ဇန်နဝါရီ ၃ ရက် ကမ္ဘာနဲ့နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဗင်နီဇွဲလားသမ္မတကို အမေရိကန်ဖမ်းဆီး

အမေရိကန်စစ်တပ်ရဲ့ Delta Force တပ်ဖွဲ့က ဗင်နီဇွဲလားသမ္မတ နီကိုလာစ် မာဒူရို နဲ့ ဇနီးကို ဖမ်းဆီးခဲ့ကြောင်း အမေရိကန်အရာရှိတွေက ဘီဘီစီရဲ့မိတ်ဖက် အမေရိကန်သတင်းဌာန CBS News ကို ပြောပါတယ်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီး ရမိထားတယ်လို့ အမေရိကန် သမ္မတ ထရမ့်ကလည်း ပြောပါတယ်။ အမေရိကန် တပ်ဖွဲ့တွေဟာ ကြီးမားတဲ့ ပမာဏနဲ့ ဗင်နီဇွဲလားကို စစ်ရေးအရ တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး၊ အခုလို ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီး ရမိတဲ့ အကြောင်း ထုတ်ဖော် ပြောဆိုတာ ဖြစ်ပါတယ်။

ဗင်နီဇွဲလား ခေါင်းဆောင်နဲ့ သူ့ရဲ့ ဇနီးသည်တို့ကို ဗင်နီဇွဲလား အပြင်ဘက် လေကြောင်းလမ်းကနေ ခေါ်ထုတ်သွားပြီလို့ သမ္မတ ထရမ့်က ဆိုရှယ်မီဒီယာ ပေါ်မှာ ရေးသားပါတယ်။

Delta Force ဟာ အမေရိကန်စစ်တပ်ရဲ့ အမြင့်ဆုံးအဆင့်ရှိတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

မာဒူရိုကို ဘယ်လိုနည်းလမ်းနဲ့ ဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။

အမေရိကန်အစိုးရက မာဒူရိုကို ဖမ်းဆီးနိုင်ရေးအတွက် အချက်အလက်ပေးနိုင်သူကို အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုကြေးပေးမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ဗင်နီဇွဲလားကိုအကြီးအကျယ် စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် သမ္မတ မာဒူရို ကို ဖမ်းဆီးရမိခဲ့တာလို့ နားလည်ရပါတယ်။

အမေရိကန် စံတော်ချိန် မနက် ၁၁ နာရီမှာ ထရမ့်က သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။

Update - ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ် ကတော့ သမ္မတနဲ့ သမ္မတကတော် ဖမ်းဆီးခံရတယ်ဆိုတဲ့ အပေါ် သတင်းထုတ်ပြန်လာပါတယ်။

သူ့ရဲ့ ပြောကြားချက်အရ ဗင်နီဇွဲလား အစိုးရအနေနဲ့ သမ္မတနဲ့ သမ္မတ ကတော်တို့ လက်ရှိဘယ်နေရာမှာလဲဆိုတာကို မသိရှိရသေးကြောင်း ပြောပါတယ်။

ဗင်နီဇွဲလားအစိုးရအနေနဲ့ သူတို့နှစ်ဦးစလုံးအတွက် စိုးရိမ်နေပြီး သူတို့ "အသက်ရှင်နေသေးကြောင်း ခိုင်မာအတည်ပြုနိုင်တဲ့ သက်သေ" ကို တောင်းဆိုထားပါတယ်။

Update - အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို ဆီကနေ ဗင်နီဇွဲလားသမ္မတနဲ့ ကတော်ကို ဖမ်းဆီးရမိတဲ့ အကြောင်းကို အတည်ပြုထားနိုင်တယ်လို့ ရီပတ်ဘလီကန် အမတ် မိုက်လီ က ပြောပါတယ်။

