ပင့်ကူအိမ်လို လိုဏ်ခေါင်းကွန်ရက်တွေဆီ ခေါ်သွားတယ်လို့ ပြန်လွတ်လာတဲ့ ဓားစာခံပြော - အောက်တိုဘာ ၂၄ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာအရေးမှာ ဟားမတ်စ်တို့ဖမ်းသွားသူတွေထဲက မနေ့ တနင်္လာနေ့က ပြန်လွတ်လာတဲ့ အမျိုးသမီးကြီး နှစ်ယောက်ထဲက တယောက်က သူတို့ပြန်မလွတ်လာခင်ဘဝဟာ ငရဲဘုံပဲလို့ ပြောပါတယ်။
ဒါ့အပြင် ကြောက်မက်ဖွယ် အကြောင်းတွေ အမေက ပြန်ပြောပြတယ်။ အမေ့ကို မော်တော်ဆိုင်ကယ် အနောက်ဘက်မှာ ကန့်လန့်ဖြတ် ခေါ်သွားခံရပြီး လိုဏ်ခေါင်းတွေ ရှိတဲ့ နေရာအထိ ခေါ်သွားတာတဲ့ ၊ ရွှံ့ညွန်တွေ ဖြတ်ပြီးမှာ ပင့်ကူအိမ်လို လိုဏ်ခေါင်းတွေ ကွန်ရက်ထဲ ရောက်တာလို့ အမေက ပြောကြောင်း ဓားစာခံ အမျိုးသမီးကြီး ရဲ့ သမီး ရှာရွန်လစ်ဖ်ရှိစ်ဇ်က ပြောသွားတာပါ။
တဲလ်ဗိဗ် ဆေးရုံပေါ်က လက်တွန်းလှည်းမှာ ထိုင်ရင်း မစ္စရိုခါဗာ လစ်ဗ်ရှိဇ်က သတင်းထောက်တွေက ပြောကြားရာမှာ သူ့ကို ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားစဉ် တုတ်နဲ့လည်း အရိုက်ခံရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တခြား ဓားစားခံတွေနဲ့ အတူ ထိန်းသိမ်းထားစဉ်အတွင်း သူတို့အားလုံးကို ကောင်းကောင်းမွန်မွန် ထားတယ်လို့ ပြောပါတယ်။
ကြမ်းပြင်ပေါ်က မွေ့ရာမှာ သူတို့အိပ်ကြရပြီး ဟားမတ်စ်အဖွဲ့သားတွေ စားသလိုပဲ ကျွေးတယ် ၊ ဒိန်ခဲနဲ့ သခွားသီးတွေ စားရတယ်လို့ ဆိုပါတယ်။
အခုလို ရှင်းပြခဲ့တဲ့ မစ္စက် လစ်ဖျ်ရှစ်ဇ်နဲ့ နူရစ်ထ် ကူးပါးတို့ဟာ မနေ့ တနင်္လာနေ့ညက ပြန်လွတ်လာခဲ့ပေမယ့် သူ့တို့ခင်ပွန်းတွေကတော့ တခြား ဓါးစားခံ အယောက် ၂၀၀ ကျော်နဲ့ အတူ ဂါဇာမှာ အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။
တချိန်တည်းမှာ ဂါဇာတောင်ပိုင်းမှာတော့ အစ္စရေးက မနေ့တညလုံး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင်း ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးသွားပါတယ်။
တညလုံး ဗုံးကြဲဒဏ် ခံခဲ့ရတယ်လို့လဲ ခယူးနွတ်စ်မြို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဟားမတ်စ်တို့ဖမ်းထားတဲ့ အစ္စရေး ဓါးစာခံ အမျိုးသမီးကြီး နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဂါဇာကို ဗုံးကြဲမှု လျော့သွားမှာ မဟုတ်ဘူးလို့ အစ္စရေး အစိုးရက အစောပိုင်းတုန်းက ပြောထားပါတယ်။
အခုတော့ ဟားမတ်စ် လက်ထဲ အဖမ်းခံထားရသူပေါင်း ၂၀၀ကျော် ရှိနေသေးပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးကတော့ ဟားမတ်စ်ကို အပြီးတိုင် ချေမှုန်းမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။
စာနာမှုအကူအညီပါ ထရပ်ကားတွေ ထပ်၀င်ခွင့်ပေးဖို့ ကုလအဖွဲ့တွေ တောင်းဆိုနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာမှာ စာနာမှု အကူအညီတွေ ဆက်လက်ဝင်ခွင့်ပြုဖို့ ကုလ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက အလေးအနက်ထား ပန်ကြားလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက် ဟားမတ်စ်က အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ခုချိန်ထိ ဂါဇာထဲကို စာနာမှုအကူအညီတင်လာတဲ့ ထရပ်ကား ၅၄ စီးသာ အစ္စရေးက ဝင်ရောက်ခွင့်ပြုပေးထားတာပါ။
အရင်ကဆို ဂါဇာထဲကို နေ့စဉ် ထရပ်ကား အစီး ၅၀၀ လောက် ဝင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။
ဆေးဝါး ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်သလောက် ထောက်ပံ့နိုင်တာ မရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကမ္ဘာကျန်းမာရေး အဖွဲ့က ပြောပါတယ်။
