စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဥပဒေသစ်နဲ့ NLD၊ မြန်မာ့နိုင်ငံရေးပါတီတွေရဲ့ အနာဂတ်

နိုင်ငံရေးပါတီဝင်အင်အားတွေကို အများအပြားတိုးမြှင့်သတ်မှတ်တာ၊ ဘဏ္ဍာရေးအခြေအနေကို တိုးမြှင့်သတ်မှတ်လိုက်တာနဲ့ မြို့နယ်ရုံး အများအပြား ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်အသစ်တွေထည့်သွင်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို စစ်ကောင်စီက ရေးဆွဲပြီးပြီလို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီဥပဒေသစ်ကို သိရှိထားတဲ့သူတွေအပြောအရတော့ ဥပဒေပါအချက်တွေဟာ စစ်ကောင်စီက စိတ်ကြိုက်ရေးဆွဲထားတာဖြစ်ပြီး ထုတ်ပြန်ဖို့ စိုင်းပြင်းနေတဲ့ အဲဒီဥပဒေကြောင့် နိုင်ငံရေးပါတီတွေ ဆက်လက်ရပ်တည်နိုင်ရေး ခေါင်းခဲစရာဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အသစ် ပြန်လည်ရေးဆွဲပြီး ရှေ့နေချုပ်ရုံးကို ပို့ထားပြီလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ပြောခွင့်ရသူ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက စစ်ကောင်စီရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ အတွင်း ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာပါ။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဆိုတာ နိုင်ငံရေးပါတီတစ်ရပ်ဖွဲ့စည်းခြင်းကို ရွေးကောက်ပွဲ ကော်မရှင်မှာ စာရင်းသွင်းနိုင်ရေးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်တွေ၊ အဲဒါအပြင် ပါတီဖွဲ့စည်းပုံတွေ၊ ပါတီဝင်အင်အား သတ်မှတ်ချက်တွေ၊ ဘဏ္ဍာရေးဆိုင်ရာသတ်မှတ်ချက်စတာတွေကို ဥပဒေအဖြစ် ပြဋ္ဌာန်းထားတဲ့အချက်တွေ ပါဝင်တဲ့ဥပဒေတစ်ရပ်ဖြစ်ပြီး နိုင်ငံရေးပါတီတွေအားလုံးလိုက်နာရတဲ့ဥပဒေလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရေးထားတဲ့ ဥပေဒအသစ်ထဲမှာတော့ ပြည်‌ထောင်စုတဝန်းလုံးစည်းရုံးမယ့် နိုင်ငံရေးပါတီတစ်ခုအတွက် ဘဏ္ဍာရေးသတ်မှတ်ချက် သိန်းတစ်ထောင်၊ ပါတီဝင်အင်အား ၁ သိန်း နဲ့ ပါတီမြို့နယ်ရုံးတွေကို နိုင်ငံအတွင်း မြို့နယ် ၃၃၀ ရဲ့ အနည်းဆုံး ထက်ဝက်မှာ ဖွင့်လှစ်ထားရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေ ထည့်သွင်းထားတယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ ဒီဥပဒေသစ်ကို သိရှိတဲ့သူတွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ပြည်နယ်နဲ့ တိုင်းအခြေစိုက် စည်းရုံးဆောင်ရွက်မယ့် နိုင်ငံရေးပါတီ တစ်ခုအတွက် တော့ ဘဏ္ဍာရေးသတ်မှတ်ချက် သိန်းတစ်ရာ၊ ပါတီဝင်အင်အား တစ်သောင်း စတဲ့သတ်မှတ် ချက်အသစ်တွေ ပါလာဖို့ရှိနေပါတယ်။

ပြည်နယ်အခြေစိုက်ပါတီတွေအတွက် မြို့နယ်ရုံးအရေအတွက် သတ်မှတ်ချက်ကိုတော့ ထည့်သွင်းတာမျိုး မရှိဘူးလို့ သိထားရပါတယ်။