သမ္မတကိုဖမ်းဆီးမိပြီဖြစ်လို့ ဗင်နီဇွဲလားနိုင်ငံအပေါ် နောက်ထပ် လုပ်ဆောင်ချက်တွေ မရှိနိုင်တော့ဘူးလို့ ခန့်မှန်းထားကြောင်း ရီပတ်ဘလီကန် အမတ် မိုက်လီက သူနဲ့ ရူဘီရို ဖုန်းပြောဆိုချက်ကို ကိုးကားပြီး ပြောကြားပါတယ်။

"မာဒူရိုနဲ့ ဇနီးကို အမေရိကန်ရဲ့ ထိန်းသိမ်းမှုအောက်မှာဖမ်းဆီးထားပြီးဖြစ်တဲ့အတွက် ဗင်နီဇွဲလားမှာ နောက်ထပ် လုပ်ဆောင်ချက်တွေ မရှိတော့ဘူးလို့ ရူဘီယိုက ခန့်မှန်းထားကြောင်း " မိုက်လီက ဆိုပါတယ်။

အစောပိုင်းတုန်းက မိုက်လီရဲ့ x ဆိုရှယ်ပို့စ်မှာတော့ "စစ်ကြေညာချက်မရှိဘဲ၊ စစ်အင်အား အသုံးပြုခွင့် ခွင့်ပြုချက် မရှိဘဲ ဒီလို လုပ်ဆောင်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုအတည်ပြုနိုင်လဲဆိုတာကို သိချင်နေပါတယ်" လို့ရေးသားထားပါတယ်။

ဗင်နီဇွဲလားသမ္မတဖမ်းဆီးခံရမှု နောက်ဆုံးရ အချက်အလက်များ

ဒါ ကိုလိုနီပြု နယ်ချဲ့တဲ့ စစ် အမေရိကန်က ကျူးလွန်တာပဲ ဆိုပြီး ဗင်နီဇွဲလား အစိုးရက ရှုတ်ချ ပြောဆိုပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး ဗလာဒီမီယာ ပါဒရီနိုက ဗီဒီယိုနဲ့ သတင်းစကား ထုတ်ပြန်တာမှာ ဗင်နီဇွဲလား စစ်တပ်နဲ့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ခုခံ ကာကွယ် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အမေရိကန်က ဗင်နီဇွဲလားကို စစ်ရေးအရ တိုက်ခိုက်တာတွေ မလုပ်ခင် လ အတန်ကြာ အချိန်ယူပြီး ကာရစ်ဘီယံ ဒေသ တောင်ဘက်ပိုင်းမှာ စစ် အင်အား နေရာချတာတွေ တိုးမြှင့် ပြုလုပ် နေခဲ့ပြီး၊ ဗင်နီဇွဲလား အပေါ် ဖိအား ပေးနေခဲ့ပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံတချို့ဟာ နီကိုလပ်စ် မာဒူရိုကို ဗင်နီဇွဲလားရဲ့ တရားဝင် သမ္မတ အဖြစ် အသိအမှတ် မပြုကြပါဘူး။ ဗင်နီဇွဲလားမှာ လုပ်ခဲ့တဲ့ နောက်ဆုံး ရွေးကောက်ပွဲမှာ အလိမ်အညာတွေ လုပ်ခဲ့သူ အဖြစ် ရှုမြင်ထားကြပါတယ်။ ဒါ့အပြင် မစ္စတာ မာဒူရိုဟာ မူးယစ်ရာဇာတို့ရဲ့ ခေါင်းဆောင်ကြီး ဖြစ်တယ်လို့ အမေရိကန် အစိုးရက စွပ်စွဲထားပြီး၊ သူ့ကို မူးယစ် ကုန်သွယ်မှုနဲ့ လက်ရဖမ်းပေးနိုင်ရင် ဆုငွေ ပေးမယ် လို့ ကြေညာထားပြီး ဖြစ်ပါတယ်။

မစ္စတာ မာဒူရိုကလည်း အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံတွေကို မျက်စိကျနေတာသာ ဖြစ်တယ်လို့ စွပ်စွဲရင်းမှာပဲ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်းဖို့ အသင့် ရှိတယ်လို့ ပြောဆို နေခဲ့ပါတယ်။

