ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်တဲ့ စစ်ကောင်စီ လွတ်ငြိမ်း
စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတာ ၁,၄၃၄ ရက် ရှိလာပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်ကောင်စီရဲ့ ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာ ကြေညာတဲ့ စာရင်းမှာ ပါဝင်လာတာမရှိပါဘူး။
လူခြောက်ထောင်ကျော်အထိ လွတ်ငြိမ်းပေးခဲ့တဲ့အထဲ လူသန်းနဲ့ချီကလွတ်စေချင်သူတစ်ယောက် ပါမလာခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်း ၄ နှစ်တာကာလကိုရောက်လာချိန်မှာ အသက် ၈၀ ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ စစ်တပ်က လွှတ်ပေးသင့်ပြီလို့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအင်အားစုတွေက ပြောဆိုတိုက်တွန်းနေကြပေမဲ့ ဒေါ် အောင်ဆန်းစုကြည်ကတော့ ပြန်လွတ်မလာခဲ့ပါဘူး။။
လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ဖြေဆိုရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အခြေအနေကို ထည့်သွင်းပြောကြားတာမရှိပါဘူး။
ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးတဲ့ထဲ ဒေါ်အောင်ဆန်းစုကြည်ရော အကျုံးဝင်လား
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း အမှု ၁၉ မှု စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လတုန်းက စစ်ကောင်စီက နိုင်ငံတဝန်း အကျဥ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့် ပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ''ပြစ်ဒဏ်လွတ်ငြိမ်းခွင့်''ဆိုပြီး အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ကြေညာချက်ကြောင့် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာပါ။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်ငြိမ်းခွင့်မှာ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ တည်ဆဲဥပဒေတစ်ခုခုကျူးလွန်လို့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ အားလုံးကိုလည်း ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းအက်ဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ၊အကြမ်းဖက်ဥပဒေ နဲ့ အဂတိဥပဒေပုဒ်မတို့လို ပုဒ်မတွေနဲ့ တရားစွဲခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေကိုတော့ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးအမှုတို့နဲ့ တစ်တန်းတည်းထားပြီး ပြစ်ဒဏ် ၆ ပုံ ၁ ပုံ သက်သာခွင့်မပေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကျခံနေရဆဲအမှုတွေကို ပြန်ကြည့်တဲ့အခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့စွပ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတာတွေက အများဆုံးဖြစ်နေပါတယ်။
ဒါကြောင့် ပြစ်ဒဏ်ကျခံနေရဆဲအမှုတွေထဲက အမှုတချို့အတွက်သာ ၆ ပုံ ၁ ပုံ ပြစ်ဒဏ်တွေ လျော့ပေါ့ခဲ့တယ်လို့ နားလည်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကျခံဖို့ကျန်နေတဲ့ အမှုများ
- ကိုဗစ်တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ရဟတ်ယာဥ်ကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်မှုဆိုင်ရာနဲ့ ပတ်သက်ပြီး စွပ်စွဲခံရတဲ့အဂတိအမှု ၅ မှု - ထောင်ဒဏ် စုစုပေါင်း ၇ နှစ်
- ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက အလှူငွေတွေ လက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိအမှု ၂ မှု - ထောင်ဒဏ် စုစုပေါင်း ၃ နှစ်
- နေပြည်တော်လရောင်တောမြေနေရာနဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်အသုံးပြုမှုမှာအဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၄ မှု - ထောင်ဒဏ် ၆ နှစ်
