အစ္စရေးထောင်တွေထဲမှာ နှိပ်စက်ခံရတဲ့ ဂါဇာကလူတွေ

    • ရေးသားသူ, အဲလစ် ကတ်ဒီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

ဒီဆောင်းပါးမှာ စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာတွေ ပါဝင်ကြောင်း ကြိုတင်သတိပေးအပ်ပါတယ်။

ဂါဇာဘက်ကို ပြန်လွတ်လာတဲ့ ပါလက်စတိုင်း အကျဥ်းသားတွေက သူတို့ဟာ အစ္စရေးစစ်တပ်နဲ့ ထောင်အရာရှိတွေဆီမှာ အကြမ်းဖက်နှိပ်စက်ခံရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါဟာ အစ္စရေး ထိန်းသိမ်းရေးစခန်းတွေနဲ့ ထောင်တွေထဲမှာ ဖြစ်ပျက်နေတဲ့ မတရားမှုတွေကို ထပ်ပြီးသက်သေပြလိုက်တာ တစ်ခုပါပဲ။

လူတစ်ယောက်က ဓာတုပစ္စည်းတွေနဲ့ မီးတင်ရှို့ခံရတယ်လို့ ပြောပါတယ်။

"မီးငြှိမ်းဖို့ တိရစ္ဆာန်လို လူးလှိမ့်နေရတယ်" လို့ အသက် ၃၆ နှစ်အရွယ် စက်ပြင်ဆရာ မိုဟာမတ် အဘူတာဝီလဟ် ကပြောပါတယ်။

ပြန်လည်လွတ်လာသူတွေထဲက ငါးဦးနဲ့ ဘီဘီစီက ထဲထဲဝင်ဝင် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

သူတို့တွေဟာ ဂါဇာမှာ အဖမ်းခံခဲ့ရသူတွေပါ။

ဟားမတ်စ်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက အစ္စရေးမှာ လူပေါင်း ၁,၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်ဆောင်ခဲ့တဲ့ နောက်ပိုင်းလတွေမှာ အဖမ်းခံခဲ့ရတာပါ။

အဲဒီ အမျိုးသားတွေကို အစ္စရေးရဲ့ ဥပဒေတစ်ခု ဖြစ်တဲ့ တရားမဝင် တိုက်ခိုက်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူများ နှိမ်နင်းရေး ဥပဒေအရ ဖမ်းဆီးခဲ့တာပါ။

အစ္စရေးဟာ ဓားစားခံတွေကို ကယ်တင်ဖို့နဲ့ အစ္စရေးက အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ အဖွဲ့ကို ဖြိုခွဲဖို့ ကြိုးစားနေတာ ဖြစ်ပြီး အဲဒီ ဥပဒေအရ လုံခြုံရေး အန္တရာယ်ပေးသူလို့ သံသယရှိရင် တရားရုံးမတင်၊ အချိန်အကန့်အသတ်မထားဘဲ ဖမ်းထားနိုင်ပါတယ်။

သူတို့တွေဟာ ဟားမတ်စ်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရပြီး ဓားစာခံအကြောင်းတွေနဲ့ လိုဏ်ခေါင်းတွေရဲ့ တည်နေရာတွေကို မေးမြန်းခံရပါတယ်။

ဒါပေမဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာတော့ ပါဝင်တာ မရှိဘူးလို့ တွေ့ခဲ့ရပါတယ်။

အဲဒါက အစ္စရေးက လတ်တလော အပစ်ရပ်စဲမှုသဘောတူညီချက်အရ အကျဉ်းသား လွှတ်ပေးဖို့ သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုပါ။

အပစ်ရပ်သဘောတူညီချက်အရ လွှတ်ခံခဲ့ရသူတွေထဲက တချို့ဟာ အစ္စရေးတွေကို သတ်ဖြတ်မှု အပါအဝင် တခြား ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်ပါတယ်။

ဘီဘီစီက တွေ့ဆုံမေးမြန်းထားသူတွေထဲမှာတော့ အဲဒီလို ကျူးလွန်ထားသူတွေ မပါပါဘူး။

သူတို့တွေကို ပြစ်ဒဏ်ချထားတာ ရှိလား၊ စွပ်စွဲချက်တွေ ရှိသလား ဆိုတာကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နဲ့ အစ္စရေးအကျဥ်းထောင်ဌာန (IPS) ကိုလည်း မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမေးခွန်းအတွက် တုံ့ပြန်မှု မရခဲ့ပါဘူး။

ပြန်လွတ်လာတဲ့ အမျိုးသားတွေရဲ့ ပြောပြချက်တွေ-

  • သူတို့ကို အဝတ်တွေချွတ်၊ မျက်စိကိုစည်းထား၊ လက်တွေကြိုးတုပ်ပြီး အရိုက်ခံကြရတယ်။
  • သူတို့ထဲက တချို့ဟာ လျှစ်စစ်ရှော့ခ်တိုက်ခံရတာ၊ ခွေးနဲ့ ရှူးတိုက်ခံရတာ၊ ဆေးကုခွင့် မရတာတွေ ကြုံခဲ့ရတယ်။
  • တချို့ကတော့ တခြား အဖမ်းခံထားရသူတွေ သေဆုံးကုန်တာကို မြင်ခဲ့ရတယ်။
  • လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာကို မျက်မြင်တွေ့ခဲ့တယ်လို့ သူတို့ထဲက တစ်ဦးက ပြောပါတယ်။
  • တခြားတစ်ယောက်ဆိုရင် ဓာတုပစ္စည်းတွေထဲမှာ ခေါင်းနှစ်ခံရပြီး ကျောကို မီးနဲ့ရှို့တာ ခံခဲ့ရတယ်။

သူတို့ထဲက ထောင်ကျနေစဥ် သူတို့ထဲက နှစ်ဦးဆီကို သွားခဲ့တဲ့ ရှေ့နေတစ်ယောက်ရဲ့ အစီရင်ခံစာတွေကိုလည်း ဘီဘီစီက တွေ့ခဲ့ရသလို၊ သူတို့ အိမ်အပြန်ခရီးအတွက် ကုပေးခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အဲဒီအမျိုးသားတွေအပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်တွေနဲ့ သူတို့ရဲ့ အထောက်အထားတွေကို အသေးစိတ်ဖော်ပြထားတာတဲ့ စာအပြည့်အစုံတစ်စောင်ကို အစ္စရေးစစ်တပ် IDF ဆီကို ဘီဘီစီ က ပေးပို့ခဲ့ပါတယ်။

အစ္စရေး စစ်တပ် IDF ရဲ့ စာထဲမှာတော့ စွပ်စွဲချက် အတိအကျတစ်ခုကိုမှ ပြန်မတုံ့ပြန်ပေမဲ့ "အကျဥ်းသားတွေအပေါ် အကွက်ချ ညှင်းပန်းနှိပ်စက်မှုတွေဆိုတဲ့ စွပ်စွဲချက်အပေါ် လုံးဝ ငြင်းဆိုပါတယ်။"

ဘီဘီစီက မေးတဲ့ အမှုတချို့ကို "သက်ဆိုင်ရာအာဏာပိုင်တွေက စိစစ်သုံးသပ်မယ်" လို့ ပြောပါတယ်။ အခြားအမှုတွေတော့ "အကျဉ်းသားတွေရဲ့ အချက်အလက် တိတိကျကျ မပါဘဲ မေးမြန်းခဲ့တာကြောင့် စိစစ်သုံးသပ်ဖို့ မဖြစ်နိုင်ဘူး" လို့လည်း ပြောပါတယ်။

"IDF ရဲ့ စံနှုန်းတွေနဲ့ အတော်ကွဲပြားတဲ့ ဘယ်လုပ်ရပ်ကိုမဆို အင်မတန် အလေးအနက်ထားတယ်... အကျဉ်းစခန်းဝန်ထမ်းတွေရဲ့ မသင့်လျော်တဲ့အပြုအမူတွေ ဒါမှမဟုတ် လိုအပ်ချက်ရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ တိကျတဲ့တိုင်ကြားမှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေဆီ စစ်ဆေးဖို့ပို့ပြီး သင့်လျော်သလိုကိုင်တွယ်ဖြေရှင်းတယ်။ တချို့အမှုတွေမှာဆိုရင် အဲဒီစခန်းဝန်ထမ်းတွေကို စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူပြီး၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်တယ်" လို့ ဆိုပါတယ်။