အခုလို ဗင်နီဇွဲလားမှာ ပေါက်ကွဲမှုတွေ ပေါ်ထွက်လာတဲ့ နောက် အိမ်နီးချင်း ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရိုက အင်မတန် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆို ပါတယ်။ တဖတ်သက် စစ်ရေး ဖော်ဆောင်တာတွေကို ဆန့်ကျင်ကြောင်း သမ္မတ ပက်ထရိုက ပြောရင်းမှာပဲ၊ တင်းမာမှုတွေ လျှော့ချဖို့လည်း ပန်ကြားပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားဘက်က သူတွေ ကိုလံဘီယာဘက် ထွက်ပြေး လာနိုင်ဖွယ် ရှိတဲ့ အတွက် နယ်စပ်တလျှောက် ကြိုတင် ပြင်ဆင်ထားဖို့နဲ့၊ ကိုလံဘီယာ ပြည်သူတွေကို အကာအကွယ် ပြုနိုင်ရေး စီမံထားဖို့လည်း သမ္မတ ပက်ထရိုက အမိန့် ထုတ်ပြန်ပါတယ်။

ဗင်နီဇွဲလားနဲ့ နီးစပ်တဲ့ မိတ်ဖက် နိုင်ငံတွေ ဖြစ်တဲ့ ရုရှားနဲ့ ကျူးဘား နိုင်ငံတွေက ဗင်နီဇွဲလား အပေါ် တိုက်ခိုက်တာတွေကို ရှုတ်ချကြောင်း ကြေညာပါတယ်။

အမေရိကန်ရဲ့ စစ်ရေး လုပ်ဆောင်ချက်ဟာ အင်မတန် စိုးရိမ်ဖွယ်ရာကောင်းတယ်လို့ မော်စကိုက ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း၊ အာဂျင်တီးနား သမ္မတ ဟားဗီးယေး မီလေးကတော့ အမေရိကန်ရဲ့ စွက်ဖက်မှုကို ကြိုဆိုပါတယ်။ လွတ်မြောက်ခြင်း ရှေ့သို့ချီနိုင်ပြီ ဆိုပြီး ဆိုရှယ်မီဒီယာပေါ် ရေးသားပါတယ်။ စပိန်ကတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်ရေး ကြားဝင်ပေးမယ် ဆိုပြီး ကမ်းလှမ်းနေပါတယ်။

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကပ်စ်မှာ ပေါက်ကွဲမှုတွေဖြစ်

ထရမ့်က စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေကိုတိုက်ဖို့ အမိန့်ပေး

"ဗင်နီဇွဲလားမြို့တော် ကာရာကပ်စ်မှာ ဒီမနက် စောစောက ပေါက်ကွဲမှုတွေဖြစ်ပြီး လေယာဉ်တွေလည်း ပျံသန်းနေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

"သမ္မတ ထရမ့်ဟာ ဗင်နီဇွဲလားနိုင်ငံအတွင်းက စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေအပါအဝင် တခြားနေရာတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီ" လို့ အမေရိကန် တာဝန်ရှိသူတွေက ဘီဘီစီရဲ့မိတ်ဖက် အမေရိကန်သတင်းဌာန CBS ကို ပြောပါတယ်။

ဗင်နီဇွဲလားက သတင်းတွေကို ထရမ့်အစိုးရ တာဝန်ရှိသူတွေ သိရှိထားကြပြီလို့ဆိုသလို ဒါဟာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအပေါ် ထရမ့်အစိုးရက ရက်သတ္တပတ် တော်တော်ကြာအောင် ဖိအားပေးနေတဲ့အချိန်မှာပဲ ဖြစ်လာတာပါ။

အမေရိကန်သမ္မတကတော့ ဗင်နီဇွဲလားသမ္မတဟာ အမေရိကန်နိုင်ငံထဲကို မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ ရာဇဝတ်မှုတွေ စိမ့်ဝင်အောင် လုပ်နေသူလို့ စွပ်စွဲထားပါတယ်။

