စစ်ကောင်စီ ရွေးကောက်ပွဲအပေါ် သဘောထား အာဆီယံ ထုတ်ပြန်ဖို့လို

စစ်ကောင်စီက ကျင်းပပေးမယ်လို့ ပြောနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အာဆီယံက လက်သင့်ခံမှာ မဟုတ်ဘူး ဆိုတဲ့ သဘောထားကို အင်ဒိုနီးရှား အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာချိန် နံပါတ်တစ် ဦးစားပေး လုပ်ဆောင်သင့်တယ် ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ကို ဦးဆောင်နေသူ ချားလ်စ် စင်တီယာဂိုက ဘီဘီစီကို ပြောပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမြို့တော် ဖနွမ်းပင်မှာ နိုဝင်ဘာ ဒုတိယပတ်ထဲတုန်းက ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံကနေ မြန်မာ့အရေး ထုတ်ပြန်ခဲ့တဲ့ သီးသန့် ကြေညာချက် အပေါ် သုံးသပ်ကြတဲ့ ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ မလေးရှား ဝါရင့် သံတမန် ချားလ်စ် စင်တီယာဂိုက အခုလို ပြောတာ ဖြစ်ပါတယ်။

အဲဒီ ထိပ်သီးညီလာခံ ထုတ်ပြန်ချက် အပေါ် အားမရပဲ ပြစ်တင် ဝေဖန်ကြတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေ၊ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသူတွေ၊ ထောက်ခံ အားပေးသူတွေထဲမှာ APHR ဥက္ကဋ္ဌ မစ္စတာ စင်တီယာဂိုလည်း ပါဝင်တာ ဖြစ်ပါတယ်။

ဝေဖန်သူတွေ အဓိက ထောက်ပြ ကြတာကတော့ အလုပ်မဖြစ်တဲ့ ဘုံ သဘောတူမှု မူ ၅ ချက် အပေါ်မှာပဲ အာဆီယံဟာ ဆက်လက် သောင်တင်နေတဲ့ အတွက် အာဆီယံ လမ်းကြောင်းနဲ့ ဆိုရင် အဓိပ္ပာယ်ရှိတဲ့ ဘယ်လို နိုင်ငံရေး တိုးတက် ဖြစ်ထွန်းမှုမှာ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးတယ် ဆိုပြီး ပြောဆိုကြပါတယ်။

တစ်ဘက်မှာလည်း ဘီဘီစီနဲ့ စကားပြောထားတဲ့ အကဲခတ်တချို့၊ အာဆီယံအရေး ထဲထဲဝင်ဝင် ရှိသူတချို့ကတော့ မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် အာဆီယံဘက်က ပိုပြီး ဖိအားပေးလာတဲ့ အချက်တွေနဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ကြား ထိတွေ့ဆက်ဆံရေး မူဝါဒတွေ ချမှတ်လာတဲ့ အချက်တွေကို အဲဒီထိပ်သီးညီလာခံရဲ့ တိုးတက်မှု ရလဒ်အဖြစ် ရှုမြင်ကြပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဌာဌဘက်က တုန့်ပြန်မှုကို ကြည့်ရင်တော့ သူတို့ အပေါ် ရည်ညွှန်းတဲ့ အခေါ်အဝေါ် အသုံးအနှုံးကစလို့ NUG နဲ့ ထိတွေ့ ဆက်ဆံမယ်လို့ အဓိပ္ပာယ် ဖွင့်နိုင်တဲ့ ထိပ်သီးညီလာခံ ကြေညာချက်ပါ အချက်တွေကို ကန့်ကွက် ပယ်ချကြောင်း ချက်ခြင်း ထုတ်ပြန်တာကို တွေ့ရပါတယ်။

ဒီတော့ ထိပ်သီးဆွေးနွေးပွဲရလဒ်တွေ အပေါ် အခြေခံပြီး၊ အင်ဒိုနီးရှား နိုင်ငံ လာမယ့် လပိုင်းအတွင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ချိန်၊ မြန်မာ အကျပ်အတည်း ဖြေရှင်းရေးဟာ အာဆီယံ မျက်နှာစာမှာ ဘယ်လိုတွေ တွေ့လာရနိုင်ပါလဲ ....