ရှိခဲ့ပြီးသား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာတော့ ပြည်ထောင်စုအဆင့်ပါတီအတွက် ဘဏ္ဍာရေး သတ်မှတ်ချက်ကိုကန့်သတ်ထည့်သွင်းထားတာမရှိသလို၊ ရုံးအရေအတွက်ကိုလည်း ကန့်သတ်ထားတာ လည်းမရှိပါဘူး။ နိုင်ငံရေးပါတီဝင်အင်အားကိုတော့ တစ်ထောင် လို့သာသတ်မှတ်သလို၊ ပြည်နယ်နဲ့ တိုင်း အဆင့်ပါတီတွေအတွက်တော့ ပါတီဝင်အင်အား ၅၀၀ လို့သတ်မှတ်ထားတာပါ။

အခုလို့ သတ်မှတ်ချက်အသစ်တွေကို ဘယ်နိုင်ငံရေးပါတီကိုမှ တရားဝင်းထုတ်ဖော်ပြောပြတာမရှိသေးပေမဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေထံကနေ အခုလိုအချက်အလက်တွေကို သိထားရတာလို့ နိုင်ငံရေးပါတီဝင်အချို့ထံကသိရပါတယ်။

ပါတီတွေ ဘာကြောင့် ဝေဖန်

အခုသတ်မှတ်ချက်တွေက နိုင်ငံရေးပါတီအများစုအတွက်တော့ အခက်အခဲဖြစ်စေတဲ့ သတ်မှတ်ချက်တွေ လို့ လက်ရှိရပ်တည်နေတဲ့ နိုင်ငံတဝန်း ပြည်နယ်၊ တိုင်း အခြေစိုက်စည်းရုံးတဲ့ နိုင်ငံရေးပါတီတွေက ဝေဖန် နေကြပါတယ်။

ဥပဒေသစ်ရေးဆွဲရေး၊ ထည့်သွင်းသင့်တဲ့အချက်အလက်တွေကို အမှန်တကယ် လိုက်နာရမယ့် နိုင်ငံရေး ပါတီတွေနဲ့ တစ်ကြိမ်တခါမျှ ထိတွေ့ ဆွေးနွေးတာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

နိုင်ငံရေးပါတီတွေရပ်တည်နိုင်ရေးခက်ခဲစေမယ့် ကန့်သတ်ချက်တွေထည့်သွင်းပြီး ဥပဒေထုတ်ပြန်မယ့် လုပ်ရပ်လို့ ပါတီတချို့က ဒါကိုရှုမြင်နေပြီး ပါတီတွေကိုယ်တိုင်ဖျက်သိမ်းသွားရမယ့် အခြေအနေမျိုးကိုဆိုက်ရောက်သွားစေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ ပါတီအချို့ ကတော့ ဝေဖန်ကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ နိုင်ငံရေးပါတီတွေ ကျစ်လျစ်ပြီး အားကောင်းတဲ့နိုင်ငံရေးပါတီတွေဖြစ်လာအောင် လို့လုပ်ဆောင်တာလို့ အကြောင်းပြချက် ပေးထားပါတယ်။

အခုလို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွေအသစ်ပြန်ရေးတာ၊ မဲစာရင်းပြုစုနိုင်ရေးလုပ်ဆောင် နေတာတွေကလည်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီး သိပ်မကြာခင်မှာ ပေးထားဖူးတဲ့ ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်၊ သြဂုတ် လမှာကျင်းပမယ် ဆိုတဲ့ကတိအတိုင်း အကောင်အထည်ပေါ်လာရေး လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးပါတီတွေက ယူဆကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲပြင်ဆင်မှုတွေမှာတော့ ရွေးကောက်ပွဲစနစ်ပြင်ဆင်ရေးအတွက်သာ နိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေသစ်ရေးတာအပြင် အခြားသော လုပ်ငန်း စဥ်တွေကိုတော့ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်သာ လုပ်ဆောင်နေတာကိုတွေ့ရပါတယ်လို့ ပါတီတွေဘက်က ပြောပါတယ်။