ဗင်နီဇွဲလား အစိုးရဘက်က 'အမေရိကန်ဟာ ဗင်နီဇွဲလား ပိုင်နက်အတွင်းကို အလွန်ဆိုးဝါးတဲ့ စစ်ရေးကျူးကျော်မှုတွေ လုပ်ဆောင်ခဲ့တာကို ဗင်နီဇွဲလားအနေနဲ့ လက်မခံဘူး၊ ကန့်ကွက်ရှုတ်ချတယ်' လို့ ထုတ်ပြန်လာပါတယ်။

ဗင်နီဇွဲလားသမ္မတက နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး ဒီတိုက်ခိုက်မှုတွေဟာ နိုင်ငံရဲ့ ရေနံနဲ့ သတ္တုသယံဇာတတွေကို သိမ်းပိုက်ဖို့ အမေရိကန်က ကြိုးပမ်းတာလို့ စွပ်စွဲရှုတ်ချထားပါတယ်။

ထောက်လှမ်းရေးချုပ်ကို သမ္မတရုံးကိုဦးဆောင်ဖို့ ဇလန်းစကီး အမည်စာရင်းတင်

လူငယ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအသစ်ခန့်

ယူကရိန်းသမ္မတဇလန်းစကီးဟာ သူ့ရဲ့ စစ်ထောက်လှမ်းရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ခိုင်ရိုင်လို ဘူဒါနော့ကို သမ္မတရုံးဝန်ထမ်းရေးရာဦးစီးအရာရှိအဖြစ် ခန့်အပ်မှာဖြစ်တဲ့အကြောင်း ထုတ်ပြန်လိုက်ပါတယ်။

"ဒီလိုအချိန်မျိုးမှာ ယူကရိန်းဟာ လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်လို့ ပိုအာရုံစိုက်ဖို့လိုနေပါပြီ" လို့ ဇလန်းစကီးက ဘူဒါနော့နဲ့ ကိယက်ဗ်မှာ တွေ့ဆုံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဘူဒါနော့ဟာ ရုရှားကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဌာန Hur ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဒနီ ရှမိုင်ဟယ်နေရာမှာ လက်ရှိဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဝန်ကြီး မိုင်ခေးလို ဖဲဒိုရော့ကို အစားထိုးမယ်လို့လည်း ဇလန်းစကီးကပြောပါတယ်။

ဖဲဒိုရော့ဟာ အသက် ၃၄ နှစ်ပဲ ရှိသေးပြီး ယူကရိန်းအစိုးရအဖွဲ့ထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။ သူ့ရဲ့ အဓိက အောင်မြင်မှုကတော့ အစိုးရဝန်ဆောင်မှုတွေကို ဖုန်းနဲ့တင် အကုန်လုပ်လို့ရအောင် 'Diya' လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်စနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘူဒါနော့ရှေ့က ထောက်လှမ်းရေးအရာရှိချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အန်ဒရေ ယာမတ်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ နိုင်ငံရေးအရဩဇာကြီးမားခဲ့သူဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်ပြီးဆုံးသွားရေး အမေရိကန်နဲ့ဆွေးနွေးမှုတွေမှာလည်း ယူကရိန်းကိုယ်စားလှယ်အဖြစ် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

"ခိုင်ရိုင်လိုဟာ ရလဒ်တွေထွက်ဖို့အတွက် ဒီနယ်ပယ်တွေမှာ အထူးအတွေ့အကြုံများပြီး လုံလောက်တဲ့အင်အားရှိနေပါတယ်" လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းကာကွယ်ရေးအတွက် မဟာဗျူဟာကျတဲ့အုတ်မြစ်တွေနဲ့ပတ်သက်လို့ အဓိကကျတဲ့မှတ်တမ်းမှတ်ရာတွေ တင်ပြဖို့ ဝန်ထမ်းရေးရာဦးစီးအရာရှိချုပ်ကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ ဇလန်းစကီးကဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒီရာထူးဟာ အစဉ်အလာအားဖြင့် အုပ်ချုပ်ရေးဖြစ်ပေမဲ့ နိုင်ငံခေါင်းဆောင်နဲ့ အနီးဆုံးမှာနေရတဲ့အပြင် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကိုင်တွယ်ဖို့ အခွင့်အရေးအများကြီးရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးဘူဒါနော့ကို သမ္မတရုံးဝန်ထမ်းရေးရာဦးစီးအရာရှိအဖြစ်ခန့်အပ်လိုက်တာဟာ ဒီရာထူးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ပြုပြင်ပြောင်းလဲလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။