အာဆီယံ အနေနဲ့၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ ဘယ်အချက်တွေကို ဦးစားပေး လုပ်ဆောင်သင့်လဲ ... စတာတွေကို APHR ဥက္ကဋ္ဌ ချားလ်စ် စင်တီယာဂိုကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ထိပ်သီးညီလာခံရလဒ် အပေါ် သုံးသပ်ခြင်း

ဘီဘီစီ။ ။ ပြီးခဲ့တဲ့ ထိပ်သီးညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ထံက မူဝါဒပိုင်းဆိုင်ရာ အရေးကြီးတဲ့ ၊ သိသာထင်ရှားတဲ့ ပြောင်းလဲလာမှုတွေ ရှိလာတယ်လို့ ချားလ်စ် ယူဆထားလား။

ချားလ်စ်စင်တီယာဂို။ ။ အာဆီယံဟာ ဘုံသဘောတူမှု ၅ ချက် ဆိုတဲ့ အပေါ်မှာပဲ သက်သောင့်သက်သာ ရှိနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကိုပဲ ဆက်ပြီး ဆုပ်ကိုင်ထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ သဘောတူမှု ၅ ချက် တကယ်တမ်း အလုပ်ဖြစ်ရေးနဲ့ ပတ်သက်လို့ကတော့ အဓိပ္ပာယ် ပြည့်ဝပြီး လုံလောက်တဲ့ ပြောင်းလဲမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ကျွန်တော်မြင်ပါတယ်။

ကျွန်တော်တို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ အပါအဝင်၊ မြန်မာ့ ဒီမိုကရေစီရေးအပေါ် အားပေး ထောက်ခံကြသူတွေ ဘက်က တိုက်တွန်း နေခဲ့တဲ့ အချက်တွေ အားလုံးလိုလို လျစ်လျူရှု မျက်ကွယ်ပြု ခံရပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲ အလွန် ကာလဟာ အတော်လေး ဝမ်းနည်းစရာကောင်းတဲ့ ကာလလို့ ကျွန်တော် ပြောချင်ပါတယ်။ မြန်မာပြည်က စစ်အာဏာရှင်တွေ အတွက် အချိန်ဆွဲခွင့် နောက် ၁ နှစ် တိုးသွားတာမျိုး ဖြစ်လို့၊ လူ့အခွင့်အရေးနဲ့ စာနာမှု ဆိုင်ရာ အကျပ်အတည်းတွေ ဆက်ပြီး တွေ့မြင် နေရဖွယ် ရှိပါတယ်။ ဘယ်လို နိုင်ငံရေး ပြောဆို ဆွေးနွေးမှုမျိုးမှလည်း လက်တွေ့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဝမ်းနည်းဖွယ်ရာ အခိုက်အတံ့ပဲလို့ ကျွန်တော် ပြောတာပါ။

ဘီဘီစီ။ ။ ဒါပေမယ့် ချားလ်စ်ရေ .... သူတို့ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင်တော့ ... အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက အတိတကျ အစီအစဥ်တစ်ခု ရေးဆွဲကြမယ်၊ ထိတွေ့ ဆက်ဆံမှုတွေကို ပိုပြီး ကျယ်ပြန့် စေမယ်၊ အတိတကျ အချိန်ကာလ သတ်မှတ်ပြီး ဆောင်ရွက်မယ် အစ ရှိသဖြင့် ပြောဆိုထားတာတွေကို တွေ့ရပါတယ်။ အဲဒါတွေကိုရော အာဆီယံ ခေါင်းဆောင်တွေဘက်က မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ တွေ အနေနဲ့ မရှုမြင်နိုင်ဘူးလားဗျ ... ။