ပါတီမှတ်ပုံတင်ဥပဒေအသစ်နဲ့ NLD ပါတီ အနာဂတ်

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကို မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် အားလုံးနီးပါးကို စစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှု အချက်အလက်တွေ တွေ့ရှိရပြီး ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အာဏာပိုင်တွေ ဝင်ရောက်စွက်ဖက်ခဲ့တာကို အထောက်အထားတွေတွေ့ရတာကြောင့် ဥပဒေနဲ့မညီ ကြိုတင်ဆောင်ရွက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေး ပါတီအဖြစ်ကနေ ပယ်ဖျက်ဖို့ စီစဉ်သွားမှာဖြစ်ပြီး ပါတီကတာဝန်ရှိသူတွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲ ဆိုသွားမယ်လို့ ကော်မရှင်ဉက္ကဋ္ဌ ဦးသိန်းစိုးက ၂၀၂၁ ခုနှစ် မေလ မှာ ပြောကြားခဲ့ပါတယ်။

ဦးသိန်းစိုးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက် ပွဲကော်မရှင်မှာလည်း ဥက္ကဋ္ဌ အဖြစ်ကြီးကြပ်ခဲ့တဲ့ စစ်ဥပဒေချုပ်ဟောင်းပါ။ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ လည်း မဲမသမာမှုတွေအပြင် ကြိုတင်မဲများစွာနဲ့ စစ်တပ်အလိုကျတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က NLD ကိုဖျက်သိမ်းဖို့ ပြင်ဆင်လာချိန်မှာပဲ တရုတ်ကွန်မြူနစ် ပါတီနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တဲ့ NLD ပါတီအပေါ် တရုတ်ကွန်မြူနစ်ပါတီက ကျေးဇူးတင်ကြောင်းပြန်ကြားမှု၊ အရှေ့အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်တို့ရဲ့ အာဏာသိမ်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတွေက နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖိတ်ကြားမှုတွေရှိလာခဲ့ပါတယ်။

ပါတီကိုဖျက်သိမ်းဖို့ စစ်ကောင်စီကော်မရှင် ဥက္ကဋ္ဌအတိအလင်းထုတ်ပြောပြီး ၂လကျော်အကြာမှာပဲ မစ္စတာ ဆွန်ကော့ရှန်က အာဏာသိမ်းခေါင်းဆောင်တွေနဲ့ တွေ့ချိန်မှာ NLD ကိုဖျက်သိမ်းမှု မလိုလားတဲ့ပြောဆိုမှုနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ NLD အပေါ်အသိအမှတ်ပြု လုပ်ဆောင်ပြုမှုတွေကြောင့် ပါတီဖျက်သိမ်းနိုင်ဖို့ စစ်တပ်ရဲ့ ကြိုးပမ်း လုပ်ဆောင်ချက်တွေ အဲဒီနောက်ပိုင်းမှာ ထပ်မံထွက်ပေါ်ခဲ့တာ မတွေ့ရတော့ပါဘူး။

ဒါပေမဲ့ အခုတော့ အသစ်ရေးဆွဲထားတယ်ဆိုတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပါတီရပ်တည် နိုင်ရေးအခက်အခဲဖြစ်စေတဲ့ အချက်တွေကိုထည့်သွင်းပြီး NLD အပါအဝင် နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ရေး အကျပ်ရိုက်စေမယ့် လုပ်ဆောင်ချက်ကို ပြန်လည်အစပျိုးလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ယူဆပြောဆိုကြပါတယ်။

"ကော်မရှင်ကိုယ်တိုင်က တရားဥပဒေနဲ့ မညီညွတ်ဘဲ ဖွဲ့ထားတာမို့ သူတို့လုပ်သမျှ ဥပဒေအရ တရားမဝင် သလို၊ ဥပဒေနဲ့အညီလည်း သူတို့လုပ်မှာမဟုတ်၊ ရွေး‌ကောက်ပွဲကို အသုံးချပြီး သူတို့လိုချင်တဲ့ ရလာဒ်ကို အဓမ္မရယူဖို့ ကြ့စည်နေတာပါ" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ ပြောခွင့်ရသူ ဦးကျော်ထွေးက ဘီဘီစီကိုပြောပါတယ်။

မထုတ်ပြန်လာသေးတဲ့ ရွေးကောက်ပွဲကော်မရှင်က ရေးစွဲထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အပေါ်တော့ ကြိုတင်မှတ်ချက်မပေးနိုင်သေးဘူးလို့ ‌ဦးကျော်ထွေးက ပြောပါတယ်။