သမ္မတရုံးကို စစ်ဆင်ရေးရုံးလို့သတ်မှတ်လိုတာဖြစ်ပြီး ရုရှားနဲ့ စစ်ဆင်နေတာ၊ လုံခြုံရေးကိစ္စတွေကို ပိုမိုဦးစားပေးလိုတာကြောင့်ဖြစ်နိုင်ပါတယ်။

လွတ်လပ်ရေးနေ့ အလံထောင်ဖို့ အုပ်ချုပ်ရေးအဖွဲ့တချို့ အလံတစ်ခုတစ်သောင်းနဲ့ရောင်း

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်မယ့် ၇၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ နေအိမ်တွေ၊ ဆိုင်ခန်းတွေ၊ ဆိုက်တွဲတွေ၊ ဆိုက်ကားတွေ၊ လိုင်းကားတွေမှာ မြန်မာနိုင်ငံတော် အလံထောင်ကြဖို့ အုပ်ချုပ်‌ရေးအဖွဲ့တွေက ဖိအားပေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သင်္ကန်းကျွန်း၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ စတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက အစည်းအဝေးနဲ့ ခေါ်ပြောတာ၊ အသံချဲ့စက်နဲ့ လိုက်ကြေညာတာမျိုးနဲ့ ရပ်ကွက်တွေကို အသိပေးတာမျိုး ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"တောင်ဒဂုံမှာတော့ အိမ်တွေကို အလံထောင်ဖို့ပြောတာ မရှိဘူး။ သူတို့နိုင်တာက ဆိုက်တွဲတွေပဲ။ မထောင်ရင် အသိမ်းခံရမှာကြောက်လို့ ဒီအပတ်ကစပြီး အလံထောင်နေကြပြီ" လို့ တောင်ဒဂုံမြို့ခံက ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ်မှာတော့ နေအိမ်တွေမှာပါ အလံထောင်ဖို့ ကြေညာတာရှိတယ်လို့ သိရပါတယ်။ မြောက်ဒဂုံဘက်မှာတော့ လမ်းမတန်းတွေက ဆိုင်ခန်းတွေမှာ အလံထောင်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့တွေက အလံတစ်ခုကို တစ်သောင်းကျပ်နဲ့ လိုက်ရောင်းနေတယ်လို့လည်း မြို့ခံက ပြောပါတယ်။

"မထောင်ရင် ဘာလုပ်မယ်လို့တော့ မပြောပါဘူး။ ဒါပေမဲ့ ဆိုင်တွေကလည်း ကြောက်တော့ ဝယ်ကြရတယ်"လို့ သူက ပြောပါတယ်။

အရင်နှစ် လွတ်လပ်ရေးနေ့တွေမှာ လိုင်းကားတွေ၊ ဆိုက်တွဲတွေမှာသာ အလံထောင်ကြရပေမဲ့ ဒီနှစ်လိုမျိုး မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ ဖိအားပေးတာမျိုး မရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာ ရုံးတွေ စီးနင်းမီးရှို့ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက အထွေထွေအုပ်ချုပ်ရေးရုံး အပါအဝင် ဌာနဆိုင်ရာ ရုံးတွေကို စီးနင်းမီးရှို့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဒေသခံ ပြောပြချက်အရ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စက်မှုလယ်ယာရုံး မီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။

