‘‘ကျွန်တော် အပစ်ခံလိုက်ရပြီ ဖွားဖွား’’ - ဗားမောင့်မှာ ပစ်ခတ်ခံရတဲ့ ပါလက်စတိုင်းကျောင်းသား

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ အမေရိကန်က လမ်းတစ်ခုပေါ်မှာ ရုတ်တရက်တိုက်ခိုက်ခံရပြီး ကျောရိုးကိုထိမှန်တဲ့သေနတ်ပစ်ခတ်ခံရမှုအပြီးမှာ ဟစ်ရှမ် အဝါတာနီတစ်ယောက် ရဲကို ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပါလက်စတိုင်း-အမေရိကန်နိုင်ငံနွယ်ဖွားကျောင်းသားဟာ ဗြိတိသျှနွယ်ဖွား အဖွားဖြစ်သူထံ ဖုန်းခေါ်ခဲ့ပါတယ်။

‘‘ကျွန်တော် အပစ်ခံလိုက်ရပြီ ဖွားဖွားရေ’’ ဆိုပြီး အသက် ၂၀ အရွယ်ဒီလူငယ်က ဖုန်းဆက်ခဲ့တယ်လို့ သူ့ဦးလေးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

မစ္စတာ အဝါတာနီဟာ နောက်ထပ် ပါလက်စတိုင်း-အမေရိကန်နွယ်ဖွား ကျောင်းသား ၂ ဦးနဲ့အတူ ဗားမောက်ပြည်နယ်၊ ဘာလင်တန်မြို့မှာ စနေနေ့တုန်းက ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

သူနဲ့ နောက်ထပ် တိုက်ခိုက်ခံရသူနှစ်ဦးဖြစ်တဲ့ ကင်နန် အက်ဘ်ဒယ်ဟာမစ်နဲ့ တာဆင်း အလီယာမက် တို့ကတော့ အသက်ရှင်ကြမယ်လို့ မျှော်လင့်ရပါတယ်။

သူတို့ ၃ ဦးစလုံးဟာ ရရှိထားတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံက အထူးကြပ်မတ်ကုသရေးဌာနမှာ ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာအကောင်းဆုံးဒဏ်ရာရရှိခဲ့တဲ့ မစ္စတာ အဝါတာနီကတော့ ပြန်လည်သက်သာလာဖို့ အချိန်ယူရမယ်လို့ ဦးလေးဖြစ်သူက ပြောပါတယ်။

‘‘ကျည်ဆန်က သူ့ရဲ့ ဒုတိယမြောက်ကျောရိုးထဲကို စိုက်ဝင်သွားခဲ့တာ’’ မစ္စတာ ပရိုက်စ်က ပြောပါတယ်။

ဒီလူငယ်တွေ တည်တည်ငြိမ်ငြိမ် အေးအေးချမ်ချမ်း ဘေးကင်းကင်းလုံခြုံစွာနဲ့ အမေရိကန်မှာ တက္ကသိုလ် ပညာရေး လေ့လာဖို့ မိသားစုဝင်တွေက တိုက်တွန်းခဲ့တာကြောင့် အခုဖြစ်ရပ်ဖြစ်ပြီးတဲ့အခါ သူရော၊ သက်ဆိုင်ရာဆွေမျိုးတွေကပါ ရှက်မိသလိုဖြစ်ရတယ်လို့ ဦးလေးဖြစ်သူက ‌ပြောပါတယ်။

‘‘သူတို့ ဒီကိုလာပြီး ပညာသင်တဲ့အခါ အခုလိုဖြစ်ရပ်မျိုး ကြုံရမယ်ဆိုတာမျိုး ကျွန်တော်တို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး’’ လို့ မစ္စတာ ပရိုက်စ်က ပြောပါတယ်။

မစ္စတာ အဝါတာနီဟာ ရုဒ်အိုင်းလန့်က ပရာဗစ်ဒန်စ့်မြို့မှာရှိတဲ့ ဘရောင်း တက္ကသိုလ်မှာ ပညာသင်နေတဲ့ တတိယနှစ်ကျောင်းသားဖြစ်ပါတယ်။

သူနဲ့ သူ့သူငယ်ချင်းတွေဟာ ဒေသတွင်း ဘိုလင်းအားကစားရုံဝင်းရှိတဲ့လမ်းထဲမှာလုပ်တဲ့ မစ္စတာပရိုက်စ်ရဲ့ အသက် ၈ နှစ်အရွယ် အမွှာသားငယ် ၂ ဦးရဲ့မွေးနေ့ပွဲကိုတက်ရောက်ပြီးနောက်မှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