ဘီဘီစီက စုံစမ်းသိရှိထားရတယ်ဆိုတဲ့ အစ္စရေးထောင်တွေထဲမှာ မတရားမှုတွေ အလုပ်ခံရတယ်ဆိုတာတွေကို သိထားရတာ မရှိဘူးလို့ အစ္စရေးအကျဥ်းဌာန IPS က ပြောပါတယ်။

"သိရသလောက်ကတော့ IPS ရဲ့ ဆောင်ရွက်မှုတွေမှာ အဲဒီလို အဖြစ်မျိုးတွေ ဖြစ်ခဲ့တာ မရှိဘူး"လို့ IPS က ပြောပါတယ်။

အဲဒီအမျိုးသားတွေ ပြန်ပြောပြတဲ့ သူတို့ ကြုံခဲ့ရတာတွေဟာ "နိုင်ငံတကာဥပဒေတွေရော အစ္စရေးရဲ့ ဥပဒေတွေရော နှစ်ခုလုံးနဲ့ လုံးဝမကိုက်ညီပါဘူး" ပြီးတော့ တချို့အမှုတွေဆိုရင် ညှင်းပန်းနှိပ်စက်တဲ့အဆင့်ကို ရောက်ပါတယ်" လို့ ဘရစ်စတို တက္ကသိုလ်၊ နိုင်ငံတကာဥပဒေစင်တာရဲ့ ပူးတွဲ ဒါရိုက်တာ ဒေါက်တာလော့ရင့်စ်ဟေး ကော်သရုန်းက ပြောပါတယ်။

"နိုင်ငံတကာဥပဒေအရ စစ်ပွဲဥပဒေက အကျဉ်းသားတိုင်းကို လူ့ဂုဏ်သိက္ခာနဲ့ညီအောင် ဆက်ဆံဖို့ ပြဋ္ဌာန်းထားတယ်" လို့ သူကပြောတယ်။

"အကျဉ်းသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့် တာဝန်တွေဟာ ဘယ်လိုစွပ်စွဲချက်တွေကြောင့်မှ မထိပါးရဘူး။"

၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို လုပ်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့ ဒီနှစ်အစောပိုင်းက လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အခု အသေးစိတ်မေးမြန်းခဲ့တဲ့ ပါလက်စတိုင်း ၅ ဦး ပြန်လာနိုင်ခဲ့ကြတာပါ။

ပါလက်စတိုင်းအကျဥ်းသား ၁,၉၀၀ နဲ့ အစ္စရေးဘက်က ၃၃ ဦးကို လဲလှယ်ခဲ့ကြတာ ဖြစ်ပြီး သူတို့က အဲဒီမှာ ပါလာခဲ့တာပါ။

အစ္စရေး ၃၃ ဦးဆိုတာမှာ သေဆုံးသွားတဲ့ အစ္စရေး ၈ ဦး အပါအဝင် အသက်ရှင်ကျန်နေတဲ့ ဓားစာခံ ၂၅ ဦးတို့နဲ့ အကျဥ်းသားလဲလှယ်ခဲ့ကြတာ ဖြစ်ပြီး အဲဒီဓားစာခံတချို့က ဟားမတ်စ်တွေရဲ့ ညှဉ်းပန်းမှု၊ အစာငတ်ထားမှုနဲ့ ခြိမ်းခြောက်မှုတွေကို ခံခဲ့ရတယ်လို့ ပြောပါတယ်။

အရင်တုန်းက လွတ်လာတဲ့ အကျဉ်းသူတွေက အဖမ်းခံထားရတုန်းမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းခံခဲ့ရတာတွေကို အသေးစိတ် ပြောပြထားပါတယ်။

အပစ်ရပ်ပြီး ပြန်ရခဲ့တဲ့ ကလေးငယ်အလောင်းတွေ အပါအဝင် ဓားစာခံတွေရဲ့ အလောင်းတွေကို စစ်ဆေးချက်အရ သူတို့တွေကို ဟားမတ်စ်တွေက သတ်ဖြတ်ခဲ့တာတာလို့ အစ္စရေးက ပြောပြီး ဟားမတ်စ်ဘက်ကတော့ ဒါကို ငြင်းပါတယ်။

လွတ်လာတဲ့ ပါလက်စတိုင်းအကျဉ်းသား ငါးဦးလုံးက ပုံစံတူ အဖြစ်အပျက်တွေ ကြုံခဲ့ရတာကို ပြောပြပါတယ်။ သူတို့တွေ ဂါဇာမှာ ဖမ်းဆီးခံရပြီးနောက် အစပိုင်းမှာ အစ္စရေး စစ်တပ် စခန်းတွေထဲမှာ ဖမ်းထားခံရပြီးမှ ထောင်ကို အပို့ခံရတယ်၊ လတွေ ချီကြာပြီး နောက်ဆုံးမှာတော့ ဂါဇာကို ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

အဲဒီလိုအဆင့်ဆင့် ပို့ဆောင်တိုင်းမှာ သူတို့ ညှင်းပန်းခံခဲ့ရတယ်လို့ ပြောပါ တယ်။

တခြားပြန်လွတ်လာတဲ့ အဖမ်းခံရသူ တစ်ဒါဇင်ကျော်ကိုလည်း သူတို့အိမ်ပြန်ရောက်ချိန်မှာ ဘီဘီစီက ခဏစီ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ပြောဆိုချက်တွေအရ ရိုက်နှက်တာ၊ အငတ်ထားတာနဲ့ ရောဂါရတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအချက်တွေဟာ ပြန်ရောက်လာတဲ့ အကျဉ်းသားတွေက အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B'Tselem နဲ့ ကုလသမဂ္ဂကို ပြောပြတဲ့ အချက်အလက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။

ဇူလိုင်လတုန်းက အသေးစိတ်ထုတ်ပြန်ချက်တွေအရ အဲဒီအကျဉ်းသားတွေကို အဝတ်အစားတွေ ချွတ်ထားတာ၊ အစာမဝ၊ ရေမဝ၊ အိပ်ရေးမဝ ထားတာ၊ လျှပ်စစ်ရှော့ခ်တိုက်တာ၊ စီးကရက်နဲ့မီးနဲ့ တို့တာ၊ ခွေးတွေနဲ့ ရှူးတိုက်တာတွေ ကြုံခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ကုလသမဂ္ဂပညာရှင်တွေရဲ့ အစီရင်ခံစာမှာ အစ္စရေး စစ်တပ် တပ်ဖွဲ့က မုဒိမ်းမှုနဲ့ လိင်ပိုင်းညှဉ်းပန်းမှုတွေကို ခြိမ်းခြောက်မှုအနေနဲ့ ရည်ရွယ်ချက်ရှိရှိ သုံးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အစ္စရေးကတော့ 'အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ'လို့ အပြင်းအထန် ငြင်းပါတယ်။

အစ္စရေးက လတ်တလောမှာလည်း နိုင်ငံတကာသတင်းထောက်တွေကို ဂါဇာထဲကို ဝင်ခွင့်မပြုထားပါဘူး။ အဲဒီအတွက် ဖုန်းဆက်တာ၊ မက်ဆေ့ချ်ပို့တာ၊ ဒေသခံ အလွတ်သတင်းထောက်တွေက တစ်ဆင့် လူကိုယ်တိုင် တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့ရပါတယ်။

သူတို့စတင်ဖမ်းဆီးခံရတဲ့အချိန်ကစပြီး သူတို့တွေ ညှင်းပန်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဝတ်တွေချွတ်၊ မျက်စိကိုအဝတ်စနဲ့ ပိတ်ထားပြီး ရိုက်နှက်တာတွေ ခံရတယ်လို့ မေးမြန်းခဲ့သူ ၅ ဦးလုံးက ပြောပြကြပါတယ်။

စက်ပြင်ဆရာ မိုဟာမက် အဘူတာဝီလာက ရက်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်တာခံခဲ့ရတယ်လို့ ပြောပါတယ်။

သူ့ကို စစ်သားတွေက ၂၀၂၄ မတ်လမှာ ဖမ်းဆီးခဲ့တာပါ။ ပြီးတော့ အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ အဆောက်အအုံတစ်ခုထဲက အခန်းတစ်ခုထဲမှာ သီးသန့်ထိန်းသိမ်းထားပြီး စစ်သားတွေက သုံးရက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပေးချက် - စိတ်မချမ်းမြေ့ဖွယ် ဓာတ်ပုံ အောက်မှာ ပါဝင်ပါတယ်။