မကွေးတိုင်း စစ်ဌာနရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး မကွေးတိုင်းထဲက အခြေစိုက် စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ NUG ကထုတ်ပြန်တာပါ။

ဆင်ဖြူကျွန်းမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၃ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။

ဇန်နဝါရီ ၂ ရက်မှာတော့ တိုက်ပွဲတွေ ခဏ ငြိမ်သွားပြီး ပိတ်မိနေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်တွေက ထွက်ခွာခွင့်ပေးတယ်လို့လည်း သိရပါတယ်။

"မနေ့က ခဏငြိမ်တယ်ဆိုတာက စစ်တပ်က လက်နက်ခဲယမ်း မလောက်တော့လို့ထင်တယ်။ လေယာဉ်နဲ့ လက်နက်ခဲယမ်း တွေလာချပေးတာ မနေ့က နှစ်ကြိမ်၊ ဒီနေ့လည်း ထပ်ရှိတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အခုထိ ကြားနေရတယ်"လို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ပေါက်ကွဲတာကြောင့် ဒေသခံ နှစ်ယောက် သေဆုံးပြီး ထိခိုက်သူတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့ထဲက ဘဏ်တွေ အပါအဝင် အထပ်မြင့်တွေရှိတဲ့ အဆောက်အဦတွေမှာ စစ်တပ်ရဲ့ စနိုက်ပါ တပ်ဖွဲ့ဝင်တွေ နေရာယူထားတယ်လို့လည်း သိရပါတယ်။

ဆင်ဖြူကျွန်းမြို့ထဲက မဟာစေတီလှဘုရား၊ ရဲစခန်းနဲ့ နွယ်တမယ်ရွာတွေမှာ စစ်တပ်က တပ်စွဲထားတယ်လို့လည်း ဒေသခံက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ မကွေးတိုင်းထဲက ဆိပ်ဖြူမြို့နယ်၊ သံဇလုံရွာက စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တာ၊ ဆိပ်ဖြူမြို့နယ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကြိုတင်မဲကိစ္စ ပါတီခေါင်းဆောင်တချို့ စစ်ခေါင်းဆောင်ဆီစာပို့

စစ်တပ်ရဲ့ ရွေးကောက်ပွဲပထမပိုင်းအတွက် ကြိုတင်မဲကောက်ယူတဲ့အခါမှာ ပွင့်လင်းမြင်သာမှု အားနည်းတာကြောင့် ပါတီ ၃ ခုက ခေါင်းဆောင်တွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ စာပို့အကြောင်းကြားထားတယ်လို့ ပါတီတွေက ပြောပါတယ်။

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဇန်နဝါရီ ၂ ရက်၊ တောင်သူလယ်သမား ဖွံ့ဖိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဇန်နဝါရီ ၁ ရက်မှာ စာပို့လိုက်တာလို့ ပြောကြပါတယ်။

စစ်ခေါင်းဆောင်ဆီ စာပို့တဲ့အထဲမှာ ပြည်သူ့ပါတီကလည်း ပါတယ်လို့ သိရပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒါ့အပြင် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲမှာ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အခါမှာလည်း တင်ပြကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကြိုတင်မဲပေးမယ့်သူ အရေအတွက်စာရင်း မသိရတာ၊ ကြိုတင်မဲ ကောက်ယူချိန်မှာ ကျန်တဲ့ပါတီကိုယ်စားလှယ်တွေကို အသိမပေးဘဲ ကြံ့ခိုင်ရေးပါတီသာ လိုက်ပါခွင့်ရတာဟာ လွတ်လပ်ပြီး မျှတတဲ့ အချက်မဟုတ်ဘူးလို့လည်း ဦးကျော်စွာစိုးက ပြောပါတယ်။

"ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲ ဘယ်နေ့ ဘယ်မှာ ကောက်မယ်ဆိုတာ တခြားပါတီတွေကို အသိမပေးဘူးလေ။ အဲဒီတော့ ကိုယ်စားလှယ်တွေလည်း မလိုက်ဖြစ်ကြဘူး။ ကြိုတင်မဲ ရေတွက်တယ်ဆိုမှ မဲကောက်ပြီးမှန်းသိတာ"လို့ ဦးကျော်စွာစိုးက ပြောပါတယ်။