အသက် ၂၀ ဝန်းကျင် ဒီလူငယ်တွေဟာ အနောက်ဘက်ကမ်း(West Bank) မှာ ခရစ်ယာန်ဘာသာရေးနွယ်တဲ့ ကွိတ်ကာအဖွဲ့က ဖွင့်လှစ်တဲ့ ရာမလာ မိတ်ဆွေများ ပုဂ္ဂလိကကျောင်းမှာ တက်ရောက်ခဲ့သူတွေဖြစ်ပါတယ်။

သူတို့ဟာ ကျေးဇူးတော်နေ့အတွက် အမေရိကန်က ဆွေမျိုးတွေဆီလာလည်ဖို့ ဘာလင်တန်ကို ရောက်နေတာဖြစ်ပြီး မစ္စတာ အဝါတာနီရဲ့အဖွားဖြစ်သူ အင်္ဂလန်၊ ဆာရေးအရပ်ဖွား မယ်ရီယန် ပရိုစ်ဆီမှာ တည်းခိုနေကြတာဖြစ်ပါတယ်။

အဖွားဖြစ်သူရဲ့ အိမ်ထောင့်နားလေးမှာပဲ သူတို့ သေနတ်ပစ်ခံခဲ့ရတာဖြစ်ပါတယ်။

‘‘အိမ်ကနေ ထွက်သွားပြီး ၅ မိနစ်လောက်မှာပဲ လူတစ်ယောက်က အမှောင်ထဲကနေထွက်လာပြီး သူတို့ကို သေနတ်ထုတ်ချိန်တယ်။ ပြီးတော့ ၄ ချက်ပစ်လိုက်တယ်’’လို့ မစ္စတာ ပရိုက်စ်က ပြောပါတယ်။

အဲဒီလူငယ် ၃ ဦးထဲက ၂ ဦးဟာ ရင်ဘတ်ကို ထိမှန်ခဲ့တာလို့ သူကပြောပြီး နောက်တစ်ဦးကတော့ ကိုယ်အောက်ပိုင်းကို ပစ်ခတ်ခံခဲ့ရတယ်ပါတယ်။ မစ္စတာ အဝါတာနီဟာ ဦးခေါင်းကိုလည်း အပစ်ခံခဲ့ရတယ်လို့ ဦးလေးဖြစ်သူကပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဗားမောင့်တက္ကသိုလ်နားက မစ္စတာ အဝါတာနီရဲ့ဆွေမျိုးတွေအိမ်နီးနားမှာ နေထိုင်တဲ့အသက် ၄၈ နှစ်အရွယ် ဂျေဆင် အက်တန်ဆိုသူ အမျိုးသားကို မသင်္ကာမှုနဲ့ဖမ်းဆီးခဲ့ပါတယ်။

သူ့ကို တနင်္လာနေ့မှာ တရားရုံးရှေ့ ရုံးတင်ခဲ့ပေမဲ့ အဲဒီအမျိုးသားကတော့ ကြိုတင်ကြံရွယ်ခြင်းမရှိဘဲ လူသတ်ရန်ကြိုးပမ်းတယ်ဆိုတဲ့စွပ်စွဲချက်အမှု ၃ ခုအတွက် သူ့မှာအပြစ်မရှိတဲ့အကြောင်း ထွက်ဆိုထားပါတယ်။ အခုတော့ သူ့ကို အာမခံမပေးဘဲ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဒီအမျိုးသားဟာ ဘယ်လိုစေ့ဆော်မှုကြောင့် အခုလိုလုပ်ခဲ့တယ်ဆိုတာကို ရဲတပ်ဖွဲ့က မပြောသေးသလို အမုန်းတရားကြောင့် အခုလိုလုပ်ခဲ့တာလားဆိုတာကိုလည်း စုံစမ်းနေပြီလို့ပြောပါတယ်။

ဆွေမျိုးတွေကတော့ ဒီလူငယ်အမျိုးသားတွေဟာ ပါလက်စတိုင်းနွယ်ဖွားတွေဖြစ်တာကြောင့် တမင်ပစ်မှတ်ထားခံခဲ့ရတာလို့ ပြောပါတယ်။ ပစ်ခတ်ခံရချိန်မှာ အင်္ဂလိပ်လိုရော၊ အာရဗီလိုရောပါ ပြောဆိုနေခဲ့ကြပြီး သူတို့ထဲက နှစ်ဦးဟာ ပါလက်စတိုင်းရိုးရာ လည်စည်းပဝါတွေကို လည်ပင်းမှာပတ်ထားခဲ့ကြပါတယ်။

