ဘင်္ဂလားဒေ့ရှ်စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်ပျက်ကျမှု သိရသမျှ

သင်မောင်း တိုက်လေယာဉ်တစ်စင်း စာသင်ကျောင်းထဲကို ဝင်တိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက် လေယာဉ်ပျက်ကျတဲ့နေရာကို ကာထားပြီး ဘင်္ဂလားဒေ့ရှ် လေတပ် တပ်ဖွဲ့ဝင်က စစ်ဆေးမှု ပြုလုပ်နေတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, F-7 တိုက်လေယာဉ် တစ်စင်းပျက် စာသင်ကျောင်းထဲကို ပျက်ကျမှုဖြစ်တဲ့အချိန်ဟာ ကျောင်းသားကလေးငယ်တွေဟာ အတန်းဆင်းနေကြတဲ့အချိန်လည်း ဖြစ်ပါတယ်
    • ရေးသားသူ, ခို့အွဲ
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ စင်္ကာပူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စာသင်ကျောင်းထဲကို စစ်တပ် လေယာဉ်ပျက်ကျခဲ့လို့ သေဆုံးခဲ့ရသူ ၂၇ ဦးအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲခြင်းနေ့ ပြုလုပ်သွားဖို့ ရှိပါတယ်။

သေဆုံးသူအများစုဟာ ကျောင်းသားတွေဖြစ်ပါတယ်။ ဒီကလေးတွေဟာ မြို့တော် ဒါကာက သူတို့ရဲ့ စာသင်ခန်းကနေ အတန်းဆင်းချိန်မှာပဲ F-7 တိုက်လေယာဉ်ပျက်ကျခဲ့လို့ သေဆုံးခဲ့ကြသူတွေပါ။ လေယာဉ်ပျက်ကျခဲ့တဲ့ကျောင်းကတော့ ဒါကာမြို့က မှတ်တိုင်လို့ခေါ်တဲ့ စာသင်ကျောင်းနဲ့ ကောလိပ် တွဲဖွင့်ထားတဲ့ကျောင်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်ကတော့ လေယာဉ်ဟာ လေ့ကျင့်ရေးလုပ်ဖို့ ပျံတက်ပြီးတဲ့နောက် စက်ချို့ယွင်းမှုဖြစ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေအထဲ လေယာဉ်မှူးလည်း ပါဝင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီလေယာဉ်ပျက်ကျမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး လေကြောင်းမတော်တဆဖြစ်စဉ်တစ်ခုဖြစ်လာပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ဆက်ပြီး ထွက်ပေါ် လာပါတယ်။ အခုဖတ်ရမှာတွေကတော့ ဒီပျက်ကျမှုနဲ့ပတ်သက်ပြီး သိထားရသမျှ အကြောင်းအရာတွေ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှု ဘယ်လိုဖြစ်ခဲ့လဲ

လေ့ကျင့်ရေးလေယာဉ်ဟာ မြို့တော် ဒါကာလေတပ်စခန်းကနေ ဒေသစံတော်ချိန် ၁၃:၀၆ နာရီ က ထွက်ခွာပြီးမကြာခင်မှာပဲ ဥတ္တရရပ်ကွက် ထဲကို ပျက်ကျခဲ့ပါတယ်။

လေတပ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ F-7 ဂျက်လေယာဉ်ဟာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး လေယာဉ်အရာရှိ ဒုဗိုလ် မက်ဒ် တာကီယာ အစ္စလာမ်က လူသူနည်းတဲ့နေရာကို ဦးလှည့်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ သူလည်း ပါဝင်ခဲ့ပါတယ်။

ရာဇူး အစ္စလာမ်ဆိုတဲ့ ကောလိပ်က ဆရာကတော့ လေယာဉ်ဟာ အဆောက်အဦးကို 'တည့်တည့်' ထိသွားတာကို မြင်လိုက်ရတယ်လို့ ဘီဘီစီ ဘင်္ဂလီဘာသာစကားဌာနကို ပြောပါတယ်။