စစ်သားတွေက သန့်ရှင်းရေးသုံး ဓာတုပစ္စည်းတွေကို အိုးထဲ ရောထည့်ပြီး သူ့ခေါင်းကို အဲ့ဒီအိုးထဲ နှစ်တယ်လို့ သူက ပြောတယ်။

ပြီးတော့ စစ်ဆေးသူတွေက သူ့ကို ထိုးကြိတ်ကြတယ်လို့လည်း သူက ပြောတယ်။ သူက အပျက်အစီးတွေနဲ့ ကြမ်းပြင်ပေါ်မှာ လဲကျသွားပြီး မျက်လုံးဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ နောက်တော့ သူတို့က မျက်လုံးကို အဝတ်နဲ့ အုပ်ထားပေးခဲ့ပြီး အဲဒါက သူ့ဒဏ်ရာကို ပိုဆိုးသွားစေတယ်လို့ သူက ပြောပါတယ်။

သူတို့က သူ့ကို မီးနဲ့လည်း ရှို့ကြတယ်လို့လည်း သူကပြောပါတယ်။

"သူတို့က လေသန့်ဆေးဖြန်းပြီး မီးခြစ်နဲ့ ကျွန်တော့်ကျောကို မီးရှို့လိုက်တယ်။ ကျွန်တော်က တိရစ္ဆာန်တစ်ကောင်လို လူးလှိမ့်ပြီး မီးငြှိမ်းဖို့ လုပ်ခဲ့ရတယ်။ မီးက ကျွန်တော့်လည်ပင်းကနေ ခြေထောက်အထိ ကူးသွားတာ။ ပြီးတော့ သူတို့က သေနတ်ဒင်နဲ့ ကျွန်တော့်ကို အကြိမ်ကြိမ် ရိုက်တယ်။ သူတို့မှာ တုတ်တွေလည်း ပါလာပြီး အဲဒါတွေနဲ့ ကျွန်တော့်ရဲ့ ဘေးဘက်တွေကို ထိုးရိုက်တယ်" လို့ သူက ပြောပါတယ်။

နောက်တော့ သူတို့က "အက်ဆစ်တွေ ကိုယ်ပေါ်ကို လောင်းချတယ်။ တစ်ရက်ခွဲလောက် ကြာအောင်ကို အဲဒီဟာတွေကို ဆေးကြောခဲ့ရတယ်" လို့ ပြောပါတယ်။

"အက်ဆစ်တွေကို ခေါင်းပေါ်ကို လောင်းချခဲ့တာ။ ပြီးတော့ ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းထားပြီး ကိုယ်ပေါ် ကိုလည်း တစ်စက်တစ်စက်နဲ့ ချတာ။"

နောက်ဆုံးမှာတော့ စစ်သားတွေက သူ့ကိုယ်ပေါ်ကို ရေလောင်းချ လိုက်ပါတယ်။ နောက်တော့ အစ္စရေးထဲကို ကားနဲ့မောင်းခေါ် သွားပြီး ဆေးရုံမှာ အရေပြားအစားထိုးကုသမှုအပါအဝင် ဆေးကုပေးခဲ့ပါတယ်။

သူ့ကို ကုပေးတာ အများစုဟာ အစ္စရေးတောင်ပိုင်း ဘီယာရှီဘာအနီးက အစ္စရေး စစ်စခန်းတစ်ခုဖြစ်တဲ့ ဆဒီတိုင်မန် စစ်စခန်းက ယာယီဆေးရုံမှာ ဖြစ်တယ်လို့ သူက ပြောတယ်။

သူ့ကို အဝတ်အစားမပါဘဲ ကုတင်မှာ လက်ထိတ်ခတ်ပြီး အိမ်သာသွားခွင့်မပေးဘဲ ဆီးခံပဲ ဝတ်ခိုင်းတယ်လို့ ပြောတယ်။ လူနာတွေကို သံကြိုးနဲ့ချည်ပြီး ဆီးခံဝတ်ခိုင်းတာဟာ ပုံမှန်လုပ်လေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်တယ်လို့ ဒီဆေးရုံက အစ္စရေးဆရာဝန်တွေက ဘီဘီစီကို အရင်က ပြောပြဖူးပါတယ်။

မစ္စတာအဘူတာဝီလာ လွတ်မြောက်လာပြီး မကြာခင်မှာ ဘီဘီစီက သူ့ကိုအင်တာဗျူးခဲ့တဲ့အချိန်မှာ သူ့ရဲ့ကျောမှာတော့ အနီရောင်အရှိုးလိုဒဏ်ရာတွေ ပြည့်နေတာကို တွေ့ခဲ့ရပါတယ်။ မီးရှို့ခံရတဲ့ ဒဏ်တွေရဲ့ နာကျင်မှုတွေကြောင့် အိပ်ရာကနေ လန့်နိုးနေတတ်တုန်းပါ။ ပြီးတော့ သူ့ရဲ့ အမြင်အာရုံလည်း ထိခိုက်ခဲ့ပါတယ်။

မစ္စတာ အဘူတာဝီလာ တိုက်ခိုက်ခံခဲ့ရတာတွေကို မျက်မြင်တွေ့သူ တစ်ဦးတစ်ယောက်နဲ့မှ ဘီဘီစီက တွေ့ဆုံ မေးမြန်းနိုင်တာ မရှိပါဘူး။ ဒါပေမဲ့ သူဂါဇာကို ပြန်ရောက်ချိန် သူ့ကို ကုပေးတဲ့ မျက်စိအထူးကုဆရာဝန်က မစ္စတာ အဘူတာဝီလာဟာ ဓာတုပစ္စည်းတွေကြောင့် မျက်စိ ထိခိုက်သွားသလို အရေပြားတွေလည်း ပျက်စီးနေတယ်လို့ အတည်ပြု ပြောပြပါတယ်။ မစ္စတာ အဘူတာဝီလာရဲ့ မျက်စိအမြင်အာရုံကလည်း တခြား စိတ်ဒဏ်ရာ ဒါမှမဟုတ် ဓာတုပစ္စည်းတွေကြောင့် အားနည်းနေပြီလို့ ပြောပါတယ်။

ဗြိတိန်ကဆရာဝန်တွေကို မစ္စတာ အဘူတာဝီလာရဲ့ ဒဏ်ရာဓာတ်ပုံတွေနဲ့ အသေးစိတ် အချက်အလက်တွေကို ပြခဲ့တဲ့အခါ ဆရာဝန်တွေက သူဖြစ်ခဲ့တာတွေနဲ့ ကိုက်ညီတဲ့ သုံးသပ်ချက်တွေကို ပြောပြကြပါတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေကိုပဲ ကြည့်ပြီး ပြောရတာဖြစ်လို့ အကန့်အသတ်တချို့တော့ ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့အသေးစိတ်ဖြစ်စဥ် ပြည့်ပြည့်စုံစုံကို အစ္စရေးစစ်တပ်ထံကိုလည်း ဘီဘီစီက ပို့ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးဖို့ အချိန်လည်း ၅ ရက်ကြာအောင် ပေးခဲ့ပါတယ်။ IDF က မစ္စတာ အဘူတာဝီလာရဲ့ စွပ်စွဲချက်တွေကို တိုက်ရိုက်မတုံ့ပြန်ဘဲ အစ္စရေးစစ်တပ်ရဲ့ စံတန်ဖိုးတွေကို မလိုက်နာရင် အရေးယူတယ်လို့ ဆိုပါတယ်။

ပြီးတော့ IDF က တချို့အမှုတွေကို "စစ်ဆေးမယ်" လို့ပြောပါတယ်။ ဒါပေမဲ့ အဲဒီအမှုတွေမှာ မစ္စတာ အဘူတာဝီလာ ပါလားဆိုတာကိုတော့ မတုံ့ပြန်ပါဘူး။

