တိုက်ပွဲပြင်းထန်နေတဲ့ ကလေးမြို့နဲ့ ခြုံခိုတိုက်ခိုက်ခံရတဲ့ ဒုစစ်ဦးစီးချုပ်

အသိပေးချက် - အခုဆောင်းပါးမှာ ‌ဖေ‌ဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းထပ်မံရရှိတဲ့ အချက်အလက်တွေကို ဖြည့်စွက်ထားပါတယ်။

စစ်ကိုင်း၊ မကွေး နဲ့ ချင်း ဒေသသုံးခုဆုံရာမှာတည်ရှိနေတဲ့ ကလေးမြို့မှာ စစ်မျက်နှာပြင် လေးမျက်နှာအထိ ဖြန့်ကျက်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်နီးပါး ကြာမြင့်လာပါပြီ။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်လိုက်၊ စစ်ကောင်စီဘက်က လေကြောင်းအပြင် ရာနဲ့ချီတဲ့ မြေပြင်စစ်ကူတွေနဲ့ တန်ပြန်ထိုးစစ်ဆင်လိုက်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်မနက်ပိုင်းမှာတော့ တိုက်ပွဲတွေခေတ္တ ငြိမ်သက်နေပါတယ်။

“ကလေးတက္ကသိုလ်ထဲမှာ စစ်တပ်၊ စက္ကန့်ရွာဘက်မှာက ပျူစောထီးတွေနဲ့ ပူးပေါင်းအဖွဲ့တွေ အင်အား ပြန်ဖြည့်ထားပါပြီ” လို့ နောက်ဆုံးရမြေပြင်အခြေအနေကို ချင်းကာကွယ်ရေးတပ် (ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသ) CDF KKG တပ်ရင်း ၃ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုလို ဖေဖော်ဝါရီလအတွင်း နှစ်ဖက်အပြန်အလှန်ထိုးစစ်တွေကြား အလှုပ်ခတ်ဆုံးဖြစ်ရပ်တစ်ခုကတော့ ချင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ် (Salai David Naing Thang) ခြုံခိုက်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

ဇနီးသည်ထက် ရဲဘော်တွေကိုပိုချစ်တတ်သူ ဒုစစ်ဦးစီးချုပ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်တုန်းက ကလေးမြို့တောင်ဘက်စွန်း မှန်တောရွာနဲ့ အောင်သာယာရွာကြားမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပြီး ဒုစစ်ဦးစီးချုပ် အပါအဝင် CNDF ရဲဘော် သုံးဦး သေဆုံးခဲ့ပါတယ်။

“ဒုစစ်ဦးစီးချုပ်ဆိုတော့ ပုံမှန်ဆိုရင် လုံခြုံရေးအပြည့်အစုံနဲ့သွားပေမဲ့ အဲဒီနေ့က ဆိုင်ကယ်နှစ်စီးနဲ့ပဲ သွားခဲ့တာဖြစ်တယ်။ အနောက်ကပါလာတဲ့ လမ်းကြောင်းနဲ့ တစ်မိနစ်လောက်ပဲကွာမယ်၊ တိုက်ခိုက်ခံလိုက်ရတာပါ” လို့ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက ပြောပါတယ်။

CNDF ဦးဆောင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ် ကျဆုံးခဲ့ပေမဲ့ ကလေးမြို့အနောက်တောင်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ တိုက်ပွဲတွေဆက်ပြင်းထန်ခဲ့ပြီး စစ်ရေးတင်းမာနေပါတယ်။

“သူ့ညီလေးတွေထက် သူ့ကိုယ်သူပဲ ပေးဆပ်ချင်တာ။ သူ့အမျိုးသမီးထက်တောင် သူ့ရဲဘော်တွေကို ချစ်တာဆိုပြီး စနောက်ခဲ့တာ”

စစ်မြေပြင်မှာကျဆုံးခဲ့တဲ့ ဒုဦးစီးချုပ် ဆလိုင်းဒေးဗစ်အကြောင်း ဇနီးဖြစ်သူက ဘီဘီစီကို ပြန်ပြောင်း ပြောပြပါတယ်။

စစ်အာဏာမသိမ်းခင်က ခရစ်ယာန်ဓမ္မတေးအဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းချိန်မှာတော့ ချင်းပြည်နယ်၊ ဖလမ်းမြို့က သပိတ်ခေါင်းဆောင်၊ အဲဒီကနေ CNDF ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်လာခဲ့သူပါ။

စစ်အာဏာသိမ်းသုံးနှစ် ကျော်ကာလအတွင်း မိသားစုခိုလှုံရာအိမ်ထက် တော်လှန်ရေးရဲဘော်တွေနဲ့အတူ မြေပြင်မှာပိုပြီးအချိန်ကုန်ဆုံးလေ့ရှိပါတယ်။ အခုတော့ ဖေဖော်ဝါရီလအစပိုင်းမှာ နာရီပိုင်းသာတွေ့မြင်ခဲ့ရတဲ့ ခင်ပွန်းသည် ရုတ်တရက်သေဆုံးသွားတဲ့သတင်းကို ဇနီးသည်ဖြစ်သူက ဒီကနေ့အချိန်အထိ လက်မခံနိုင်ဖြစ်နေဆဲပါ။