မာဆုဒ် တာရစ်ဆိုတဲ့ နောက်ထပ် ကျောင်းဆရာတစ်ဦးကလည်း "အနောက်ကို လှည့်ကြည့်လိုက်တေ့ာ မီးခိုးလုံးတွေပဲ တွေ့လိုက်ရတယ်... အုပ်ထိန်းသူတွေရော၊ ကလေးတွေရာ အဲဒီမှာ အများကြီးရှိနေခဲ့ကြချိန်ပေါ့" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လေယာဉ်ပျက်ကျအပြီး နာရီပိုင်းအကြာမှာ တက်လာတဲ့ အခင်းဖြစ်ပွားရာနေရာက ဓာတ်ပုံတွေမှာတော့ အရေးပါ်ကယ်ဆယ်ရေးသမားတွေ မီးလောင်ပြင်ထဲမှာ အသက်ရှင်သူတွေကို ရှာဖွေနေတာ မြင်တွေ့ရပါတယ်။

ဒီဖြစ်စဉ်ကို ကိုင်တွယ်ဖို့ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းလိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ထုတ်ပြန်ပါတယ်။

သင်မောင်း တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဒါကာမြို့က လေယာဉ်ပျက်ကျရာနေရာမှာ ဘင်္ဂလားဒေ့ရှ် လေတပ်က တပ်ဖွဲ့ဝင်တွေ စစ်ဆေးမှုပြုလုပ်နေတာကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေယာဉ်ဟာ ဒါကာမြို့က မှတ်တိုင်လို့အဓိပ္ပါယ်ရတဲ့ Milestone စာသင်ကျောင်းဝင်းထဲကို ပျက်ကျခဲ့တာပါ

ဘယ်သူတွေ သေဆုံးခဲ့ကြလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆုံးပါးသွားသူအများစုဟာ Milestone School and College မှာ ကျောင်းတက်နေကြသူတွေဖြစ်ပါတယ်။ အဲဒီကျောင်းဟာ ပုဂ္ဂလိကကျောင်းဖြစ်ပြီး ကျောင်းသားဦးရေ ၂,၀၀၀ ဝန်းကျင်ရှိပါတယ်။ မူကြိုကနေ အထက်တန်းပညာရေးအထိ သင်ကြားပို့ချပေးတဲ့ ကျောင်းပါ။

သေဆုံးသူတွေအထဲ အနည်းဆုံး ၁၇ ယောက်ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အသက် ၁၀ နှစ်အရွယ် ကျောင်းသား ဖာဟန် ဟာဆန်ကတော့ လေယာဉ်ဟာ ကျောင်းဆောင်ကို ပျက်ကျတဲ့အချိန်မှာ သူဟာ စာမေးပွဲဖြေပြီး အဲဒီကျောင်းဆောင်ကနေ ထွက်လာတဲ့ အချိန် ဖြစ်တယ်လို့ ဘီဘီစီ ဘင်္ဂလီဘာသာစကားဌာနကို ပြောပါတယ်။

"စာမေးပွဲခန်း တစ်ခန်းတည်းကျတဲ့ ကျွန်တော့် အခင်ရဆုံးသူငယ်ချင်းက ကျွန်တော့် မျက်စိရှေ့တင်ပဲ ဆုံးပါးသွားခဲ့တယ်" လို့ သူက ပြောပါတယ်။

"ဒီနေ့က နောက်ဆုံးကျောင်းတက်ရက်ဆိုတေ့ာ ကလေးတွေ ထွက်လာနေကြတာ။ အဲဒါကြောင့်မလို့ ကလေးတွေ ကျောင်းကနေ ထွက်လာတာကို လာကြိုကြတဲ့ မိဘတွေလည်း အထဲမှာ ရှိနေကြတာ။ ပျက်ကျလာတဲ့ လေယာဉ်နဲ့အတူ ကျောင်းသားမိဘတွေလည်း တပါတည်း တရွတ်ပါသွားတယ်'' လို့ သူက ဆက်ပြောပါတယ်။

အမျိုးသားတစ်ဦးရဲ့ အသက် ၈ နှစ်အရွယ်တူဖြစ်သူဟာလည်း သေဆုံးခဲ့တဲ့ ကျောင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ပါ။