ဖမ်းဆီးခံရတာနဲ့ မတရားဆက်ဆံခံကြရတယ်လို့ ဘီဘီစီက အင်တာဗျူးခဲ့သူတွေက ပြောကြပါတယ်။

"ကျွန်တော်တို့ကို ခြေထိတ်လက်ထိတ်တွေ ခတ်တယ်၊ ရိုက်တယ်။ ရေတစ်စက်တောင် မတိုက်ဘူး" လို့ အသက် ၃၃ နှစ်အရွယ် သားသတ်ရုံ အလုပ်သမား အဒူကရင် မွတ်ရှ်တာဟာက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဘေးလွတ်ရာပြေးဖို့ အမိန့်အရ သူ့မိသားစုနဲ့အတူ ထွက်ခွာလာချိန်မှာ အစ္စရေးစစ်ဆေးရေးဂိတ်မှာ သူဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

မစ္စတာမွတ်ရှ်တာဟာဆီကို သွားခဲ့တဲ့ရှေ့နေရဲ့ အစီရင်ခံစာအရ သူဟာ ကြိမ်ဖန်များစွာ ရိုက်နှက်ခံထားရဖွယ်ရှိသလို၊ အရှက်ခွဲခံရတာ၊ သိက္ခာချခံရတာ၊ ခန္ဓာကိုယ် ဗလာကျင်း နေရတာမျိုးတွေ ထောင်ကို မပြောင်းခံရသေးခင်မှာ ကျူးလွန်ခံခဲ့ရတယ်လို့ သိရပါတယ်။

တခြား မေးမြန်းခဲ့သူ နှစ်ယောက်ကတော့ အဆောက်အအုံ အပြင်ဘက် အေးစက်နေတဲ့နေရာမှာ နာရီတွေချီ အကြာကြီး အထုတ်ခံထားရတယ်လို့ ပြောပြီး နောက်နှစ်ယောက်ကတော့ အစ္စရေးစစ်သားတွေက သူတို့ ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို ခိုးသွားခဲ့တယ်လို့ ပြောပါတယ်။

ဥပဒေနဲ့ အစ္စရေး စစ်တပ် IDF ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ အဲဒီ အခိုးခံရမှုရဲ့ အသေးစိတ် စွပ်စွဲချက်ကို IDF ဆီကို ဘီဘီစီက ပေးပို့ခဲ့ပါတယ်။

IDF ကတော့ တကယ်လို့ နောက်ထပ် အတိအကျ အချက်လက်တွေ ထပ်ပို့ပေးနိုင်မယ်ဆိုရင် သေသေချာချာ စစ်ဆေးပေးမယ်လို့ ဆိုပါတယ်။

မစ္စတာမွတ်ရှ်တာဟာ အပါအဝင် ဘီဘီစီက တွေ့ဆုံမေးမြန်းခဲ့သူအားလုံးရဲ့ ပြောပြချက်အရ မစ္စတာအဘူတာဝီလာကို ဆေးကုပေးခဲ့တဲ့ မြေပြင်ဆေးရုံရှိရာ အစ္စရေးစစ်တန်းလျားရှိတဲ့ ဆဒီတိုင်မန်ဆီကို သူတို့ အားလုံးကို ပြောင်းရွှေ့ခံခဲ့ရတာလို့ ပြောကြပါတယ်။

တွေ့ဆုံမေးမြန်းခဲ့သူ တစ်ဦးကဆိုရင် အဲဒီစခန်းကိုပို့တဲ့ လမ်းမှာတင် အနိုင်ကျင့်ခံရတယ်လို့ ဆိုပါတယ်။ တစ်ခုခု လက်တုံ့ပြန်ခံမှာကို ကြောက်လို့ သူ့နာမည်ကို မဖော်ပြဖို့ သူက တောင်းဆိုတဲ့အတွက် သူ့ကို အမည်လွှဲအနေနဲ့ အိုမာလို့ သုံးပါမယ်။

အစ္စရေးစစ်သားတွေက မတ်တပ်ရပ်ပြီး သူ့ကို တံတွေးနဲ့ထွေးသလို၊ အခြားသူတွေက "ဝက်ရဲ့သားတွေ" "ဆင်ဝါရဲ့သားတွေ"လို့လည်း ခေါ်တယ်လို့သူကပြောပါတယ်။ ဆင်ဝါဆိုတာ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကို ကြိုးကိုင်သူ ဟားမတ်ခေါင်းဆောင်ကို ပြောတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၅ လမှာ သူ့ကို အစ္စရေးတွေက သုတ်သင်ခဲ့ပြီး ဖြစ်ပါတယ်။

'မင်းတို့ ငါတို့သားသမီးတွေကို လုပ်သလို မင်းတို့ရဲ့ သားသမီးတွေကို ငါတို့လုပ်မယ်' လို့ အသံသွင်းထားတဲ့ အသံဖိုင်ကို ကျွန်တော်တို့ကို နားထောင်ခိုင်းတယ်လို့ လျှပ်စစ်ဝါယာကြိုးကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အသက် ၃၃ နှစ်အရွယ်ရှိသူ သူက ပြောပါတယ်။

ဆဒီတိုင်မန်ဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာ တိုက်ခိုက်မှုအပြီး ကြီးကြီးမားမား တိုင်တန်းမှုတွေအတွက် အာရုံစိုက်ခံနေရတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီမှာ တာဝန်ကျနေတဲ့ စစ်သားတချို့ကိုလည်း ဖေဖော်ဝါရီလမှာ တရားစွဲခံရပါတယ်။ အကြောင်းက သူတို့ဟာ အကျဉ်းသားတစ်ဦးကို ရိုက်နှက်နေတာကို ဗီဒီယိုရိုက်ထားမိတဲ့အတွက်ပါ။ အဲဒီအကြမ်းဖက်မှုကြောင့် အကျဉ်းသားရဲ့ စအိုစုတ်ပြဲ၊ အဆုတ်ပေါက်ပြီး ဆေးရုံတင် ကုသခံခဲ့ရပါတယ်။

နောက်ထပ်သီးခြား ဖြစ်ရပ်တစ်ခုမှာလည်း ဂါဇာက ပါလက်စတိုင်းအကျဥ်းသားတွေကို ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခဲ့ ကြတာကို ဝန်ခံခဲ့တဲ့ စစ်သားတစ်ဦးလည်း ပြစ်ဒဏ်ကျခဲ့ပါတယ်။

ဆဒီတိုင်မန်နဲ့ တခြားစခန်းတွေမှာ ထိန်းသိမ်းထားသူတွေကို ခွေးတွေနဲ့ ခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ အမျိုးသား ၃ ဦးက ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ကို စခန်းကနေ ဆေးခန်းတို့၊ စစ်ဆေးတဲ့အခန်းတို့ကို ပို့တဲ့အခါတိုင်း အရိုက်ခံရတယ်။ နှုတ်သီးစွပ်ခွေးတွေနဲ့ ရှူးတိုက်တယ်၊ လက်ထိပ်တွေကို ပိုတင်းအောင်ခတ်တယ်" လို့ စခန်းထဲမှာ အကျဉ်းသားရော လူနာရော နှစ်မျိုးလုံး ဖြစ်ခဲ့တဲ့ မစ္စတာ အဘူတာဝီလာက ပြောပါတယ်။

ခွေးတွေသုံးပြီး ခြိမ်း‌ခြောက်တာနဲ့ တိုက်ခိုက်တာတွေ မကြာခဏ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဘီဘီစီက IDF ကိုမေးမြန်းတဲ့အခါ "ထိန်းသိမ်းထားသူတွေကို ခွေးတွေနဲ့ ခြောက်လှန့်တာကို တားမြစ်ထားပါတယ်"လို့ ပြောပါတယ်။

" IDF ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားတဲ့သူတွေထဲမှာ အလွန်အန္တရာယ်များတယ်လို့ သတ်မှတ်ထားတဲ့ လက်စလက်နရှိတဲ့ အကြမ်းဖက်သမားတွေ ပါဝင်တယ်" လို့လည်း IDF က ပြောတယ်။

"ထူးခြားတဲ့အမှုတွေအတွက် သူတို့ကို ဖမ်းထားချိန်မှာ လက်တွေ၊ခြေတွေ ကြာကြာ သံကြိုးချည်ထားတာမျိုး ရှိတယ်" လို့လည်း ပြောပါတယ်။

သူတို့ လက်တွေကို ခေါင်းပေါ်မြှောက်ပြီး နာရီအတော်ကြာအောင် အတင်းနေခိုင်းတာမျိုး အပါအဝင် နာကျင်စေတဲ့ အနေအထားတွေမှာ ထားခဲ့တယ်လို့ အကျဥ်းသားတွေက ပြောပါတယ်။