ချားလ်စ်စင်တီယာဂို။ ။ အဲဒီလို ပြောနေတာတွေကိုက အာဆီယံ အနေနဲ့ သူတို့ တကယ် လက်တွေ့ လုပ်ဆောင်ရမှာတွေကနေ ရှောင်လွှဲပြီး၊ တာဝန်ကျေကြောင်း ပြသနိုင်ရုံ သဘောထားမျိုးနဲ့ ပြောဆိုနေတာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

အခု ၂ နှစ်နီးပါး ရှိလာချိန်၊ ဒီ သဘောတူမှု ၅ ချက် ဘာဖြစ်လို့ အလုပ် မဖြစ်ရတာလဲ ဆိုတဲ့ အပေါ် တကယ့်ကို အလေးအနက်ထား သုံးသပ်ဖို့ လိုပါတယ်။ ဖြစ်ပျက်နေတာတွေကို မရှောင်လွှဲပဲ၊ အရင်းခံအတိုင်း သဘောပေါက် လက်ခံဖို့လည်း လိုပါတယ်။

အခုနက ခင်ဗျား ပြောတဲ့ အထဲ ပါတဲ့ လုပ်ငန်းစဥ် အကောင်အတည် ဖော်ရေး ဆိုင်ရာ စောင့်ကြည့် ထိန်းကျောင်းတာတွေလုပ်ဖို့၊ အချိန်ကာလ သတ်မှတ်ချက် ထားဖို့ ... စသဖြင့် အဲဒီ အချက်တွေ အားလုံးဟာ အရင်ကတည်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အဆင့်ကနေ အဓိက တာဝန်ယူ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

အခု နိုင်ငံခြားရေး ဝန်ကြီးတွေ ဆိုတာ ... လတ်တလောမှ အပြောင်းအလဲ တွေ လုပ်ပြီး ... အကြံသစ် ဉာဏ်သစ်တွေ ယူဆောင်လာမယ့် လူသစ်တွေ မဟုတ်ပါဘူး။ ကြည့်လိုက်ရင် ဒီလူတွေပါပဲ။ ဒီနေရာမှာ ရှိနေတာ ကြာပြီ ဖြစ်တဲ့ လူဟောင်းတွေ ချည်းပါပဲ။

သူတို့ မစွမ်းနိုင်လို့၊ လုံလောက်အောင် တာဝန်ယူ မလုပ်ဆောင်ကြလို့ အခုလို အခြေအနေ ဆိုက်နေရတာ မဟုတ်လား။ အခုကျမှ သူတို့ဆီက ဘယ်လို မတူတဲ့ ရလာဒ်မျိုး ကျွန်တော်တို့က မျှော်လင့်နိုင်မှာလဲ ... ဒါကို ကျွန်တော်က ပြောနေတာပါ။

ကျွန်တော်တို့ အလေးထားပြီး ထပ်ပြန်တလဲလဲ တိုက်တွန်း ပြောနေတာ ကတော့ .... အာဆီယံ အစိုးရ ခေါင်းဆောင်တွေ ကိုယ်တိုင် တိုက်ရိုက် တာဝန်ယူကြပါ ... မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို တိုက်ရိုက် ကိုင်တွယ်ကြပါ၊ NUG နဲ့ တိုက်ရိုက် စကားပြော ဆွေးနွေးတာတွေ စပြီး လုပ်ကြပါလို့ ကျွန်တော်တို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို တာဝန်ပေးတယ် ဆိုရင်လည်း အခုထိအောင် တိကျ ရှင်းလင်းတဲ့ လမ်းညွှန်ချက်မျိုး မချမှတ်ပြန်ပါဘူး။ NUG နဲ့ ဆွေးနွေးဖို့ ဆိုတဲ့ အပိုင်းမှာရော ... စစ်ဗိုလ်ချုပ်တွေ အပေါ် အချိန်ကာလ အကန့်အသတ် ချမှတ်ပြီး ပျက်ကွက်ရင် ဘယ်လို အရေးယူ ကိုင်တွယ်တာတွေ လုပ်မလဲ ဆိုတာရော ဘာမှ အတိတကျ ရှိမနေပါဘူး။