ပါတီတွေများခဲ့တဲ့ အတိတ်သမိုင်းနဲ့ အာဏာသုံးဖျက်သိမ်းမှု

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကို ထိန်းသိမ်းနိုင်ဖို့ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ စစ်တပ်က ပြောဆိုခဲ့ပြီးနောက် နိုင်ငံရေးပါတီတွေ အများအပြားရှိလာအောင်လည်း စစ်တပ်က လုပ်ခဲ့ဖူးပါသေးတယ်။

အဲဒီတုန်းကတော့ နိုင်ငံရေးပါတီတွေအများအပြားပေါ်လာဖို့အတွက် မက်လုံးပေး ဖွဲ့စည်းခိုင်းတာမျိုး တွေလည်း လုပ်ခဲ့ပါတယ်။

နိုင်ငံရေးပါတီတစ်ခုဖွဲ့ရင် ဓာတ်ဆီတစ်တိုင်ကီ ပေးမှာ၊ တယ်လီဖုန်းလိုင်းတလိုင်းပေးမယ်ဆိုတဲ့ ဆွဲဆောင်ချက်မျိုးနဲ့ပါ။

အဲဒီလိုဆွဲဆောင်မှုတွေရှိခဲ့လို့လည်း ၁၉၉၀ ရွေးကောက်ပွဲရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးပါတီပေါင်း ၂၃၀ ကျော်လောက်ကို ရှိခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့နောက် ၁၉၉၂ခုနှစ် အတွင်းမှာပဲ နိုင်ငံရေး ပါတီ ၁၀ ပါတီကိုသာ ချန်ခဲ့ပြီး ကျန်တဲ့ နိုင်ငံရေးပါတီအားလုံးကို အာဏာသိမ်းတဲ့ စစ်တပ်က ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီတုန်းက ရွေးကောက်ပွဲကိုနေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတိုကတော့ ဖျက်သိမ်းမခံရတဲ့ နိုင်ငံရေးပါတီ ၁၀ ခုထဲမှာပါခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ နေရာအတန်အသင့်နိုင်ခဲ့ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီး စတဲ့ပါတီတွေကိုတော့ ဖျက်သိမ်းခံရတဲ့အထဲမှာပါဝင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီတွေ ဖောင်းပွမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဥပေဒတွေထဲ နိုင်ငံရေးပါတီတွေရပ်တည်နိုင်ဖို့ ခက်ခဲစေတဲ့ ပြဋ္ဌာန်းချက်တွေထည့်သွင်းတာက ပါတီတွေ ကိုယ်တိုင် ဖျက်သိမ်းသွားမယ့် အခြေအနေကို ဦးတည်လုပ်ဆောင်တာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်က သုံးသပ်ပါတယ်။

အခုလိုသတ်မှတ်ချက်တွေထည့်သွင်းထားတဲ့ ဥပဒေကိုထုတ်ပြန်လာခဲ့ရင် နိုင်ငံရေးပါတီတွေအားလုံးဟာ ပါတီမှတ်ပုံတင်တဲ့လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ရနိုင်တယ်လို့ နိုင်ငံရေးပါတီတွေက ယူဆထားကြပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်မတင်ကြဘူးလို့ ဆုံးဖြတ်တဲ့ နိုင်ငံရေးပါတီတွေက အလို လျောက်ပယ်ဖျက်ခံရတဲ့အခြေအနေမျိုးကြုံလာရနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

၂၀၁၀ ခုနှစ်တုန်းကလည်း အလားတူဖြစ်စဥ်မျိုးရှိခဲ့ဖူးပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ရောက်ခဲ့သလို၊ ပါတီမှတ်ပုံပြနတင်တာမျိုးကိုလည်း မလုပ်ခဲ့တဲ့ဖြစ်စဥ်မျိုး ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၂၀၁၀ နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးခဲ့တဲ့နောက် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခဲ့အပြီး ပါတီကို မှတ်ပုံပြန်တင်ခဲ့တာ။ နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင် အယောက် ၄၀ ကျော် လွှတ်တော်ထဲ ရောက်ရှိလာတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