သူဟာ "ကျွန်တော့်သားလေး ဘယ်မှာလဲ" လို့ တစာစာ အော်နေတဲ့ သူ့တူလေးရဲ့ဖခင်၊ ညီဖြစ်သူရဲ့ ပခုံးပေါ် လက်တင်ထားရင်းနဲ့ အခုလို ပြောပါတယ်။

" ကျွန်တော် အရမ်းချစ်ရတဲ့ တူလေးက အခု ရင်ခွဲရုံထဲမှာ"

ကျောင်းဆရာတစ်ဦး ကတော့ လေယာဉ်ပျက်ကျတဲ့ ကျောင်းဆောင်မှာ ၅ တန်း ကနေ ၇ တန်း စာသင်ခန်းတွေရှိတယ်လို့ Dhaka Tribune သတင်းဌာနကို ပြောပါတယ်။

"ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်လောက်မှာ ကျောင်းဆင်းပေမဲ့ ကျောင်းသားအများစုဟာ ကျူရှင်ဆရာမတွေကို စောင့်နေခဲ့ကြတာ" လို့ ကျောင်းဆရာက ပြောပါတယ်။

အနည်းဆုံး လူ ၁၇၀ ဒဏ်ရာရခဲ့တယ်လို့ ဥတ္တရ အဒူနစ် ဆေးကောလိပ်က တာဝန်ကျ ဆရာဝန်တစ်ဦးလည်း ပါဝင်ပါတယ်။

ဒဏ်ရာရသူအများစုဟာ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ် ဝန်းကျင်တွေဖြစ်ပြီး လေယာဉ်လောင်စာဆီ လောင်ကျွမ်းထားတဲ့ မီးလောင်ဒဏ်ရာတွေ အများဆုံးရခဲ့ကြတယ်လို့လည်း ဆေးရုံဘက်က ပြောပါတယ်။

လူ ၅၀ ကျော်ဟာ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံကို ရောက်လာကြပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် မီးလောင်ဒဏ်ရာနဲ့ ခွဲစိတ်ကုသရေးတက္ကသိုလ်က ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဆေးရုံကုတင်ပေါ်မှာ ပတ်တီးတွေနဲ့ ဖုံးနေတဲ့ လူငယ်တစ်ဦးကို ဘေးမှာ သူ့ကို စောင့်ကြည့်နေတဲ့ အဝါရောင် အင်္ကျီဝတ် အမျိုးသမီးတစ်ဦးနဲ့အတူ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူပေါင်း ၅၀ ကျော်ကို မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ခဲ့ရပါတယ်

ဒီလိုလေယာဉ်ပျက်ကျမှုတွေ ဘယ်လောက်အဖြစ်များလဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လေယာဉ်ပျက်ကျမှုဟာ ဖြစ်တောင့်ဖြစ်ခဲပါ။

နောက်ဆုံး ကြီးကြီးမားမား လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာဟာ ၁၉၈၄ ခုနှစ်တုန်းကပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံတပ်ထားတဲ့ ဘီမန်လေကြောင်းလိုင်းက ဒါကာလေဆိပ်အနီးကို ဆင်းသက်ချိန် ပျက်ကျခဲ့လို့ တင်ဆောင်လာတဲ့ ခရီးသည် ၄၉ ဦးစလုံးသေဆုံးခဲ့တဲ့ဖြစ်စဉ်ပါ။

နောက်ထပ်ဖြစ်စဉ်ကတော့ ၂၀၁၈ ခုနှစ်မှာ US-Bangla လေကြောင်းလိုင်း နီပေါနိုင်ငံ၊ ခတ္တမန္ဒူလေဆိပ်ကို ဆင်းသက်ချိန် ပျက်ကျခဲ့ပြီး လူ ၅၁ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ပါ။

၂၀၀၈ ခုနှစ်မှာတော့ အခုလို မျိုး F-7 လေ့ကျင့်ရေး ဂျက်လေယာဉ်ဟာ ဒါကာမြို့အပြင်ဘက်မှာ ပျက်ကျခဲ့ပါသေးတယ်။ အဲဒီပျက်ကျမှုမှာ လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။