အဓိပ္ပာယ်တွေ လိုက်ဖွင့် နေရတာမျိုးပါ။

အာဆီယံထဲမှာကို ဘုံ ရည်မှန်းချက် ပန်းတိုင်နဲ့ နည်းနာဟန်ပန် ကင်းမဲ့နေ

ဘီဘီစီ။ ။ အင်ဒိုနီးရှား အလှည့်ကျ ဥက္ကဋ္ဌ နေရာကို ရောက်လာပြီ ဆိုရင်ရော အခြေအနေတွေ ပြောင်းလဲ သွားဖို့ ရှိလား ... အင်ဒိုနီးရှားဟာ မြန်မာပြည်မှာ စစ်အာဏာ တကျော့ပြန် သိမ်းတဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်တဲ့ ရပ်တည်မှုမျိုး ပြသခဲ့တဲ့ နိုင်ငံတွေထဲက တစ်ခု မဟုတ်လား ချားလ်စ်ရေ။ ဒီတော့ အင်ဒိုနီးရှား ဥက္ကဋ္ဌ ဖြစ်ချိန်မှာ ... ထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့်တွေမှာသာမက အာဆီယံ အစည်းအဝေး အဆင့်ဆင့်မှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို နေရာ မပေးတာမျိုးတွေထိ လုပ်လာနိုင်ဖွယ် ရှိလား။

ချားလ်စ်စင်တီယာဂို။ ။ အင်ဒိုနီးရှား အနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အာဆီယံ ခေါင်းဆောင် အားလုံးရဲ့ သဘောတူညီချက်တွေ ရယူပြီးတော့ လုပ်ဆောင်ရမယ့် တာဝန် ရှိပါတယ်။ တစ်နိုင်ငံတည်း သဘောထားနဲ့ ပြုမူလို့ မရနိုင်ပါဘူး။ အဲဒီတော့ အင်ဒိုနီးရှား အနေနဲ့ ဘယ်လောက် အတိုင်းအတာထိ ဆောင်ရွက်လာမလဲ မသိရသေးပါဘူး။ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ... အာဆီယံ အဝိုင်းအဝန်းရဲ့ ကာကွယ်ရေး ကဏ္ဍတွေမှာ မြန်မာ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ၊ ထိပ်ဆုံးက ဗိုလ်ချုပ်တွေကို ထည့်သွင်း နေတာဟာ နိုင်ငံရေး ကိစ္စနဲ့ သီးခြားလို့ ယူဆနေကြလားတော့ မသိဘူး ... အတော်လေး စိတ်ပျက်ဖို့လည်းကောင်း အဓိပ္ပာယ်လည်း ကင်းမဲ့ နေပါတယ်။

အခု လဆန်းပိုင်းကပဲ အာဆီယံ လေတပ် အကြီးအကဲများ ကွန်ဖရင့်စ် AACC မှာ မြန်မာလေတပ် ဦးစီးချုပ် ပါဝင်ရုံတင်မက၊ သူဟာ ၂၀၂၃ မှာ ပြုလုပ်မယ့် AACC ကွန်ဖရင့်စ် ကျရင် အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်ရမယ် ဆိုပြီးတော့တောင် ခန့်အပ်ခံရပါတယ်၊။

ဒီတော့ ဘာအဓိပ္ပာယ်တွေလဲ ... အာဆီယံ တစ်ခုလုံးမှာ ရှေ့နောက် ညီညွတ်ပြီး၊ ယုတ္တိတန်တဲ့ ဘယ်လို မူမျိုးမှ ရှိမနေတဲ့ အကောင်းဆုံး သာဓက ဖြစ်ပါတယ်။ နိုင်ငံစုံ၊ ကဏ္ဍစုံ ပါဝင်တဲ့ အသိုင်းအဝိုင်းကြီး တစ်ခု အတွင်းမှာ Unity of purpose လို့ ခေါ်တဲ့ ဘုံ ရည်မှန်းချက် ပန်းတိုင်နဲ့ နည်းနာဟန်ပန် တွေ ကင်းမဲ့ နေမယ် ဆိုရင် ဘာကိုမှ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။