ဒ့ါအပြင် တချို့ မဲဆန္ဒရှင်တွေက ပထမနဲ့ ဒုတိယအကြိမ် မဲစာရင်းတွေမှာတော့ နာမည်တွေပါပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်မှာ မဲစာရင်းထဲ နာမည်မပါတာကြောင့် ကျိုင်းတုံက ကျေးရွာတချို့မှာ မဲပေးခွင့်မရဖြစ်ခဲ့တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

"ကြိုတင်မဲကြောင့် ကျွန်တော်တို့ရှုံးတာ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ယုံကြည်ပြီးတော့ ဝင်ပြိုင်ကြတာပေါ့။ ဒီလိုသာ ဖြစ်မယ်ဆိုရင်တော့ ပင်ပန်းပြီး ပြောင်းလဲမှုမရှိဘူးပေါ့"လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ဒီအခြေအနေတွေကို စစ်ခေါင်းဆောင်ကို အသိပေးတာဖြစ်ပြီး လာမယ့် ဒုတိယပိုင်းနဲ့ တတိယပိုင်း ‌ရွေးကောက်ပွဲတွေမှာ အခုလိုတွေ ထပ်မဖြစ်စေချင်တဲ့အကြောင်း ထည့်သွင်း ရေးသားထားတယ်လို့လည်း သိရပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကလည်း ကြိုတင်မဲအတွက် မဲစာရင်းပြုစုတာ၊ မဲကောက်ယူတာ၊ ကြေညာတာ၊ ရေတွက်တာတွေကို လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

UEC ရဲ့ ကနဦးကြေညာချက်အရ တိုင်းရင်းသားပါတီ ၄ ခုကလွဲလို့ ကြံ့ခိုင်ရေး အနိုင်ရ

စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ တိုင်းရင်းသား ပါတီ ၄ ခု ကလွဲပြီး ကျန်တဲ့ နေရာတွေမှာ ကြံ့ခိုင်ရေးပါတီတွေက အများဆုံးအနိုင်ရရှိတာကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦးထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး မဲဆန္ဒနယ် ၅၆ နေရာအတွက် အနိုင်ရလဒ်တွေ ကြေညာလာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်နေရာအတွက် ဝ အမျိုးသားပါတီ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်မှာ အာခါအမျိုးသား ဖွံ့ဖိုးတိုးတက်ရေးပါတီ၊ ပြည်သူ့လွှတ်တော်မှာ မိုးနဲမှာ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီ၊ ချောင်းဆုံမှာ မွန်ညီညွတ်ရေး ပါတီ တွေသာ ပါရှိတာ တွေ့ရပါတယ်။

ကြံ့ခိုင်ရေးကတော့ ပြည်သူ့လွှတ်တော်အတွက် ၃၈ နေရာနဲ့ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်မှာ ၁၄ နေရာ အနိုင်ရရှိနေတာပါ။

"ကြံ့ခိုင်ရေး နိုင်တယ်ဆိုတာက ကြိုတင်မဲတွေကြောင့်ရယ်၊ အထူးသဖြင့် မြို့နယ်တွေမှာ ကြိုတင်မဲတွေ ကောက်တဲ့အချိန်မှာ ကြံ့ခိုင်ရေးပဲ ပါပြီး တခြားပါတီတွေ မပါတဲ့အတွက် ကြံ့ခိုင်ရေးမဲတွေအများစု ရတာပေါ့။ ကျန်တဲ့ ပါတီက ရလည်း ၁ မဲ ၂ မဲ ပဲလေ"လို့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာကျင်းပမှာ ဖြစ်သလို တတိယပိုင်းကိုတော့ ဇန်နဝါရီ ၂၅ မှာ မြို့နယ် ၆၃ ခုမှာ ကျင်းပမှာ ဖြစ်ပါတယ်။