- ရန်ကုန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဆီကရွှေ နဲ့ ဒေါ်လာတွေကို လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အဂတိအမှု - ထောင်ဒဏ် ၅ နှစ်
- ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီးစွပ်စွဲခံရမှုနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အမှု - ထောင်ဒဏ် ၃ နှစ်
- သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နဲ့ အတူတရားစွဲခံခဲ့ရတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ပုဒ်မ - ထောင်ဒဏ် ၃ နှစ်
ဒါကြောင့် စစ်ကောင်စီပေးတဲ့ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လျော့ပေါ့ မှုပေးတဲ့အထဲ မှာ ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကျခံနေတဲ့ အမှုတွေထဲက ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ပုဒ်မနဲ့ အမှုတွေသာ အကျုံးဝင်တာဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ၆ ပုံ ၁ ပုံလျှော့ရက်ထဲ အကျုံးဝင်တဲ့ အဲဒီ အမှု ၂ ခု အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာပါ။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခံထားရတာဖြစ်လို့ ထိန်းသိမ်းခံကာလ လေးနှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှုတွေအတွက် ချုပ်ရက်ကာလတွေကိုပါထည့်တွက်ရင် အဲဒီ နှစ်မှုကလည်းလွတ်ရက်စေ့ပြီ လို့ ပြောနိုင်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
''နိုင်/လျှို့ဝှက်အမှုရော၊ ရွေးကောက်ပွဲ မလျော်သြဇာရောက အမှုချတဲ့အချိန်မှာ ချုပ်ရက်ခံစားခွင့်မပါဘူး။ အဲဒီ ၂ မှုကို ၂၀၂၂ စက်တင်ဘာနဲ့ ဒီဇင်ဘာကြားမှာ ချမှတ်ခဲ့တာတွေဖြစ်လို့ အခုဆိုရင် အဲဒီ ၂ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ၂ နှစ်နဲ့ ၄ လ ပြစ်ဒဏ်ကျခံပြီးပြီ။ ဆိုတော့ ၆ ပဲပြစ်ဒဏ်ကျခံဖို့လိုတော့တဲ့ သဘောပဲ။ အခု ၆ ပုံ ၁ ပုံဆိုရင်လည်း သူက ၆ လထဲက ၁ လပဲရတဲ့ သဘောဆိုတော့ သူရဲ့ ပြစ်ဒဏ်က ဘာမှမထူးပါဘူး'' လို့ ဒေါ်အောင်ဆန်းစုကြည်အမှုတွေနဲ့ ပတ်သက်လို့ လေ့လာနေတဲ့ ရှေ့နေ တစ်ဦးက ရှင်းပြပါတယ်။
အမေလွတ်မြောက်ဖို့မျှော်နေတဲ့ သားငယ် ကင်မ်
စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ကာလရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူ ကင်မ်အဲရစ် အပါအဝင် အာဆီယံခေါင်းဆောင်တွေနဲ့ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအင်အားစုတွေကတိုက်တွန်းမှုရှိလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပြီးသတ်လွတ်မြောက်လာမယ်လို့ ယူဆမျှော် လင့်လာကြသလို လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။
နိုင်ငံတဝန်း လက်နက်ကိုင်ခုခံမှုတွေ၊ မြို့သိမ်းတိုက်ပွဲတွေကို ရင်ဆိုင်နေရပြီး တိုင်းစစ်ဌာနချုပ်၂ ခုလက်လွှတ်ထားရတဲ့အထိ စစ်ရှုံးနေတဲ့ မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖဲချပ်ကိုထုတ်သုံးလာနိုင်တယ်ဆိုပြီး နိုင်ငံရေးသုံးသပ်သူ တချို့ကလည်း ယူဆခဲ့ကြပါတယ်။
ဒါအပြင် တရုတ်အပါအဝင် အာဆီယံခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ အကျဥ်းသားဖြစ်နေသူနဲ့ ပေးတွေ့ဖို့ဆိုတာ ဥပဒေနဲ့မညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က ငြင်းပယ်ခဲ့ပါတယ်။
လေးနှစ်တာကာလအတွင်း အစောပိုင်း အမှုတွေကြားနာချိန်ကလွဲပြီး ရှေ့နေတွေနဲ့တောင် တွေ့ခွင့်မရှိတော့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လက အဲဒီအချိန်က ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဦးဆောင်တဲ့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနဲ့ သီးသန့်တွေ့ဆုံခွင့် တစ်ကြိမ်သာရခဲ့ပါတယ်။