အင်ဒိုနီးရှား အလှည့်ကျ​ ဥက္ကဋ္ဌ အချိန်မှာ ဒီလို အကွဲကွဲ အပြားပြား ဖြစ်နေတာတွေကို အချိန်မှီ ဘရိတ်အုပ် ရပ်တန့်ပါလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ ခင်ဗျား ပြောသလိုပဲ ... အင်ဒိုနီးရှား အနေနဲ့ ဥက္ကဋ္ဌ နိုင်ငံ အနေနဲ့ရော တစ်နိုင်ငံချင်းစီ​အနေနဲ့ရော လှုပ်သာရှားသာ ရှိမယ့် အနေအထားမျိုး ရောက်နေတယ်၊ ကိုယ်၌ကလည်း မြန်မာ့ ဒီမိုကရေစီ အရေးမှာ လှုပ်လိုရှားလိုစိတ် ရှိတယ်လို့ ယေဘုယျ ယူဆရတယ် ဆိုရင် ... လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။

နိုင်ငံရေး စကားဝိုင်းတွေ၊ တွေ့ဆုံမှုတွေဆိုတာ မြန်မာပြည်ထဲကို သွားမှ လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီ အင်အားစုတွေ၊ NUG ကိုယ်စားလှယ်တွေကို ဂျကာတာကို ဖိတ်လို့ ရပါတယ်။

ဘာပဲ လိုအပ်သလဲ ဆိုရင် အခြေအနေ အချိန်အခါလိုက် လိုက်လျောညီထွေ လုပ်ဆောင်နိင်စွမ်း ရှိရမယ်၊ ပွင့်လင်းမြင်သာရမယ်၊ အရင်းခံ သဘောထား မှန်ကန်ပြီး ရိုးဖြောင့်ရမယ်၊ အရေးကြီးဆုံးကတော့ တကယ့်ကို အဓိပ္ပာယ် ပြည့်ဝတဲ့ နိုင်ငံရေး ပြောဆိုဆွေးနွေးမှု ပေါ်ပေါက် လာစေလိုတဲ့ စိတ်ရင်းစေတနာ ရှိဖို့ လိုပါတယ်။

အင်ဒိုနီးရှား ဥက္ကဋ္ဌ ဖြစ်ချိန် ဘာတွေ ဦးစားပေးလုပ်ရမလဲ

ဘီဘီစီ။ ။ ဒီတော့ APHR ကို ဦးစီးဦးဆောင် လုပ်နေသူ တစ်ဦး အနေနဲ့ ချားလ်စ်ဘက်က ၂၀၂၃ မှာ အာဆီယံဘက်က မြန်မာ့အရေး ဘာတွေ ပြုလုပ်တာကို မြင်ချင်တာလဲ ... မြန်မာ့အရေး ကမကထလုပ် အဖြေရှာဖို့ဆိုရင် အာဆီယံဘက်က မဖြစ်မနေ ပြုလုပ်ရမယ့် အရာတွေက ဘာတွေလို့ ထင်လဲ ... ။

ချားလ်စ်စင်တီယာဂို။ ။ ပထမဆုံး အချက်ကတော့ အာဆီယံ ဘက်က ကြေညာချက် ထုတ်ဖို့ လိုပါတယ် ... ၂၀၂၃ မှာ စစ်တပ်က ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲကို အာဆီယံက လက်ခံမှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ရမှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ငြင်းပယ်ကြောင်း တိကျ ပြတ်သားတဲ့ မူဝါဒ အာဆီယံဘက်က ထွက်လာဖို့ နံပါတ်တစ် လိုပါတယ်။