"မနက် ၅ နာရီကနေ ည ၁၀ နာရီ ညအိပ်ချိန်ရောက်တဲ့အထိကို ဒူးထောက်ပြီး ထိုင်ခဲ့ကြရတယ်" လို့ မစ္စတာ အဘူတာဝီလာက ပြောပါတယ်။

"ထိခိုက်လွယ်တဲ့ နားတို့ မျက်စိတို့လို နေရာတွေနဲ့ ခေါင်းတွေကို အဓိကထားပြီး စစ်တန်းလျားမှာ ရိုက်ကြတာ"လို့ နောက်ထပ် တွေ့ဆုံမေးမြန်းခဲ့သူတစ်ဦးဖြစ်တဲ့ ဟာမတ် အယ်လ် ဒတ်ဒူက ပြောပါတယ်။

နားတွေ၊ ကျောတွေလည်း ဒဏ်ရာတွေ ရခဲ့ပြီး နံရိုးတွေလည်း ကျိုးခဲ့တယ်လို့ ပြောပါတယ်။

ဟာမတ် အယ်လ် ဒတ်ဒူက စစ်ပွဲမတိုင်ခင်က လယ်သမားဖြစ်ပြီး အသက် ၄၄ နှစ်အရွယ် ရှိပါပြီ။

အဲဒီစွပ်စွဲချက်တွေကိုတော့ IDF ဘက်က တုံ့ပြန်တာ မရှိပါဘူး။

စစ်မေးတာ၊ ပြစ်ဒဏ်ပေးတဲ့ အခါတွေမှာ လျှပ်စစ်ရှော့ခ်တိုက်တာခံခဲ့ရတယ်လို့ မစ္စတာ ဒတ်ဒူနဲ့ လွတ်မြောက်လာသူတချို့က ပြောပါတယ်။

"စစ်ဆင်ရေးအဖွဲ့မှာ ခွေးတွေ၊ တုတ်တွေနဲ့ လျှပ်စစ်ရှော့ခ်တိုက် ကိရိယာတွေ ပါလာတာ။ လျှပ်စစ်နဲ့တို့တယ် ပြီးတော့ ရိုက်ကြတယ်" လို့ သူက ပြောပါတယ်။

သူတို့ တစ်နေရာပြောင်းရတဲ့အချိန်တိုင်း ရိုက်နှက်ခြိမ်းခြောက်တာတွေ ခံရတယ်လို့ မစ္စတာ အဘူ တာဝီလာက ထပ်ပြောပြပါတယ်။

"စစ်တန်းလျားကနေ ဆေးခန်းတို့၊ စစ်မေးခန်းတို့ကိုခေါ်တာနဲ့ အရိုက်ခံရတယ်။ နှုတ်သီးစွပ်ခွေးတွေနဲ့ ရှူးတိုက်တယ်၊ ခြေထိတ်လက်ထိတ်တွေကို ကြပ်အောင်လုပ်တယ်" လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးတဲ့အခါမှာ ဟားမတ်စ်နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံရတယ်လို့ အဲဒီအမျိုးသားတွေက ပြောပါတယ်။

"ထောင်ကို ရောက်လာသူတိုင်းကို 'မင်းတို့က အကြမ်းဖက်တွေ' လို့ သူတို့က ပြောတယ်" လို့ မစ္စတာ မွတ်ရှ်တာဟာက ပြောပါတယ်။

"အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုမှာ ကျွန်တော်တို့ပါတယ်ဆိုပြီး အမြဲ အတင်းစွပ်စွဲတယ်။ သူတို့က အငြိုးတကြီးပဲ။"

"တကယ်လို့ ကျွန်တော်တို့သာ ဟားမတ်စ်တို့ ဘာတို့သာ ဆိုရင် လူမြင်သူမြင် ခွင့်ပြုထားတဲ့လမ်းကနေ သွားပါ့မလား။ နေရာတွေက ထွက်သွားကြဖို့ ပြောတာတွေကို နားထောင်ပါ့မလား" လို့ ကျွန်တော် သူတို့ကို ပြောခဲ့တယ်။

စစ်ဆေးမေးမြန်းတာတွေကို ညလုံးပေါက် လုပ်တယ်လို့လည်း သူက ပြောပါတယ်။

"သူတို့ နှိက်စက်နေလို့ သုံးညဆက်တိုက် မအိပ်ရဘူး။ ကျွန်တော့်လက်တွေကို ချည်ပြီး ခေါင်းပေါ်ကို နာရီပေါင်းများစွာ တင်ခိုင်းထားတယ်။ ပြီးတော့လည်း အဝတ်အစားလည်း မပါဘူး။ အေးတယ်လို့ ပြောလိုက်တာနဲ့ ရေခဲရေတွေကို ပုံးအပြည့်လောင်းချပြီး ပန်ကာပါဖွင့်တယ်"လို့ သူက ပြောပြပါတယ်။

ဂါဇာက ဘယ်သူမဆို အကြမ်းဖက်အုပ်စုဝင်တွေ၊ ပတ်သတ်နေသူတွေပဲလို့ စစ်ဆေးမေးမြန်းသူတွေက သူတို့ကို ပြောတယ်လို့ မစ္စတာ ဒတ်ဒူက ပြောပါတယ်။ ဒါတွေကို တရားရုံးမှာ ဖြေရှင်းမယ်လို့ ကျွန်တော်တို့က တောင်းဆိုတဲ့အခါမှာတော့ ဒါမျိုးလုပ်ဖို့ အချိန်မရှိဘူးလို့ စစ်ဆေးသူတွေက ပြောတယ်လို့ သူက ပြောပါတယ်။

ရှေ့နေငှားခွင့်လည်း မရဘူးလို့ သူက ပြောပါတယ်။

IDF ကတော့"အစ္စရေးရဲ့ ဥပဒေအရ အရပ်ဘက်ခရိုင်တရားရုံးမှာ ပြန်စစ်ဆေးနိုင်သလို၊ ရှေ့နေငှားခွင့်၊ တရားရုံးချုပ်မှာ အယူခံဝင်ခွင့်လည်း ရှိပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

ဆဒီတိုင်မန်ကို စရောက်ပြီး သုံးရက်ကြာအောင် သူ့ကို စစ်ဆေးမေးမြန်းတယ်လို့ အိုမာက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အပေါ်အောက် တစ်ဆက်တည်းဝတ်စုံ ပါးပါးလေးတွေပဲ ဝတ်ရပါတယ်။ အေးစက်နေတဲ့ အခန်းထဲမှာ ထည့်ထားပြီး အစ္စရေး သီချင်းတွေကို အသံချဲ့စက်တွေနဲ့ ဖွင့်ထားတယ်လို့ သူက ပြောပါတယ်။

စစ်ဆေးတာတွေ ပြီးသွားတဲ့အခါမှာ သူတို့ကို စစ်တန်းလျားကို မျက်စိပိတ်ပြီး ပြန်ခေါ်သွားကြတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။

"နေ့တွေ ညတွေလည်း မသိရတော့ဘူး။ နေရောင်ကို မမြင်နိုင်တော့ဘူး ဘာမှကို မမြင်နိုင်ပါဘူး" လို့ အိုမာက ပြောပါတယ်။

IDF ကတော့ IDF ရဲ့ ဥပဒေ၊ စည်းမျဥ်းတွေနဲ့အညီ ထိန်းသိန်းရေးစခန်းမှာ လိုက်နာသလားဆိုတာ စောင့်ကြည့်တဲ့ စီစီတီဗီ ကင်မရာတွေနဲ့စောင့်ကြည့်တဲ့ "ကြီးကြပ်ရေးယန္တရား"တွေ ရှိပါတယ်လို့ ပြောပါတယ်။

အိုမာနဲ့ မွတ်ရှ်တာဟာတို့က သူတို့ကို နောက်ပိုင်းမှာ ကတ်ဇီယော့ထောင်ကို အပို့ခံလိုက်ရပြီး ရောက်တာနဲ့ "ရိုက်ပွဲနှက်ပွဲ" နဲ့ ကြိုတော့တာပဲလို့ ဆိုပါတယ်။

ကတ်ဇီယော့ ထောင်မှာ လိင်အနိုင်ကျင့်တာတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တယ်လို့ အိုမာက ပြောပါတယ်။