အခြားနိုင်ငံရေးပါတီတွေရဲ့ ကန့်ကွက်မှု ပြင်ဆင်မှုတွေ

ရှေ့နေချုပ်ရုံးရောက်နေတယ်ဆိုတဲ့ အဲဒီဥပဒေကြောင့် လက်ရှိပြည်တွင်းမှာဆက်လက်ရှိနေတဲ့ နိုင်ငံရေးပါတီတွေက အခြေအနေကိုအကဲခတ်ပြီး လှုပ်ရှားပြင်ဆင်စပြုလုပ်တာတွေလည်းရှိပါတယ်။

ဒီဥပဒေမှာထည့်ထားတယ်ဆိုတဲ့ လူထုထောက်ခံမှု၊ ဘဏ္ဍာရေးအခြေအနေစတဲ့အချက်တွေက တချို့ ပါတီငယ်တွေအတွက် အဓိကထိုးနှက်ချက်ဖြစ်လာပါတယ်။

ပြည်ထောင်စုတဝန်း စည်းရုံးတဲ့ပါတီတွေအတွက် မြို့နယ်ထက်ဝက်လောက်မှာရုံးဖွင့်ဖို့ သတ်မှတ်ချက်က လည်း ပါတီအများစုအတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း မွန်ညီညွတ်ရေးပါတီက ပါတီရုံးသတ်မှတ်ချက်ဟာ မြေပြင်မှာရပ်တည်လုပ်ဆောင် ရမယ့် ပါတီတွေအတွက် လွယ်ကူကိုက်ညီတဲ့ သတ်မှတ်ချက်မဟုတ်တာကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ကန့်ကွက်ဖို့ ပြင်ဆင်ထားတယ်လို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်စံတင်က ဘီဘီစီကိုပြောပါတယ်။

အဲဒါအပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို စစ်ကောင်စီဘက်ကထုတ်ပြန်လာခဲ့ရင် ရန်ကုန်မှာ အများစုအခြေစိုက်ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း ပါတီတွေဆက်လက်ရပ်တည်နိုင်ဖို့ စုပေါင်း ပြီး ပါတီတွေကို ပြန်လည်ဖွဲ့စည်းဖို့ကို ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘယ်လိုအသေးစိတ်လုပ်ဆောင်နေတယ်ဆိုတာကိုတော့ နိုင်ငံရေးပါတီတွေက ထုတ်ပြန်ပြောပြ တာမျိုးမရှိပါဘူး။

"ပါတီဝင်အင်အားရော၊ ရန်ပုံငွေအင်အားရောရနိုင်သလောက်တိုးနိုင်သလောက် ဒီကာလအားစိုက်လုပ်နေတယ်၊ သို့သော်အကန့်အသတ်တွေတော့ရှိတာပေါ့၊ လူမှုစီးပွားရေး၊ လုံခြုံရေးအရလျော့နည်းနေချိန်စည်းရုံးရတာ အရင်လိုတော့မလွယ်ဘူးခက်တယ်။ တကယ်လို့မှ ကိုယ်တိုင်မရပ်တည်နိုင်ရင်တော့ အခြားအစီအစဥ်ကိုစဥ်းစားရမှာပေါ့၊” တက်နိုင်သလောက် ရပ်တည်နိုင်ဖို့တော့ ကြိုးစားနေတယ်။ နဂိုကတည်းက မိတ်ဖြစ်ဆွေဖြစ်စကားပြောထားတဲ့ပါတီတွေရှိတယ်။ တကယ်လို့ကြုံလာပြီဆိုရင်တော့ အချင်းချင်းစုပေါင်းဖြေရှင်း၊ ရင်ဆို၊ တိုင်ပင်ဖို့လိုမှာပါ။ အသေးစိတ်တော့ မပြောနိုင်ပါဘူး” လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ပြောခွင့်ရသူ ‌ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။

အလားတူ ပြည်နယ်တွေမှာ တိုင်းရင်းသားမျိုးနွယ်စုတွေအပေါ်မှာ အခြေတည် တည်ထောင်ထားကြတဲ့ နိုင်ငံရေးပါတီတွေအပေါ်မှာလည်း ပြောင်းလဲသတ်မှတ်မယ့်သတ်မှတ်ချက်တွေက ကြီးကြီးမားမား ထိုးနှက် ချက်တွေဖြစ်လာမယ်လို့ ရခိုင်၊ ကရင်အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ဝေဖန်နေကြပါတယ်။