ဒွန်ပရာမွတ်ဝီနိုင်းဟာ ၂ နှစ်ခွဲ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့ ပထမဦးဆုံး သံတမန်တစ်ဦးဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှတွေ့ခွင့်ရတာမရှိသလို သူ့ကို ထောင်အပြင်ဘက်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
"မေမေက အခု အသက် ၇၉ နှစ်ပါ။ နောက်နှစ်ဆို အသက် ၈၀ ပြည့်ပြီ။ နေပြည်တော်ရဲ့ အကျဉ်းထောင်ထဲမှာ ဆိုးဆိုးရွားရွား အခြေအနေမျိုးနဲ့ နေနေရတာပါ။ သူ့အသက်အရွယ် အရရော၊ နောက်ပြီး ထောင်ထဲမှာ သူလိုအပ်နေတဲ့ ကျန်းမာရေးကုသစောင့်ရှောက်မှုတွေ မရရှိတဲ့ အခြေအနေ မျိုးမှာ မေမေ ထောင်ထဲမှာပဲ သေဆုံးသွားမှာကို ကျွန်တော် အထူး စိုးရိမ်မိပါတယ်။"
လာမယ့် ၂၀၂၅ ဇွန်လမှာ အသက် ၈၀ ပြည့်မယ့် မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို စိုးရိမ်ပူပန်မိတဲ့အကြောင်း သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက ဘီဘီစီကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းက ဖြေကြားခဲ့တာပါ။
မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူ ကင်မ် အဲရစ်က ၂၀၂၄ ဒီဇင်ဘာ နှောင်းပိုင်းကလည်း ထပ်ပြီးတောင်းဆိုခဲ့သလို ဗြိတိန်နိုင်ငံခြားရေးဝန်ဟောင်း ၃ ဦး ကလည်း တောင်းဆိုထားပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ် အာဏာပိုင်တွေကလွဲရင် ရှေ့နေတွေအပါအဝင် မည်သူကမှ တွေ့ခွင့်မရဘဲဘူးလို့ဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စစ်တပ်ရဲ့ ဆရာဝန်ကသာ ထိန်းချုပ်ထားတယ်လို့ သူကပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံဟိတ် က Independent TV ရဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မှတ်တမ်းရုပ်ရှင်မှာ "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆော်သြလုပ်ဆောင်ကြရမယ်" လို့ ပြောထားပြီး နောက်ထပ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ မယ်လ်ကွန်ရစ်ဖ်ကင်း နဲ့ ဂျက်ခ်စထရောတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကို ဒီမိုကရေစီနည်းလမ်းတကျ ဦးဆောင်ဖို့ အခွင့်အရေးနဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန် ကလည်း ဒီဇင်ဘာ ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်း အဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဘီဘီစီက အကျဥ်းထောင်နဲ့နီးစပ်သူတွေဆီကရတဲ့ အချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဥ်းချခံထားရချိန်မှာ သွားရောဂါ၊ အရိုးကျည်းပေါင်းတက်ရောဂါနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိနေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်ကတည်းက တွေ့ခွင့်မရတော့တဲ့ ရှေ့နေတွေအနေနဲ့လည်း အမှုသည်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို ၁၀ ကြိမ်ထက်မနည်း စာတင်တောင်းဆိုထားပါတယ်။
လက်ရှိမှာ ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်မရတာ ၂ နှစ် နီးပါးရှိပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်ဝန်းကျင်ကတည်းက နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ သူ့ကို ထိန်းသိမ်းထားတာ ၂ နှစ်ခွဲရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလတွေက နေအိမ် အကျယ်ချုပ်ဘဝ နဲ့ နှစ်ကာလရှည်နေခဲ့ရပေမဲ့ ဒီတစ်ကြိမ်မှာ တော့ အချုပ်ထောင်ထဲမှာ ကာလရှည်ရှိနေရတဲ့အခြေအနေ ဖြစ်ပါတယ်။
လက်ရှိမှာ အကျဥ်းချခံထားရသူတွေကို မိသားစုနဲ့တွေ့ဆုံခွင့် (ထောင်ဝင်စာလူတွေ့) ခွင့်ပြုနေပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေကို ဘယ်အချိန်ပေးတွေ့မလဲဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