"သူတို့က တချို့ယောက်ျားတွေရဲ့ အဝတ်အစားတွေချွတ်ခိုင်းပြီး မဖွယ်မရာတွေ လုပ်ခိုင်းတယ်... ယောက်ျားတွေကို တစ်ယောက်နဲ့တစ်ယောက် လိင်မှုကိစ္စပုံစံတွေ လုပ်ခိုင်းတယ်။ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရတယ်။ လိင်ဆက်ဆံမှု အပြည့်အစုံတော့ မဟုတ်ဘူး။... ဒါတွေကို လုပ်ကို လုပ်ရတာ။ "

"ဘီဘီစီက ဒီလိုပုံစံမျိုး တခြား သတင်းအစီရင်ခံချက်တွေ မရရှိခဲ့ပေမဲ့ အစ္စရေးထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့၊ ပါလက်စတိုင်းလူထုအခြေအနေတွေကို စောင့်ကြည့်လေ့လာတဲ့ ပါလက်စတိုင်း အကျဉ်းသားများအသင်းက ကတ်ဇီယော့ထောင်ထဲမှာ အကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာဟာ 'မကြာခဏ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်' တစ်ခုလို့ ပြောပါတယ်။ ဒီအထဲမှာ မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာကနေ လိင်အင်္ဂါတွေကို ရိုက်နှက်တာအထိ ပါဝင်တယ်လို့ ပြောပါတယ်။"

ထိန်းသိမ်းထားသူတွေကို ဖိအားပေးပြီး လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို လုပ်ခိုင်းတယ်ဆိုတဲ့ သက်သေထွက်ဆိုချက်တွေကို အဲဒီစောင့်ကြည့်လေ့လာရေးအဖွဲ့က မရခဲ့ပေမဲ့ အချင်းချင်း ကိုယ်လုံးတီး ကြည့်ခိုင်းတာ၊ တစ်ယောက်ပေါ်တစ်ယောက် ကိုယ်လုံးတီး ပစ်လှဲချခိုင်းတာတွေ လုပ်တယ်ဆိုတာကို ပြောပြကြတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအစောင့်တစ်ယောက်က ထိန်းသိမ်းခံရသူတစ်ဦးကို မုန်လာဥနီနဲ့ မုဒိမ်းကျင့်ဖို့ လုပ်တာအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု စွပ်စွဲချက်တွေကို B'Tselem က စုစည်းပြီး အစီရင်ခံထားပါတယ်။

အကျဉ်းသားတွေကို တစ်ဦးကို တစ်ဦး လိင်မှုပုံစံတွေ လုပ်ခိုင်းတယ်ဆိုတဲ့စွပ်စွဲချက်ကို အစ္စရေးအကျဉ်းထောင်ဌာန (IPS) ကို BBC က မေးခဲ့ပါတယ်။

IPS ကတော့ ကတ်ဇီယော့ ထောင်နဲ့ တခြားထောင်တွေမှာ အကျဉ်းသားတွေကို ကိုင်တွယ်ဆောင်ရွက်တဲ့ နည်းလမ်းနဲ့ အခြေအနေတွေအနေနဲ့ ဘီဘီစီစုဆောင်းရရှိတဲ့ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုစွပ်စွဲချက်တွေ အပါအဝင် ဘာမှ မသိဘူးလို့ ပြန်ဆိုခဲ့ပါတယ်။

"IPS ဟာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ကိုင်ရသလို နိုင်ငံရဲ့ ကြီးကြပ်သူရဲ့ ကြီးကြပ်မှုအောက်ကနေ ပြီးတော့ များစွာသော တရားဝင်ဆန်းစစ်မှုတွေအောက်ကနေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်" လို့ ပြောပါတယ်။

"အကျဉ်းသားအားလုံးကို ဥပဒေအတိုင်းသာ ထိန်းသိမ်းခဲ့ပါတယ်၊ အထူးလေ့ကျင့်ထားတဲ့ ထောင်လုံခြုံရေးတွေနဲ့ လိုအပ်တဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်ပေးထားပါတယ်။ အခုပြောသလို ကိစ္စရပ်တွေ မရှိပါဘူး ပြီးတော့သိထားသလောက်တော့ IPS ထောင်တွေမှာ အဲဒီလို အဖြစ်အပျက်တွေ မဖြစ်ပါဘူး"။

"ဘာပဲဖြစ်ဖြစ်ပါ။ အကျဥ်းသားတွေ၊ ထိန်းသိမ်းခံရသူတွေမှာ တိုင်ကြားခွင့်ရှိသလို အဲဒီလိုတိုင်ကြားရင်လည်း အာဏာပိုင်တွေက တိတိကျကျစစ်ဆေးပြီး ကိုင်တွယ်မှာပါ" လို့ ဆိုပါတယ်။

ကတ်ဇီယော့ထောင်မှာ နံပါတ်တုတ်တွေနဲ့လည်း အရိုက်ခံရတယ်လို့ အိုမာက ပြောပါတယ်။

"ညှင်းပန်းနှိပ်စက်ခံရပြီး ခြေထောက်နဲ့ ကျောက တစ်ညလုံးကို နာနေရော။ အိပ်ရာပေါ်ကနေ အိမ်သာကို အခြားသူတွေက မပြီး ပို့ပေးရတယ်။ ကိုယ်တွေ၊ ကျောတွေ၊ ခြေထောက်တွေရော တစ်ကိုယ်လုံး အညိုအမည်း စွဲနေတယ်။ နှစ်လလောက်ကို မလှုပ်နိုင်ဘူး"။

မစ္စတာမွတ်ရှ်တာဟာကတော့ သူ့ခေါင်းကို တံခါးနဲ့ ပစ်ဆောင့်ပြီးတော့ လိင်အင်္ဂါကို အရိုက်ခံရတယ်လို့ ပြောပါတယ်။

"ကိုယ်တုံးလုံးချွတ်တယ်။ မလှုပ်ရှားနိုင်အောင် လျှပ်စစ်ရှော့ခ် တိုက်တယ်။ နုနယ်တဲ့ နေရာတွေကို ရိုက်တယ်။ သင်းကွပ်လိုက်မယ်လို့လည်း ပြောတယ်" လို့ သူက ပြောပါတယ်။

"အရိုးတွေကို ချိုးပစ်မယ်"လို့ပြောပြီး ရိုက်တာ၊ တခါတလေ ရေနွေးပူတွေကို အကျဥ်းသားတွေ အုပ်စုလိုက်ကြီးပေါ် လောင်းချတယ်လို့ သူက ပြောပါတယ်။

အကြီးအကျယ်ကို နှိပ်စက်တာလို့ ပြောပါတယ်။

ဆေးမကုရဘဲ ပစ်ထားခံရတဲ့ အကြောင်းတွေကိုလည်း မစ္စတာမွတ်ရှ်တာဟာနဲ့ အိုမာတို့နှစ်ယောက်လုံးက ပြောပြပါတယ်။

"လက်တွေလုံး ရောင်ကိုင်းပြီး အရည်ကြည်ဖုထနေတာ" လို့ မစ္စတာမွတ်ရှ်တာဟာက ပြောပါတယ်။

"လူတွေက ကျွန်တေ့ာ်ခြေထောက်တွေကို မြင်ရင် ဖောရောင်နေတာကနေ ဖြတ်ပစ်ရနိုင်လောက်တယ်လို့ တောင်ပြောကြလိမ့်မယ်။ အစောင့်တွေကတော့ လက်တွေခြေထောက်တွေကို ဆပ်ပြာနဲ့ရေနဲ့ဆေးလို့ပဲ ပြောကြပါတယ်။"

"ဒါပေမဲ့ ဘယ်လို လုပ်ရမလဲ။ ကျွန်တော်တို့အားလုံးမှ တစ်နေ့လုံး ရေချိုး ဆပ်ပြာတိုက်ဖို့ တစ်နာရီပဲ ရတယ်။ အပတ်တိုင်းမှာ ခေါင်းလျှော်ရည်ကလည်း ဇွန်းနဲ့ တစ်ဇွန်းပဲရပါတယ်" လို့ သူက ပြောပါတယ်။

"မင်းမှာ နှလုံးခုန်နေသေးသရွေ့၊ မင်း မတ်တပ်ရပ်နိုင်သရွေ့ မင်းက လူကောင်းပဲ။ မင်း နှလုံးမခုန်တော့ရင် လာကုပေးမယ်" လို့ လုံခြုံရေးတွေက သူ့ကို ပြောတယ်လို့ မစ္စတာ မွတ်ရှ်တာဟာက ပြောပါတယ်။