နံပါတ် ၂ ကတော့ အင်ဒိုနီးရှား အပါအဝင် အာဆီယံ နိုင်ငံတွေဟာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြု လက်ခံတဲ့ လုပ်ငန်းစဥ် စတင်ရမှာ ဖြစ်ပါတယ်။ NUG နဲ့ကြား သံတမန် ဆက်ဆံရေး အပါအဝင် ထိတွေ့ ဆက်ဆံမှုတွေ ထူထောင်ဖို့ လိုပါတယ်။

နံပါတ် ၃ ကတော့ မြန်မာ့အရေး အာဆီယံ ဆွေးနွေးပွဲတွေမှာ NUG ကိုယ်စားလှယ်တွေကို ထည့်သွင်းဖို့ ဖြစ်ပါတယ်။ အခု မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေဟာ စစ်တပ်နဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ ပြည်သူ ဆိုတဲ့ ဘက် ၂ ဘက် ပဲ ရှိပါတော့တယ်။ စစ်တပ်ကို တစ်တိုင်းပြည်လုံးက ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ စစ်တပ် ထားရှိရတဲ့ အခြေခံ အကြောင်းအရင်းဟာ မြန်မာပြည်မှာ ပျက်ပြယ် သွားပြီ ဖြစ်ပါတယ်။ စစ်တပ်ဟာ ပြဿနာ အဖြေရှာရေးရဲ့ အစိတ်အပိုင်း မဟုတ်တော့ပါဘူး။ ပြဿနာ အားလုံးရဲ့ အရင်းခံ အကျဆုံး အရာ ဖြစ်ကြောင်းကို မျက်မှောက်ပြုနိုင်ကြဖို့ လိုပါတယ်။

မြန်မာပြည်သူတွေ လိုချင်တာ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီ ဖြစ်တယ်ဆိုတာကို အာဆီယံ ခေါင်းဆောင်တွေ အသိအမှတ် ပြုတယ် ဆိုရင်၊ အဲဒီ လောကပါလ တရားတွေ အပေါ်မှာ အာဆီယံ ကိုယ်တိုင်လည်း သက်ဝင်ယုံကြည်တယ် ဆိုရင် .... ပြည်သူတွေကို ကိုယ်စားပြုတဲ့ သူတွေကို အဖြေရှာရေး အစိတ်အပိုင်းထဲ ထည့်သွင်းရုံက လွဲပြီး တခြားလမ်း မရှိပါဘူး။

ဘီဘီစီ။ ။ အဆုံးသတ် အနေနဲ့ မေးချင်တာကတော့ ချားလ်စ်ရေ ... မြန်မာ့အရေး အဖြေရှာရေးမှာ အာဆီယံကို ဗဟိုပြုပြီး စဥ်းစားတဲ့ နည်းနာ အပေါ်မှာ ချားလ်စ်ကိုယ်တိုင် အယုံအကြည် ရှိလား။ အာဆီယံ ကမကထ လုပ် ဖြေရှင်းရေး ဆိုတာကို ထောက်ခံ အားပေးတယ် ဆိုပြီး အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အခုထက်ထိ ပြောနေပါတယ်။ ဒီတော့ ကမ္ဘာ့ နိုင်ငံကြီးတွေ ဘက်က မြန်မာ့အရေးမှာ ကိုယ်တိုင် တိုက်ရိုက် ဆောက်ရွက် လာတာမျိုးက တကယ်တမ်း ထိရောက်နိုင်တယ်လို့ ချားလ်စ်မြင်လား။

ချားလ်စ်စင်တီယာဂို။ ။ မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေ တည်ငြိမ် ငြိမ်းချမ်းသွားအောင် လုပ်ဖို့၊ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆိုတာတွေကို အာဆီယံဘက်က စွမ်းဆောင် မပေးနိုင်ခဲ့တာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ရှုံးနိမ့်မှု ဖြစ်ပါတယ်။

အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ၊ ဂျပန် အစရှိသဖြင့် နိုင်ငံတွေ အားလုံးရော ... ကုလသမဂ္ဂ အဖွဲ့ ကိုယ်တိုင်ပါ အာဆီယံရဲ့ နောက်ကွယ်မှာ ပုန်းနေပြီး၊ “အာဆီယံ ဖြေရှင်းပါ၊ သူတို့အားပေးပါတယ်” လို့ ပြောနေခဲ့ကြပါတယ်။ အာဆီယံ ရှုံးနိမ့်ကြောင်း၊ အလုပ် မဖြစ်ကြောင်း ပေါ်လွင် ထင်ရှား နေချိန်မှာ သူတို့ အနေနဲ့ အဲဒီ့ “အာဆီယံဦးဆောင်ပါ၊ မြန်မာအကြောင်း အာဆီယံ အသိဆုံးပါ” ဆိုတဲ့ အကြောင်းပြချက်ကို၊ ဆင်ခြေဆင်လက်ကို ဆက်ပြီး အသုံးပြုလို့ မရနိုင်တော့ပါဘူး။ ဆက်ပြီး အသုံးမပြု သင့်တော့ပါဘူး။ အာဆီယံရဲ့ နောက်မှာ ပုန်း မနေသင့်တော့ပါဘူး။

တစ်ဘက်ကို ကြည့်ရင်တော့ စစ်တပ်က တရုတ်ရဲ့ ဓနအင်အား ကျောထောက်နောက်ခံ ပြုမှုနဲ့ အတူ၊ စစ်ရေး လက်နက်တွေပါ ဝယ်ယူနိုင်တာကနေ ... အခု ဆိုရင် ရုရှားကပါ သူတို့ကို စစ်ရေး၊ စီးပွားရေး ကျောထောက် နောက်ခံ ပြု ပေးလာပြီ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ နေပြည်တော် စစ်ကောင်စီကြားမှာလည်း ခိုင်မာတဲ့ ဆက်ဆံရေး ရှိတာကို မြင်နေရပါတယ်။ ဒီတော့ စစ်အာဏာရှင်တွေ ရနေတဲ့ အထောက်အပံ့ အကူအညီတွေဟာ လေသက်သက် မဟုတ်ပါဘူး။ အင်မတန်မှကို ခိုင်မာတဲ့ ကျောထောက်နောက်ခံ ပြုမှုတွေ မြန်မာ စစ်အာဏာပိုင်တွေ ထံမှာ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှု အပေါ် ထောက်ခံတာတွေတော့ တစ်ဘက်မှာ မရှိဘူးလား ဆိုရင် ရှိတော့ ရှိပေမယ့်၊ မလုံလောက်သေးဘူးလို့ ပြောချင်ပါတယ်။ ဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ တကယ့်ကို မြန်မာပြည်သူတွေကို ကူညီချင်တယ်၊ စာနာနားလည်တယ် ဆိုရင် အခုအခြေထက် မက တိကျ ပြတ်သားတဲ့ ဆောင်ရွက်မှုတွေနဲ့ ရှေ့တိုး လုပ်ဆောင်ဖို့ လိုပါတယ်။

အဲဒါမှ မဟုတ်ရင်၊ မြန်မာ့အကျပ်အတည်း ပြေလည်သွားဖို့ ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီ အဓိပ္ပာယ်ဟာ လူတွေ သန်းပေါင်းများစွာ အတိဒုက္ခ ရောက်ပြီး၊ ဆင်းရဲတွင်း ဆက်ပြီးနက်နေရမယ့် အဓိပ္ပာယ်၊ ဆထက်တပိုး စာနာမှု ဆိုင်ရာ အကျပ်အတည်းတွေ ... လူ့အခွင့်အရေး ဆိုင်ရာ ကပ်ဘေးတွေ ကျရောက်နေကြရဦးမယ့် အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။