးဆိုးရွားရွားပျက်စီးပိတ်ဆို့နေခဲ့တဲ့နောက် ဆီးရီးယားမြောက်ပိုင်းကို ပထမဆုံး ကူညီကယ်ဆယ်ရေး ယာဥ်တန်းရောက်ရှိသွားပြီဖြစ်ပါတယ်။

တူရကီနဲ့ ဆီးရီးယားက ကူညီကယ်ဆယ်ရေးသမားတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပေမဲ့ အပျက်အစီးပုံတွေအာက်မှာပိတ်မိနေဆဲသူတွေကို ရှာတွေ့နိုင်ခြေကတော့ ဒီနေ့ ငါးရက်မြောက်နေ့မှာ နည်းပါးသွားပါပြီ။

နိုင်ငံအမြောက်အမြားဟာ ငလျင်ဒဏ်ခံဒေသအတွက် ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းတွေ ပေးပို့မယ်လို့ကြေညာထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ရေဝ အစားအစာနဲ့ လျှပ်စစ်မီးတို့မရဘူးဆိုရင် အသက်ရှင်ကျန်သူတွေပါသေဆုံးနိုင်တဲ့အခြေအနေရှိတယ်လို့ သတိပေးထားပါတယ်။