မစ္စတာ မွတ်ရှ်တာဟာ ကြုံခဲ့ရတဲ့ပုံစံက ကျန်တဲ့အကျဥ်းသားတွေလို ပုံစံပါပဲ။ ခြေတွေလက်တွေနဲ့ တင်ပါးဆုံတွေမှာ အပူလောင်ဒဏ်တွေ ခံနေရတယ်။ ပြီးတော့ သန့်သန့်ရှင်းရှင်းလည်း တစ်စက်မှ မရှိသလို ဘယ်လိုဆေး ကုသမှုမျိုးမှလည်း မရဘူးလို့ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ကတ်ဇီယော့ထောင်မှာ အိုမာနဲ့ မစ္စတာ မွတ်ရှ်တာဟာတို့ကို သွားတွေ့ခဲ့တဲ့ ရှေ့နေရဲ့ အစီရင်ခံချက်အရ သိရပါတယ်။

ထောင်ကနေလွတ်လာတဲ့နေ့အထိမှာကို သူ့မှာ ယားနားတွေ စွဲနေတယ်ဆိုတဲ့အကြောင်း အတည်ပြုထားတဲ့ ဂါဇာက ဆရာဝန်ရဲ့ ဆေးထောက်ခံချက်ကိုလည်း မစ္စတာ မွတ်ရှ်တာဟာ ဘီဘီစီကို ပေးခဲ့ပါတယ်။

ဆေးကုသပေးဖို့ တောင်းဆိုသူတွေလည်း အရိုက်ခံကြရတယ်လို့ အိုမာက ပြောပါတယ်။

ထောင်ထဲက တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ချို့တဲ့မှုနဲ့ ရေမသန့်တာတွေလို ကြမ်းတမ်းတဲ့အခြေအနေတွေ ကြောင့် အိုမာရဲ့ ပေါင်ခြံနဲ့ တင်ပါးဆုံက "အ‌ရေပြားပေါ်မှာ အဖုတွေ ပျံ့နေတာ" ကို ဂရုစိုက်ဖို့လိုတယ်လို့ ရှေ့နေက မှတ်ချက်ပြု ခဲ့ပါတယ်။

"ရေချိုးလိုက်မှ အရေပြားတွေ ယားတာ၊ ရောင်တာမျိုးတွေ ဖြစ်လာလို့ ကိုယ်ရေချိုးရမယ့် အချိန်ကျရင်တောင် မချိုးဖို့ ရှောင်သွားကြတယ်လို့ အကျဥ်းသားတွေက ပြောကြတယ်။"

အစာနဲ့ ရေကိုလည်း ကန့်သတ်ပြီး ပေးသလို အကျဥ်းထောင်အတွင်း ထိန်းသိမ်းထားစဥ်မှာ သူတို့ ကိုယ်အလေးချိန်တွေ တော်တော်ကျသွားခဲ့တယ်လို့ အကျဥ်းသားတွေက ပြောပါတယ်။

ကိုယ်အလေးချိန် ပေါင် ၆၀ ကျသွားခဲ့တယ်လို့ အိုမာက ပြောပါတယ်။ ရှေ့နေက အိုမာက သူ့ကို ပထမလအနည်းငယ်မှာ စားစရာ 'လုံးဝ မရှိသလောက်' ပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာ အခြေအနေတွေ 'နည်းနည်းရလာတယ်' လို့ ပြောပြတယ်လို့ ပြောတယ်။

အစားအသောက်တွေကို ကြောင်တွေနဲ့ ငှက်တွေ အရင် စားသွားအောင် သူတို့အကျဥ်းခန်းတွေ အပြင်ဘက် ခြံဝင်းထဲမှာ ချထားခဲ့တယ်လို့ မစ္စတာမွတ်ရှ်တာဟာက ပြောပါတယ်။

သူရဲ့ အသက် ၁၇ နှစ်ပြည့် မွေးနေ့မှာ ဖမ်းဆီးခံရပြီး အနောက်ဘက်ကမ်း အနီးက မက်ဂီဒို အကျဥ်းထောင်ကို ခေါ်ဆောင်ခံခဲ့ရတယ်လို့ နောက်ထပ်တွေ့ဆုံမေးမြန်းခဲ့သူ အာမတ် အဘူဆိတ်ဖ်က ပြောပါတယ်။

အစ္စရေးအာဏာပိုင်တွေဟာ သူတို့ အကျဥ်းခန်းတွေထဲကို ပုံမှန် ဝင်စီးတတ်ပြီး မျက်ရည်ယို ဓာတ်ငွေ့ တွေလည်း ဖြန်းတယ်လို့ သူက ပြောပါတယ်။

"မျက်ရည်ယိုဓာတ်ငွေတွေ ဖြန်းသွားပြီးရင် လေးရက်ကြာတဲ့အထိ အသက် ကောင်းကောင်း မရှူနိုင်ကြပါဘူး"လို့ အာမတ်ရဲ့ အဆိုအရ သိရပါတယ်။

သူ့ကို လူငယ်အကျဥ်းထောင်မှာ ထားခဲ့တာလို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ကို ကလေးတွေလို့ မသတ်မှတ်ဘူး။ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုက စစ်သွေးကြွတွေလိုပဲ ဆက်ဆံကြတာ။"

စစ်ဆေးမေးမြန်းတုန်းက သူ့လက်သည်းခွံတွေလည်း အခွာခံရတယ်လို့ သူက ပြောပါတယ်။

သူလွတ် လာပြီးနောက်တစ်နေ့မှာ ဘီဘီစီက မှတ်တမ်းတင်ခဲ့တဲ့အချိန်တုန်းကဆိုရင် သူရဲ့ ခြေသည်းတချို့မှာ အဲဒီ အချိန်ထိအောင် ခြေသည်း ခွာထုတ်ထားတာတွေရှိနေသေးတာ ပြခဲ့ပါတယ်။ သူ့လက်တွေ ပေါ်မှာလည်း အမာရွတ်တွေကို ပြပါတယ်။ အဲဒါတွေက လက်ထိတ်ကို တင်းတင်းခတ်ထားတာတွေကြောင့်နဲ့ ခွေးကုတ်ခြစ်ထားတဲ့အရာတွေ ဖြစ်ပါတယ်။

အဲဒီ စွပ်စွဲချက်တွေကို IPS က ဘာမှ ပြန်မတုံ့ပြန်ပါဘူး။

အကျဉ်းသားနှစ်ယောက်က ဆဒီတိုင်မန်နဲ့ ကတ်ဇီယော့ ထောင်တွေမှာ တခြားအကျဉ်းသားတွေ သေဆုံးသွားတာကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ယောက်က ခွေးတွေနဲ့လိုက်ကိုက်တာ အပါအဝင် ရိုက်နှက်မှုကြောင့်၊ နောက်တစ်ယောက်က ဆေးကုခွင့်မရတာကြောင့် သေဆုံးခဲ့တာလို့ ပြောပါတယ်။

သူတို့ပြောပြတဲ့ ဖြစ်စဥ်တွေက နာမည်နဲ့ ရက်စွဲတွေက လူ့အခွင့်အရေးအဖွဲ့နဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ ကိုက်ညီနေပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့က စပြီး အစ္စရေးက ဖမ်းဆီးခဲ့တဲ့ ပါလက်စတိုင်း အနည်းဆုံး ၆၃ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲကမှ အယောက် ၄၀ ဟာ ဂါဇာက ဖြစ်ပါတယ်။

အဖမ်းခံထားရချိန် သေဆုံးသွားတဲ့ ပါလက်စတိုင်းတွေအကြောင်း မေးမြန်းတာကို IPS က ပြန် မဖြေပါဘူး။

"တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရတာ၊ ဒါမှမဟုတ် အရင်ကတည်းက ရောဂါရှိတာတွေကြောင့် ထိန်းသိမ်းခံရသူတွေ သေဆုံးတာတွေရှိတာကိုတော့ သိရှိခဲ့ပါတယ်" IDF ရဲ့ က ပြောပါတယ်။

"လုပ်ထုံးလုပ်နည်းအရတော့ စစ်ရဲ မှုခင်းစုံစမ်းမှုဌာနက အမှုဖွင့်ပြီး အကျဥ်းသား သေဆုံးမှုတိုင်းကို စစ်ဆေးနိုင်ပါတယ်" လို့လည်း ပြောပါတယ်။