ဂါဇာ ဆေးရုံတွေရဲ့ သုံးပုံတပုံနဲ့ ဆေးခန်းတွေရဲ့ သုံးပုံနှစ်ပုံဟာလည်း လည်ပတ်နိုင်တဲ့ အခြေအနေမှာ မရှိဖြစ်နေတဲ့အပြင် သန့်ရှင်းတဲ့ရေပြတ်လပ်နေတာက ဆိုးရွားလှတယ်လို့ သတိပေးထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ ရေရှည်တည်ငြိမ်မှု ရဖို့ နိုင်ငံရေးနည်းအဖြေရှာဖို့ ပြင်သစ်သမ္မတ အစ္စရေးကို အကြံပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စလာမ် စစ်သွေးကြွတွေလက်ချက်ကြောင့် သူတို့နှစ်နိုင်ငံက အရပ်သားတွေ သေဆုံးရတဲ့အပေါ် အစ္စရေးနဲ့ အတူဝမ်းနည်းရပါတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်ဝါဒဟာ ဘုံရန်သူပဲလို့ ဂျေရုဆလင်မြို့ကို ရောက်နေတဲ့ ပြင်သစ် သမ္မတက အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ညာဟုနဲ့ အတူ ရှိစဉ် ပြောခဲ့တာပါ။
အကြမ်းဖက်မှုကို ချေမှုန်းရာမှာ သနားကြင်နာဖို့ မလိုပေမဲ့ စည်းမျဉ်းဥပဒေတွေကိုတော့ လိုက်နာသင့်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံတကာက အိုင်အက်စ်အဖွဲ့ကို ပူးပေါင်း ချေမှုန်းမယ့် အစီအစဉ်ထဲ ဟားမတ်စ် အဖွဲ့ကို ထည့်ထားဖို့ သူက အဆိုပြုခဲ့ပေမဲ့ ပါလက်စတိုင်းနဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ အစ္စရေးအနေနဲ့ နိုင်ငံရေး အရချဉ်းကပ်မှသာ အရှေ့အလယ်ပိုင်းမှာ ရေရှည် တည်ငြိမ်မှု ရနိုင်လိမ့်မယ်လို့ မစ္စတာ မက်ခရွန်းက ပြောပါတယ်။
အခုတော့ မစ္စတာ မက်ခရွန်းဟာ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်နဲ့ တွေ့ဆုံဖို့ အနောက်ဘက်ကမ်း ဒေသကို သွားနေပြီ ဖြစ်ပါတယ်။
သစ်သားလှေနဲ့ မြောက်ကနေ တောင်ကိုရီးယားကို ၀င်ရောက်ခိုလှုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယား ဘက်ကနေ သစ်သားလှေငယ်တစင်းနဲ့ ထွက်ပြေးလာသူတစုကို ထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခုလို ကိုရီးယား ရေပြင်ပိုင်နက်ကနေ ထွက်ပြေးခိုလှုံလာတာဟာ ဖြစ်ခဲလှတဲ့ ကိစ္စတခုပါ။
အရှေ့ပိုင်းဆိပ်ကမ်းမြို့ ဖြစ်တဲ့ Sokcho ဆုတ်ချိုနားက တောင်မြောက်ကိုရီးယား နှစ်နိုင်ငံ ရေနယ်နိမိတ်မှာ အဲဒီလှေကို တားဆီး နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ယုံဟတ် သတင်းဌာန ပြောချက်အရ လှေပေါ်မှာ လူ ၄ ယောက် လိုက်ပါလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း အနောက်ဘက် ရေပိုင်နက်ကို ငါးဖမ်းလှေနဲ့ ဖြတ်ကျော်ပြီး တောင်ကိုရီးယားမှာ ဝင်ရောက်ခိုလှုံလာသူ ၉ယောက် ရှိခဲ့ဖူးပါတယ်။
အခုလို ပင်လယ်ကနေ ဖြတ်ကျော် ဝင်ရောက်သူ လက်တဆုပ်စာ လူနည်းစုသာ ရှိတာ ဖြစ်ပါတယ်။
သမဂ္ဂ နှစ်ဖွဲ့ ငြင်းခုန်မှုကြား မိုင်းလုပ်သားတွေ မြေအောက်က မထွက်နိုင်ဘဲ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အာဖရိကမှာ အလုပ်သမားသမဂ္ဂ အဖွဲ့နှစ်ခုကြား အငြင်းပွားနေတာကြောင့် မြေအောက်က မိုင်းလုပ်သား ၅၀၀ ကျော် မြေပြင်ပေါ် မတက်လာနိုင်ပဲ ရှိနေပါတယ်။
မိုင်းလုပ်သားများ အမျိုးသား သမဂ္ဂ ဂျိုဟန်နစ်စဘတ်မြို့နားက One Gold Modder East မိုင်းတွင်းက လုပ်သားတွေဟာ သူတို့ဆန္ဒမပါဘဲ မြေအောက်မှာ ဆက်ရှိနေရတယ်လို့ မိုင်းလုပ်သားများ အမျိုးသား သမဂ္ဂ က ဆိုပါတယ်။
ပြိုင်ဘက် မိုင်းလုပ်သားများနဲ့ ဆောက်လုပ်ရေး အသင်း သမဂ္ဂ (AMCU) ကတော့ အခုမြေအောက်မှာ ပိတ်မိနေတဲ့ မိုင်းလုပ်သား အများစုဟာ သူတို့သမဂ္ဂကို အသိအမှတ်ပြုပေးဖို့ မြေအောက်မှာ ဆက်နေရင်း ဆန္ဒပြကြတာလို့ ပြောပါတယ်။
အခုလို လုပ်သားတွေ မြေအောက်ထဲ တရားမဝင် ဆက်ရှိနေတာကို အဆုံးသတ်ဖို့ မိုင်းလုပ်သား ကိုယ်စားလှယ်တွေက တရားရုံး အမိန့်ထုတ်ဖို့ စီစဉ်နေပါတယ်။








