ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီလ ၂၄ ရက် ထိပ်တန်းသတင်းများ - အာဆီယံရဲ့ မြန်မာ့အရေးအထူးသံနဲ့ NUG နိုင်ငံခြား ရေးဝန်ကြီးတို့ တွေ့ဆုံ
အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့လာအိုနိုင်ငံရဲ့ မြန်မာ့အရေးအထူးသံတမန်အာလွန်ကောင်း ကစ်တီကွန်း(Alounkeo Kittikhoun) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အွန်လိုင်းကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက ဘီဘီစီကို ပြောပါတယ်။
အခုရက်ပိုင်းအတွင်းတွေ့ဆုံခဲ့တဲ့ အဲဒီအွန်လိုင်းတွေ့ဆုံမှုမှာ အာဆီယံဘုံသဘောတူညီချက်၅ ချက် အကောင်အထည်မပေါ်တဲ့အပေါ် ဆွေးနွေးပြောဆိုတာရှိတယ်လို့ဆိုသလို တစ်ဦးနဲ့ တစ်ဦးသိရှိကြဖို့ အပါအဝင် နှစ်ဖက်သဘောထားအမြင်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။
'' မြန်မာနိုင်ငံအရေးမှာ အာဆီယံအနေနဲ့ ကူညီဆောင်ရွက်နေတာတွေအောင်မြင်ဖို့အတွက် တိုးတက်ဖို့အတွက် အဲဒါတွေကိုဆွေးနွေးကြပါတယ်။ အဓိကအားဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်တာကို အချက်တစ်ချက်အနေနဲ့လည်းထည့်သွင်းဆွေးနွေးပါတယ်။ ဒါကိုအောင်မြင်ဖို့ကိုလည်း သူကလည်းဆွေးနွေးတယ်။ကျွန်တော်တို့ဘက်ကလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေရဖို့ပေးဖို့တွေလိုအပ်နေတာကိုဆွေးနွေးပါတယ်။ '' လို့ ဦးကျော်ဇောက ပြောပါတယ်။
NUG ရဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောကတော့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့တာ စစ်ကောင်စီကိုယ်တိုင်ဖြစ်ပြီး ဒါကိုအကောင်အထည်မဖော်နိုင်ဘဲ သဘောတူညီချက်ပါ အကောင်ထည်ဖော်ရမယ့် နိုင်ငံရေးအကျဥ်းသားတွေအားလုံးကိုလွှတ်ပေးရေး၊ အကြမ်းဖက်မှုလျှော့ချရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုပေးဖို့ဆိုတာတွေရဲ့ စိန်ခေါ်မှု အခက်အခဲက စစ်ကောင်စီဖြစ်တယ်လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း အထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်းဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံထားသလိုစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ မှတ်ပုံတင်ရထားတဲ့ နိုင်ငံရေးပါတီတွေလည်းတွေ့ဆုံထားပါတယ်။
ဒါအပြင် မြန်မာ့အိမ်နီးချင်းထိုင်းနဲ့ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးတွေနဲ့လည်းတွေ့ဆုံပြီး မြန်မာ့အရေးကိုဆွေးနွေးတယ်လို့ထုတ်ပြန်ထားပါတယ်။
အထူးသံဟာ တာဝန်စယူယူချင်းမှာပဲ မြန်မာ့အရေး ဘက်ပေါင်းစုံက ပါဝင်ပတ်သက်သူတွေကို ချဥ်းကပ်နေတာဖြစ်ပြီး ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားလုပ်ချင်တဲ့ သုံးပွင့်ဆိုင်ဖြေရှင်းရေးထက်သူ့နည်းလမ်းနဲ့ဖြေရှင်းဖို့ရှိနေတယ်လို့ အာဆီယံအရေးအကဲခတ်တွေကသုံးသပ်နေပါတယ်။
ပင်လယ်ပြင်မှာ ပျောက်ဆုံး သေဆုံးတဲ့ ရိုဟင်ဂျာ ၅၇၀ နီးပါးရှိ
၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်တွင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရင်း ပင်လယ်ထဲမှာ သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးတဲ့ ရိုဟင်ဂျာ ၅၆၉ ဦးအထိရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က ပြောလာပါတယ်။
ဒါဟာ ၂၀၁၄ ခုနှစ်ကတည်းကဆိုရင် သေဆုံး ပျောက်ဆုံးမှု အများဆုံးပမာဏဖြစ်တာကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး အရေးတကြီးလုပ်ဆောင်ဖို့ကိုလည်း UNHCR က ပြောပါတယ်။
ဒီနှစ်ထဲမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အော်တို့ကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၄၅၀၀ နီးပါး ရှိတယ်လို့ UNHCR ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အသက်ရှင်ကျော်ဖြတ်နိုင်သူတွေလည်း ဒီလိုထွက်ပြေးရင်း ခရီးတစ်လျှောက်မှာ ထိတ်လန့်ဖွယ်ရာ ချိုးဖောက်မှုတွေနဲ့ အမြတ်ထုတ်မှုတွေခံခဲ့ရတဲ့အကြောင်း ပြောထားကြတယ်လို့လည်း UNHCR က ပြောပါတယ်။