သူတို့လွတ်လာတဲ့ ဖေဖော်ဝါရီလအထိကို ညှင်းပန်းနှိက်စက်တာတွေ ခံခဲ့ခဲ့တယ်လို့ ဖမ်းဆီးခံခဲ့ရသူတချို့က ပြောပါတယ်။

"လွှတ်တဲ့နေ့မှာကို ရက်ရက်စက်စက် ဆက်ဆံတာ။ လက်ထိတ်တွေကို တင်းကြပ်နေအောင် လုပ်ထားတာ ဟိုဒီရွှေ့စေချင်ရင် ခေါင်းပေါ်ကို လက်တင်ထားခိုင်းပြီး အဲဒီလက်တွေကနေ ဆွဲတာ" လို့ မစ္စတာ မွတ်ရှ်တာဟာကပြောပါတယ်။

"ဟားမတ်စ်နဲ့ တစ်နည်းနည်းနဲ့ဆက်စပ်တာ၊ ပူးပေါင်းတာဖြစ်ဖြစ်လုပ်ရင် မင်းတို့ကို ပစ်မှတ်ထားမှာပဲလို့ သူတို့က ပြောကြောင်း ပြန်ပြောပြပါတယ်။"

"ဒုံးကျည်တွေကို မင်းတို့ဆီကို တည့်တည့်ကို ပစ်မှာ" လို့ ပြောတယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲတဲ့ ဇန်နဝါရီလနောက်ပိုင်းမှာ အခြေအနေတွေက ပိုဆိုးလာတယ်လို့ အသက် ၁၇ နှစ် အရွယ် အာမတ်က ပြောပါတယ်။

"မကြာခင်မှာ ကျွန်တော်တို့ကို လွှတ်ပေးရတော့မယ်ဆိုတာကို သိလာတော့ ဒေါသတကြီးနဲ့ ပိုပြင်းပြင်းထန်ထန် နှိပ်စက်လာတယ်။"

ဂါဇာကိုပြန်ပို့ပေးဖို့အတွက် ကြက်ခြေနီကားပေါ်ကို လွှဲပြောင်းပေးလိုက်တဲ့ အချိန်ရောက်ပြီးမှပဲ "အန္တရာယ်ကင်းပြီ"လို့ ခံစားခဲ့ရတယ်လို့ အိုမာက ပြောပါတယ်။

မှတ်တမ်းဗီဒီယိုတွေမှာတော့ ထိန်းသိမ်းခံရသူတွေက အစ္စရေး သင်္ကေတ ခြောက်ထောင့်ကြယ်နဲ့ အတူ "ငါတို့ မမေ့ဘူး။ ခွင့်မလွှတ်ဘူး"ဆိုတဲ့ အာရဗီဘာသာစကားနဲ့ ရေးထားတဲ့ ရှပ်အင်္ကျီ ဝတ်ပြီး ပြန်လာကြတာပါ။

ဂါဇာက ဥရောပဆေးရုံမှာ တာဝန်ရှိသူတစ်ဦးက ပြန်လာတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေကို အကဲဖြတ်တဲ့အခါ ယားနာလို အရေပြားရောဂါတွေ ဖြစ်နေပြီး "တော်တော်ပိန်ချုံးပြီး အာဟာရချို့တဲ့တာတွေ"၊ "ညှဉ်းပန်းခံထားရတဲ့ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ" အများအကြီး တွေ့ရတယ်လို့ ပြောပါတယ်။

"အကျဉ်းသားတွေကို ဓာတုပစ္စည်းတွေ နဲ့ မီးရှို့တာ၊ ခေါင်းနှစ်တာ၊ လျှပ်စစ်ရှော့ခ်တိုက်တာ၊ ခြေသည်းခွာတာနဲ့ အပြင်းအထန်ရိုက်နှက်တာတွေဟာ ညှဉ်းပန်းနှိပ်စက်မှုလို့ နိုင်ငံတကာအဖွဲ့တွေက အသိအမှတ်ပြုထားတဲ့ လုပ်ရပ်တွေနဲ့ အတိအကျ ကိုက်ညီပါတယ်" လို့ ဥပဒေပညာရှင် ဒေါက်တာ လော့ရင့်စ်ဟေး ကော်သရုန်းက ပြောပါတယ်။

"နာကျင်စေမယ့် အနေအထားတွေနဲ့ ထားတာ၊ သီချင်းသံအကျယ်ကြီးတွေ ဖွင့်ထားတာလည်း ညှဉ်းပန်းမှုထဲမှာ ပါတယ်" လို့ သူက ဆက်ပြောပါတယ်။"

ပြန်လွတ်မြောက်လာသူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ကတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ပေးရမှာ ဖြစ်တဲ့အတွက် တစ်ယောက်ချင်းစီရဲ့ အခြေအနေတွေကို မှတ်ချက်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု နောက်ပိုင်းကစပြီး ခွင့်မပြုတော့တဲ့၊ အကျဉ်းကျခံနေဆဲသူတွေကို တွေ့ခွင့်ရဖို့ စိတ်အားထက်သန်နေတယ်လို့လည်း ICRC က ပြောတယ်။

"ICRC က အကျဉ်းသားတွေရဲ့ အခြေအနေကို အင်မတန် စိုးရိမ်နေဆဲဖြစ်ပြီး အကျဉ်းစခန်းအားလုံးကို ပြန်သွားရောက်နိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ထပ်ပြောပါတယ်။

နှစ်ဖက်ညှိနှိုင်းမှုတွေနဲ့ သီးသန့်ဆွေးနွေးပွဲတွေကနေတစ်ဆင့် ဝင်ရောက်ခွင့်ကို ICRCက ဆက်တောင်းဆိုနေတုန်းပါ" လို့ ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံရတဲ့ ဓားစာခံ ၅၉ ဦးက ဂါဇာမှာ ထိန်းသိမ်းခံနေရဆဲပါ။ အဲဒီထဲက ၂၄ ဦးက အသက်ရှင်နေတယ်လို့ ယုံကြည်ရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ၁၈ လ လုံး ICRC ကို သူတို့ဆီ သွားရောက်ခွင့် တစ်ကြိမ်မှ မပေးခဲ့ပါဘူး။ ပြီးတော့ သူတို့ရဲ့ မိဘဆွေမျိုးတွေက သူတို့ရဲ့ ကောင်းကောင်းမွန်မွန် ရှိရဲ့လားလို့ စိုးရိမ်ပူပန်မှုတွေ ကြီးမားစွာ ရှိနေကြတယ်။

ပါလက်စတိုင်းအကျဉ်းသားတွေ ဂါဇာကို ပြန်ရောက်ချိန်ဟာ ဝမ်းနည်းဝမ်းသာ ဖြစ်ရချိန်ပါပဲ။

သူပြန်လွတ်လာတဲ့အချိန်တုန်းက သူ့ပုံကိုကြည့်ပြီး သူ့မိသားစုက အရမ်းအံသြခဲ့ကြတယ်လို့ မစ္စတာ အဘူတာဝီလာက ပြောပါတယ်။ ဒါတွေကို အခုထိ ခံစားနေရတုန်းပဲလို့လည်း သူက ပြောပါတယ်။

"မျက်စိနဲ့ အခြားထိခိုက်ထားတာတွေကြောင့် ဘာမှကို မလုပ်နိုင်မကိုင်နိုင် ဖြစ်နေပြီ။ ပြီးတော့ မျက်ရည်တွေ ကျပြီး ယားတာတွေနဲ့ မီးလောင်ခံထားရတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ယားနေတာ၊ အဲဒါတွေက အရမ်း စိတ်ရှုပ်စရာကောင်းတယ်" လို့ သူက ပြောပါတယ်။

ဆယ်ကျော်သက်အရွယ် အာမတ်ကတော့ အခု ဂါဇာကနေ သူထွက်သွားချင်ပြီလို့ ပြောပါတယ်။

"ကျွန်တော်တို့ အဖမ်းခံထားရတုန်းက မြင်ခဲ့ရတာတွေ၊ ခေါင်းပေါ်ကို ဗုံးတွေကျလာမှာကို အမြဲစိုးရိမ်နေရတဲ့ စိတ်ဒဏ်ရာတွေကြောင့် တခြားကို ပြောင်းချင်နေပြီ။ သေချင်ပေမဲ့လည်း သေလို့မရဘူး။"