ဒါကာမြို့ ကျောင်းဝင်းထဲကို ပျက်ကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် သင်မောင်းလေယာဉ် တစ်စင်း အပျက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, F-7 BGI သင်မောင်း တိုက်လေယာဉ်ဟာ ပျံတက်ပြီး ခဏချင်းအတွင်းမှာပဲ နည်းပညာပြဿနာကြုံခဲ့ရတယ်လို့ ဆိုပါတယ်

အခု ဘာတွေဆက်ဖြစ်နေလဲ

မြို့တော် ဒါကာကတော့ ဒီလိုဖြစ်ရပ်ဆိုးကြီးကို အခုထိ မယုံနိုင်ကြသေးဘူး။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ ဆက်ပြီး လုပ်ဆောင်နေပါတယ်။

ဒီကနေ့ မီးလောင်ဒဏ်ရာနဲ့ ခွဲစိတ်ကုသရေးအင်စတီကျူမှာတော့ ချစ်ရသူတွေကို အပူတပြင်းလိုက်ရှာနေတဲ့ မိသားစုဝင်တွေနဲ့ပြည့်နေပါတယ်။

ဒဏ်ရာရသူတွေကို သွေးလှူဖို့ တန်းစီစောင့်ဆိုင်းနေတဲ့သွေးအလှူရှင်တွေကလည်း တိုးမပေါက်တဲ့အထိပါ။ နိုင်ငံရေးသမားတချို့လည်း ဆေးရုံကို လာရောက်ကြည့်ရှုနေတာတွေ့ရပါတယ်။

မိသားစုဝင်တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေကို ဆေးရုံမှာ အပူတပြင်း ရှာဖွေနကြဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိသားစုဝင်တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေကို ဆေးရုံမှာ အပူတပြင်း ရှာဖွေနေကြဆဲ

ဒီလေယာဉ်ပျက်ကျမှုကြောင့် အထိအခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အရေးပေါ် ဆက်သွယ်နိုင်တဲ့ဖုန်းလိုင်းတစ်ခုကိုလည်း ဖွင့်ထားလိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ်ကြားကာလအစိုးရ ခေါင်းဆောင် မိုဟာမက် ယူးနွတ်စ်က လူမှုကွန်ရက် X(အရင်က တွစ်တာ)မှာ ရေးသားပါတယ်။

ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်တဲ့ရုပ်အလောင်းတွေကို မိသားစုဝင်တွေထံ လွှဲပြောင်းပေးသွားမှာဖြစ်ပြီး အတည်မပြုနိုင်တဲ့ ရုပ်အလောင်းတွေကိုတေ့ာ မျိုးဗီဇ (DNA) စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ယူးနွတ်စ်က ပြောပါတယ်။

လူထုအနေနဲ့ အရေးပေါ် ကျန်းမာရေးလုပ်ငန်းတွေ ချောချောမွေ့မွေ့ရှိစေဖို့ ဆေးရုံတွေမှာ လူစုလူဝေး မဖြစ်အောင် ရှောင်ကျဉ်ပေးကြဖို့ကိုလည်း ယူးနွတ်စ်က တိုက်တွန်းထားပါတယ်။

ဒီဖြစ်ရပ်ဘာ့ကြောင့်ဖြစ်ရလဲဆိုတာ စုံစမ်းဖို့အတွက် "လိုအပ်တဲ့ အစီအမံတွေ" ဆောင်ရွက်သွားမှာ ဖြစ်ပြီး "လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်" လို့လည်း သူက ပြောပါတယ်။

ဒီဖြစ်စဉ်ကို စစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မတီ ကို ဖွဲ့စည်းပြီးပြီလို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောထားပါတယ်။

ဒီဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲရကြောင်း အိမ်နီးချင်းနိုင်ငံ့ခေါင်းဆောင်တွေကလည်း ထုတ်ပြောခဲ့ကြပါတယ်။

အဲဒီအထဲ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီအပြင် ပါကစ္စတန် ဝန်ကြီးချုပ် ရှဘတ်စ် ရှရစ်လည်းပါဝင်ပါတယ်။