လေးနှစ်တာအတွင်း ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမှု ၁၉ အမှုအတွက် အမှုအားလုံးကို အယူခံ၊ အထူးအယူခံ နဲ့ ပြင်ဆင်ချက်လျှောက်ထားတာတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ လျှောက်ထားခဲ့ပေမဲ့ ထောင်ဒဏ် လျှော့ပေါ့ခဲ့တဲ့ အမှု ၅ မှု ကလွဲပြီး ကျန်တဲ့အမှု အားလုံးပယ်ချခံခဲ့ရပါတယ်။
၂၀၂၃ သြဂုတ်မှာ ထောင်ဒဏ် လျှော့ပေါ့လိုက်တဲ့ အမှု ၅ မှုကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့တာဖြစ်လို့ အယူခံဆက်တက်တာလည်း အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်လည်း အကျဥ်းကျခံနေရဆဲဖြစ်ပါတယ်။ ဦးဝင်းမြင့်ကို စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အမှု ၈ မှုနဲ့တရားစွဲခဲ့ပြီး စုစုပေါင်း ထောင် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်လည်း စွဲဆိုခံခဲ့ရတဲ့ အမှုတွေထဲက အမှု နှစ်မှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။
ဒါ့ကြောင့် အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်ငြိမ်းသက်သာခွင့်မှာ ကျန်တဲ့ အမှု ၆ မှု အတွက် စုစုပေါင်း ထောင် ၁၀ နှစ် ဆက်ပြီးကျခံနေရတာပါ။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုသံတွေ ကျယ်လောင်ဆဲ
စစ်ကောင်စီရဲ့ ၂၀၂၅ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်မတိုင်ခင် ရက်ပိုင်းကပဲ ငွေဆောင်သဘောတူညီချက် ၇ ချက်ဆိုပြီး ထွက်ပေါ်ခဲ့ပါတယ်။
ပြည်တွင်းက နိုင်ငံရေးအင်အားစုတချို့ စုပေါင်းတွေ့ဆုံကြပြီး မြန်မာ့နိုင်ငံရေးမှာ သင့်မြတ်ပြေလည်တဲ့ အဖြေထွက်လာဖို့ သူတို့ သဘောထားအမြင်အရ လုပ်ဆောင်သင့်တဲ့ အချက်တချို့ကို ဆွေးနွေးသဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် ၇ ချက်က မြန်မာ့နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။
ဘီဘီစီက ဒီသဘောတူညီချက် မူရင်းကို ဖတ်ရှုခွင့်ရခဲ့ပြီး တိုင်းပြည်ရဲ့နိုင်ငံရေးလက်ငင်းလိုအပ်ချက်ဟာ ''ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လို့ အစပြုထားပါတယ်။
အဆိုပါအခြေအနေကို ရောက်ရှိရေးအတွက် သက်ဆိုင်သူအားလုံးလက်ခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ဦးတည်တဲ့နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ် လိုအပ်တယ်လို့ ဒုတိယအချက်အနေနဲ့ ဖော်ပြထားပါတယ်။
နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်တန့်ဖို့ လိုအပ်တယ် လို့ သဘောတူညီချက်မှာ ဆိုထားပါတယ်။
၂၀၂၄ နှောင်းပိုင်းမှာ ဒီလိုပြည်တွင်း အင်အားစုအချို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တောက်လျှောက်တောင်းဆိုတိုက်တွန်းမှုတွေနဲ့အတူ ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။
အာဆီယံနဲ့ အိမ်နီးချင်းထိုင်း၊လာအိုနဲ့ တရုတ်တို့ရဲ့ မြန်မာ့အရေးကြိုးပမ်းချက်တွေ အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေးတောင်းဆိုချက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမယ်လို့ ယူဆခဲ့ကြပေမဲ့ ၂၀၂၅ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါခဲ့ပါဘူး။
'' ပြည်တွင်း၊ပြည်ပ ဖိအားတွေပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ပြောနေပေမဲ့ စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို တွေးထားပုံမရဘူး၊ သူလွှတ်ပေးရင်တောင် သူလုပ်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲပြီးမှဖြစ်နိုင်မယ်'' လို့ စစ်တပ်နဲ့နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။