‘’ဒီလိုခရီးတွေကို ကျော်ဖြတ်ရသူ ထဲက ၆၆ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်’’ လို့ UNHCR ထုတ်ပြန်ချက်က ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်က ၂၀၁၇ ခုနှစ်အတွင်းမှာပြုလုပ်တဲ့နယ်မြေရှင်းလင်းရေးအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ပလက်စတစ်အမိုးအကာ၊ ဝါးတိုင်ထောင်ထားတဲ့ တဲတွေမှာ ချို့ချို့တဲ့တဲ့နေထိုင်နေကြရတာကြောင့် အသက်ဘေးကို မငဲ့ကွက်နိုင်ဘဲ ရေကြည်ရာ မြက်နုရာကို ထွက်ပြေးကြရင်း အသက်ဆုံးပါးကြတာဖြစ်ပါတယ်။
ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမှာ စစ်ကောင်စီ စစ်ရေးပြင်ဆင် တိုးချဲ့နေ
ရမ်းဗြဲမှာ တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်တာနဲ့ စစ်အင်အား တိုးချဲ့တာတွေ ဆက်တိုက်လုပ်လာနေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ပြောပါတယ်။
ရက္ခိုင့်တပ်တော်(အေအေ)နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင် မြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ အေအေပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဇန်နဝါရီလ ၂၃ ရက်ည ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မင်းပြားမြို့ပေါ်မှာဆိုရင် စစ်ကောင်စီက ရေတပ်သင်္ဘောနဲ့ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
နောက် မြောက်ဦး၊ ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေရှိနေပြီး မနေ့ညပိုင်းမှာ မြောက်ဦးမြို့ပေါ်ကို လက်နက်ကြီးကျရောက်ခဲ့တာကြောင့် အောင်မင်္ဂလာရပ်ကွက်ထဲက လူနေအိမ် ၆ လုံးမီးလောင်ပြာကျခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ မနက် ၈ နာရီလောက်ကစလို့ ရမ်းဗြဲမြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို အေအေက ဝင်တိုက်လို့ မြို့တွင်း တိုက်ပွဲတွေဖြစ်ပွားနေသလို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲနေတာကြောင့် မြို့တွင်းနေရာတချို့မှာ မီးခိုးတွေထွက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
တဖက်မှာလည်း အေအေက သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်နဲ့နယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ တပ်ဖွဲ့ဝင်ရာချီကို စစ်ကောင်စီတပ်က ပြန်လည် ဖြန့်ကြက်ဖို့ လုပ်နေတယ်လို့လည်း အေအေက ပြောထားပါတယ်။
အာဆီယံအထူးသံနဲ့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ
အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေးအထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်းနဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး နွန်ရွန်တို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးထားတယ်လို့ သိရပါတယ်။
အထူးသံ မစ္စတာ ကစ်တီကွန်းနဲ့ ဒုဝန်ကြီး နွန်ရွန်တို့ဟာ ဇန်နဝါရီလ ၂၂ ရက်မှာ ဘေဂျင်းမြို့မှာတွေ့ဆုံပြီး မြန်မာ့ပြည်တွင်းက အခြေအနေ၊ တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအရေးတွေအပြင် အပြန်အလှန်အကျိုးစီးပွားရေးရာတွေကို ဆွေးနွေးခဲ့တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါပေမဲ့ မြန်မာ့အရေး ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးကြတယ်ဆိုတာကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ထားတာ မရှိပါဘူး။
လာအိုအထူးသံဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ သူ့ရဲ့ ပထမဆုံးခရီးစဥ် အတွင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် အထူးသံဟာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ဇန်နဝါရီလ ၁၄ ရက်မှာ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာပြည်ကို အထူးသံမရောက်ခင် ရက်ပိုင်းအလို ဇန်နဝါရီလ ၅ ရက်တုန်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နောက်တစ်ဦးဖြစ်တဲ့ စွန်းဝေတုန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာပြည်တွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်ကမကထ ပြုလုပ်တဲ့ အပစ်ရပ်ဆွေးနွေးပွဲ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ မြန်မာစစ်တပ်ကြား ထွက်ပေါ် ခဲ့ပြီးနောက်မှာပဲ အာဆီယံရေးရာ ကျွမ်းကျင်သူ အကဲခတ်တွေကတော့ အာဆီယံအလှည့်ကျ လာအိုနိုင်ငံဟာ တရုတ်သြဇာလွှမ်း မိုးတယ်လို့ ယူဆခံနေရတယ်ဆိုပြီး သုံးသပ်ထားကြပါတယ်။