ကရင့်နိုင်ငံရေးပါတီတွေထဲမှာလည်း ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)တို့ ပေါင်းစည်းနိုင်ရေးအတွက် ဆွေးနွေးပြောဆိုမှုတွေ စဥ်းစားလုပ်ဆောင်တဲ့အထိကို ရှိလာပါတယ်။

ဥပဒေသစ် ဘယ်တော့ ထွက်ပေါ်လာနိုင်မလဲ

ပါတီဝင်အင်အား အများအပြားသတ်မှတ်ချက်၊ ငွေကြေးသတ်မှတ်ချက်၊ ပါတီရုံးသတ်မှတ်ချက်တွေပါတဲ့ အဲဒီဥပဒေသစ်ဟာ နိုဝင်ဘာလအတွင်းမှာပဲ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုရောက်ရှိနေတယ်လို့ သိထားရ ပါတယ်။

အဲဒီအချက်တွေဟာ လက်တွေ့လုပ်ဆောင်နိုင်ဖို့မဖြစ်နိုင်တာရယ်၊ ပါတီတွေရပ်တည်နိုင်ရေး ထိခိုက်မှု ရှိတာကြောင့် ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ နိုင်ငံရေးပါတီတွေကတော့ ဝေဖန်တာလည်းရှိပါတယ်။

အဲဒါအပြင် အာဏာသိမ်းအဖွဲ့ စစ်ကောင်စီထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေကြတဲ့ နိုင်ငံရေးပါတီအချို့က အကြီး အကဲတွေရဲ့ ကန့်ကွက်မှုတွေကြောင့်လည်း စစ်ကောင်စီကထုတ်ဖို့ ကြံရွယ်နေတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဟာ အချိန်ကြန့်ကြာနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ် တချို့ထံက သိရပါတယ်။

“အဲဒီဥပဒေက ပါတီတွေအတွက်အခက်အခဲဖြစ်တဲ့အရာတွေကို အစည်းအဝေးမှာ ပြန်တင်ပြတဲ့အတွက် အဲဒီဥပဒေကိုတော့ ပြန်ရုပ်သိမ်းထားတယ်၊ အတည်မပြုသေးဘူး၊ နဂိုကပြဋ္ဌာန်းပြီးသွားပြီ။ အဲဒါကို အစည်း အဝေးမှာ ပြန်ပြင်ဆင်ပေးဖို့ ပြောလို့ ပြန်ရုပ်ထားတယ်” လို့ လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်သလို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေရဲ့ ကိုယ်ရေး အရာရှိက ဘီဘီစီကို ဖြေကြားထားပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီက ကတိပြုထားတဲ့အချိန်အတိုင်းသာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အချိန်ကာလအားဖြင့် ၈ လလောက်သာလိုတော့တာကြောင့် အခုဥပေဒကို ဒီနှစ်ကုန်မှာ ထုတ်ပြန်လာနိုင်ဖို့ ရှိတယ်လို့ နိုင်ငံရေးပါတီတွေဘက်က ရည်မှန်းထားကြပါတယ်။

နိုင်ငံရေးပါတီတွေအတွက် အခက်အခဲတွေဖြစ်မယ့် အချက်တွေကိုထည့်သွင်းထားပြီးနောက် ကန့်ကွက်မှု တွေကြောင့် ပြန်လည်စဥ်းစားညှိနှိုင်းနေရတဲ့ ဒီဥပဒေကို စစ်တပ်က ဘယ်လိုအလျော့အတင်းမျိုးနဲ့ ပြန်လည် ပြင်ဆင်ကာထွက်ပေါ်လာ မယ်ဆိုတာက နိုင်ငံရေးပါတီတွေအတွက်တော့ ဖြေရှင်းဖို့ခက်ခဲမယ့် ပုစ္ဆာတစ်ပုဒ် ကိုစောင့်မျှော်နေရသလို ဖြစ်နေဆဲပါ။