အစ္စရေး-ဂါဇာစစ်ပွဲဖြစ်နေချိန် အမေရိကန်ပြည်ထောင်စုမှာ အစ္စလာမ်ဘာသာ ဒါမှမဟုတ် ကိုးကွယ်ယုံကြည်သူတွေအပေါ် အမုန်းပွားမှုနဲ့ ဂျူးဆန့်ကျင်ရေးတွေ မြင့်တက်လာမှုကို ကိုင်တွယ် ဖြေရှင်းနေရချိန်မှာ အခုဖြစ်ရပ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

မစ္စတာ ပရိုက်စ်ကတော့ အခုတိုက်ခိုက်မှုဟာ လူပေါင်း လေးသောင်းခွဲနီးပါးရှိတဲ့ ဘာလင်တန်မြို့မှာ သူတို့မိသားစု အရင်ကခံစားခဲ့ရတဲ့ဘေးကင်းလုံခြုံမှုအခြေအနေနဲ့ နှိုင်းယှဥ်ကြည့်ရင် နှလုံးကြေကွဲစရာကောင်းတယ်လို့ ပြောပါတယ်။

အစ္စရေး-ဂါဇာစစ်ပွဲဖြစ်နေချိန် အမေရိကန်ပြည်ထောင်စုမှာ အစ္စလာမ်ဘာသာ ဒါမှမဟုတ် ကိုးကွယ်ယုံကြည်သူတွေအပေါ် အမုန်းပွားမှုနဲ့ ဂျူးဆန့်ကျင်ရေးတွေ မြင့်တက်လာမှုကို ကိုင်တွယ် ဖြေရှင်းနေရချိန်မှာ အခုဖြစ်ရပ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

မစ္စတာ ပရိုက်စ်ကတော့ အခုတိုက်ခိုက်မှုဟာ လူပေါင်း လေးသောင်းခွဲနီးပါးရှိတဲ့ ဘာလင်တန် မြို့မှာ သူတို့မိသားစု အရင်ကခံစားခဲ့ရတဲ့ဘေးကင်းလုံခြုံမှုအခြေအနေနဲ့ နှိုင်းယှဥ်ကြည့်ရင် နှလုံးကြေကွဲစရာကောင်းတယ်လို့ ပြောပါတယ်။

‘‘ဒီလိုဖြစ်တာမျိုး ပေါ်ပေါက်ဖို့ဆိုရင်’’လို့ မစ္စတာပရိုက်စ်က ပြောပြီး ‘‘ကျွန်တော်တို့ မြင်တာတော့ အမုန်းတရားက ဦးဆောင်သွားနိုင်တာကြောင့်ပဲ အဖြစ်နိုင်ဆုံးပါပဲ။ ကျွန်တော်တို့အတွက် ဒါက စိတ်ထောင်းကိုယ်ကြေဖြစ်ရတာပါပဲ’’

ဦးလေးဖြစ်သူကတော့ တူဖြစ်သူဟာ ပြင်းထန်တဲ့ဒဏ်ရာရထားပေမဲ့ အရေးပေါ်ကုသဆောင်မှာ ပြန်လည်ကျန်းမာလာအောင်ကုသမှုခံယူရင်း စိတ်ဓာတ်ကြံ့ခိုင်ကြောင်းပြသထားတယ်လို့ ပြောပါတယ်။

‘‘လူတွေအများကြီးက သူ့အကြောင်းတွေးနေပေးတာနဲ့တင် သူသိပ်ကို ကျေးဇူးတင်နေမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်’’

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုကသာမက ကမ္ဘာတဝန်းကပါ ဒီလူငယ် ၃ ဦးအတွက် အားပေးစကားပြောကြားနေကြတာတွေကြောင့် ပျော်ရွှင်အားတက်ရတယ်လို့လည်း မစ္စတာ ပရိုက်စ်က ပြောပါတယ်။

ဘရောင်းတက္ကသိုလ်ဝန်းထဲမှာတော့ မစ္စတာ အဝါတာနီကို ဂုဏ်ပြုတဲ့အနေနဲ့ တနင်္လာနေ့ညမှာ မီးထွန်းဆုတောင်းပွဲ ပြုလုပ်ထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချပြောဆိုထားပါတယ်။