တရုတ်သံအဖွဲ့ဘာကြောင့်နေပြည်တော်ရောက်လာသလဲ

တရုတ်ကမကထလုပ်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ တတိယအကြိမ်ကူမင်းဆွေးနွေးပွဲမတိုင်ခင် ဇန်နဝါရီ ၅ ရက်မှာ တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကိုရောက်လာပါတယ်။

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်ဦးဆောင်တဲ့ ဒီကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်က တပ်မတော်ဧည့်ရိပ်သာမှာတွေ့ခဲ့ပါတယ်။

ဘေဂျင်းအစိုးရရဲ့ ဒုတိယဝန်ကြီးအဆင့်ရှိသူဦးဆောင်တဲ့ ဒီနေပြည်တော်ခရီးမှာ တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းလည်းပါခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ တရုတ် - မြန်မာနယ်စပ်တည်ငြိမ်ရေးကို အဓိကထားဆွေးနွေးတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်နဲ့အဖွဲ့ နေပြည်တော်ခရီးစဥ်စတဲ့နေ့ဟာ တရုတ် - မြန်မာနယ်စပ်မြို့ လောက်ကိုင်က ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ ''ဝ'' နယ်ထဲကဟိုပန်မြို့ကို စစ်တပ်လက်လွှတ်ခဲ့ရတဲ့ချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။

‘’ သူတို့ အဓိကထားဆွေးနွေးတာက မြောက်ပိုင်းကစစ်ပွဲကိုအမြန်ရပ်ဖို့ဆွေးနွေးတယ်။ နောက်တစ်ခုက မြောက်ပိုင်းပြဿနာကို တရုတ်ကရပ်ဖို့ပြောနေပေမဲ့ မရပ်ကြတဲ့ အပေါ်မှာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စစ်ကောင်စီရဲ့ သဘောထားကို သိချင်တယ်လို့ ကြားထားတယ်။ အဲဒီတော့အဲဒါလည်းဆွေးနွေးကြတယ် ’’ လို့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်အကြောင်းသိထားတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တရုတ်အစိုးရဘက်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ ကျားဖြန့် - အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆက်ပြီးနှိမ်နင်းရေးနဲ့ တရုတ်၀ရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေးဆယ်နဲ့ချီကိုဖမ်းပေးဖို့လည်းဆွေးနွေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အကြောင်းဖော်ပြတာမရှိပါဘူး။

တရုတ်အဖွဲ့ဟာ စစ်ကောင်စီဥက္ကဋ္ဌ အပြင် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဒုဝန်ကြီးနဲ့တွေ့ဆုံပြီး မြန်မာ - တရုတ် စီမံကိန်းတွေဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံနဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ကလုပ်ငန်းတွေကိုဆက်ပြီးအရှိန်မြှင့်လုပ်ဖို့ ဆွေးနွေးကြတယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးကတော့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာစစ်တပ်ရဲ့ အကျဥ်းချခြင်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းထားတယ်လို့သူသိထားတဲ့အချက်အလက်တချို့ကိုကိုးကားပြီးပြောပါတယ်။

''ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ဖို့ တရုတ်က အကြိမ်ကြိမ်တောင်းဆိုတာပါ။ အခုတစ်ကြိမ်လည်းထပ်တောင်းပါတယ်။ဒါပေမဲ့ ဦးမင်းအောင်လှိုင်က ခွင့်မပြုသေးဘူးကြားရတယ်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ ၊မတွေ့ပေါ်မူတည်ပြီး တရုတ်ဘက်ကမြန်မာနဲ့ ပတ်သက်ပြီးစဥ်းစားချက်ပြောင်းနိုင်တယ် '' လို့ သတင်းရင်းမြစ်ကဘီဘီစီကိုပြောပါတယ်။

သံတမန်သတင်းရင်းမြစ်တွေဆီကရတဲ့ ဒီသတင်း‌အရ တရုတ်အစိုးရနဲ့ အထူးကိုယ်စားလှယ်တို့ဟာ ဇန်နဝါရီ ၅ ရက်ကနေ ၇ ရက်အထိ နေပြည်တော်မှာရှိနေမှာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေထဲကတချို့နဲ့လည်းတွေ့ဖို့ရှိတယ်လို့ သတင်းရင်းမြစ်တချို့ကပြောပါတယ်။

တရုတ်ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဥ်မတိုင်ခင် ဇန်နဝါရီ ၃ ရက်က စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လောက်ကိုင်တဝိုက်မှာတိုက်ပွဲဖြစ်ခဲ့တာကြောင့် လောက်ကိုင်မြို့နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ နန်ဆန်မြို့ထဲကို မြန်မာဘက်ကလက်နက်ကြီးကျရောက်ခဲ့ပါတယ်။ ဘယ်အဖွဲ့ကမှဒီပစ်ခတ်မှုကို ထုတ်ဖော်ဝန်ခံတာ မရှိပါဘူး။

အဲဒီနောက်နေ့ ဇန်နဝါရီ ၃ ရက်မှာပဲ မြန်မာ - တရုတ်နယ်စပ် မြန်မာမြောက်ပိုင်းကပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ခဲ့တဲ့အပေါ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့သုံးနှုန်းပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဘင်းဘင်းက ပြောခဲ့ပါတယ်။

ဒါအပြင် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်း‌ခြောက်အန္တရာယ်ဖြစ်စေတဲ့ ကိစ္စတွေ ထပ်မံမဖြစ်ပွားဖို့ တိကျသေချာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်မယ်လို့လည်း တရုတ်ဘက်ကခပ်ပြတ်ပြတ်ပြောပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၅ ရက်မနက်မှာပဲ ပစ်ခတ်မှုတွေပြင်းပြင်းထန်ထန်မဖြစ်ခဲ့ဘဲ ‌တရုတ် - မြန်မာနယ်စပ် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ကလောက်ကိုင်ဒေသကွပ်ကွဲမှုစစ်ဌာချုပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတပ်ကိုစွန့်ခွာသွားခဲ့ကြပါတယ်။

ဒါအပြင်တစ်ရက်တည်းမှာပဲ ကိုးကန့်‌‌ဒေသနဲ့ဆက်နေတဲ့ '' ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းထဲက စစ်တပ်ထိန်းချုပ်တဲ့ဟိုပန်မြို့ကိုလည်း စစ်တပ်ကလက်လွှတ်ခဲ့ပါတယ်။

ဒီနှစ်မြို့ကို စစ်ရေးမပြင်းထန်ခဲ့ဘဲ တစ်မနက်အတွင်းအလွယ်တကူသိမ်းပိုက်လိုက်တဲ့ အပေါ် စစ်ရေးအကဲခတ်တွေနဲ့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူတွေကလည်း အံ့အားသင့်ကြတဲ့အထိဖြစ်ခဲ့တာပါ။

ဒါအပြင်လာမယ့် ဇန်နဝါရီ ၇ ရက်ကနေ ၉ ရက်အတွင်းမှာပဲ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်း ၃ ဖွဲ့ကြားမှာ တတိယအကြိမ်ဆွေးနွေးပွဲရှိနေပါတယ်။

ဒီတတိယအကြိမ်ဆွေးနွေးပွဲမှာ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြား ဘယ်လိုအချက်တွေကို ဆက်ညှိကြမလဲဆိုတာကလည်း တရုတ်ရဲ့ လိုလားချက်အပေါ် မူတည်နေတယ်ဆိုတဲ့ အကဲခတ်တွေရဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

‘’ ဒီတစ်‌ခေါက်တော့ တရုတ်က နယ်စပ်ပြန်ဖွင့်နိုင်ဖို့နဲ့ သူ့နယ်စပ်တည်ငြိမ်ရေးကိုပဲ ပြောမှာပဲ။ လောက်ကိုင်လည်းကျပြီ။ ဟိုပန်လည်း ‘’ ဝ’’ တပ်ဖွဲ့ UWSA လက်ထဲရောက်ပြီဆိုရင်တော့ နယ်စပ်ကတော့ တည်ငြိမ်လာမယ်။ ဒီဘက် မူဆယ်ဘက်ကတော့ TNLA နဲ့ ဘယ်လိုဆက်သွားမလဲ ဆက်ကြည့်ရမှာပဲရှိမယ်။ TNLA နဲ့ အဓိကပြောရမယ့်အခြေအနေဖြစ်လာမယ်’’ လို့ တရုတ် - မြန်မာဆက်ဆံရေး လေ့လာတဲ့အကဲခတ်တစ်ဦးကလည်း သူ့သုံးသပ်ချက်ကိုပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ၂၀၂၄ ခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့လာအိုရဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နဲ့ အဖွဲ့လည်း နေပြည်တော်ကိုလာဖို့ရှိနေတယ်လို့ သိရှိရပါတယ်။

‘’ အာဆီယံအထူသံကတော့ မိတ်ဆက်တာမျိုးနဲ့ သူတို့ သဘောထား၊ နောက်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတက်နေတဲ့ တိုင်းရင်းသားအဖွဲ့ - EAOs တွေနဲ့ တွေ့မယ်ကြားတယ် ‘’ လို့ သံတမန်သတင်းရင်းမြစ်တချို့ကပြောပါတယ်။