“အဲဒီနေ့က မနက် ၂ နာရီလောက်ပြန်လာတယ်၊ လေးရက်လောက်မအိပ်ရသေးဘူးဆိုပြီး သူအိပ်တယ်။ မနက်စောစော ပြန်ထွက်သွားတာ။ ပုံမှန်ဆိုလည်း စစ်ရေးသတင်းပြောပြလေ့မရှိတော့ ဖုန်းလည်း သိပ်မဆက်သွယ်ဖြစ်ခဲ့ဘူး” လို့ နောက်ဆုံးလူချင်းတွေ့ဆုံခဲ့ရတဲ့ အခိုက်အတန့်အကြောင်း သူက ဆက်ပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်ကိုလိုက်ပါပြီး တိုက်ပွဲဝင်လေ့ရှိတဲ့ အသက် ၃၄ နှစ်အရွယ် ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ် တို့လာမယ့်လမ်းကြောင်းကို စစ်ကောင်စီဘက်က ကြိုတင်သတင်းရရှိပြီး ခြုံခိုတိုက်ခိုက်တဲ့အနေအထားလို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

“ကင်းပွိုင့်နှစ်နေရာချထားပေမဲ့ ကြားကနေ ဖောက်ပြီးတိုက်ခိုက်ခံရတာပါ။ အောင်သာယာရွာလမ်းထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီးတော့ CNDF မှာ ထိပ်ပိုင်းခေါင်းဆောင် ပထမဆုံး ကျဆုံးတာလည်းဖြစ်ပါတယ်” လို့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်း က ဖေဖော်ဝါရီ ၂၃ ရက်နေ့ဖြစ်စဉ်အကြောင်း ပြောပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ဒုစစ်ဦးစီးချုပ်အပြင် ကိုယ်ရံတော် ဆလိုင်းအာမိုစ် (Salai Amos Van Nei Lian) နဲ့ အမျိုးသမီးလက်ဖြောင့်သေနတ်ပစ်သမားတစ်ဦးဖြစ်တဲ့ အားငယ် (Mai Julia Sui Nei Kim) တို့လည်း သေဆုံးခဲ့ကြပါတယ်။

ဒုစစ်ဦးစီးချုပ်နဲ့အတူလိုက်ပါလာသူ နှစ်ဦးစလုံးဟာ အသက် ၁၉ နှစ်နဲ့ ၂၄ နှစ်အရွယ် လူငယ်တွေလည်း ဖြစ်ပါတယ်။

“အစက ဖမ်းဆီးခံရပြီးသတ်ဖြတ်ခံရတယ်လို့ သတင်းတွေထွက်လာတာပေါ့လေ။ လမ်းကြောင်းလိုက်ပါခဲ့တဲ့ တပ်ရင်းမှူးတွေရဲ့ အပြောအရ နှစ်ဖက်ပစ်ခတ်သံတွေ အတော်ဆူညံသံတွေကြားခဲ့ရတယ်”

“တစ်ဖက်က လူအင်အားရော လက်နက်အင်အားရော သာလွန်ခဲ့လို့ အခုလိုဖြစ်တာပါ။ ကျွန်တော်တို့ဘက်က ထောက်လှမ်းရေးအချို့ကလွဲပြီး ဖြစ်စဉ်နေရာကို ပြန်သွားကြည့်လို့မရသေးဘူး” လို့ CNDF ရဲဘော် ဆလိုင်းဝီလျံချင်းက မြေပြင်အခြေအနေအကြောင်း ရှင်းပြပါတယ်။

သေဆုံးပြီးနောက်တစ်ရက်မှာပဲ ခရစ်ယာန်ထုံးတမ်းဓလေ့နဲ့ နာရေးစီစဉ်ပေးခဲ့သလို “ဖြစ်နိုင်ရင် သူ့ရဲ့ လွယ်အိတ်လေးပဲဖြစ်ဖြစ် ပြန်လိုချင်မိတယ်လို့ တောင်းဆိုထားတယ်” လို့ ဇနီးဖြစ်သူက ဘီဘီစီကို ရင်ဖွင့်ပြောပြခဲ့တာပါ။

စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေနဲ့ တပ်ထောက်ခံသူတွေကြားမှာလည်း ဒီဖြစ်ရပ်ဟာ စစ်တပ်ဘက်ကသတင်းအရ ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြကြပေမဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ တစ်စုံတစ်ရာပြောလာတာမရှိပါဘူး။

အခုဖြစ်ရပ်အပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၂၆ ရက်မှာဖြစ်ခဲ့တဲ့ ကလေးတက္ကသိုလ်အတွင်း တိုက်ပွဲနဲ့ပတ် သက်လို့တော့ စစ်ကောင်စီဘက်က ဓာတ်ပုံနဲ့တကွ နေ့စဉ်ထုတ်သတင်းစာမှာ ဖော်ပြလာပါတယ်။

အပြန်အလှန်ထိုးစစ်ဆင်နေတဲ့ ကလေးမြို့စစ်မျက်နှာ

စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တည်ရှိရာ ကလေးမြို့ကို ပတ်ပတ်လည်ဝိုင်းထား နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက ရည်ရွယ်တိုက်ခိုက်နေတာလို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပြပါတယ်။

ဖေဖော်ဝါရီ ဒုတိယအပတ်ကစတဲ့ တိုက်ပွဲတွေဖြန့်ကျက်ဖြစ်ပွားနေပြီး အာဏာသိမ်းစကတည်းက စစ်ကောင်စီတပ်ရဲ့ အခိုင်အမာတပ်စွဲထားရာ ကလေးတက္ကသိုလ်၊ မြို့အထွက်က စက္ကန့်ရွာ၊ ပြည်သူ့စစ် အားကောင်းရာ မှန်တောရွာတဝိုက်နဲ့ ကလေးမြို့မြောက်ပိုင်းက ကံကြီးနဲ့ ကံသာရွာတစ်ကြောမှာ တိုက်ပွဲ ဖြစ်နေတာပါ။

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၃ ရက် သုံးရက်အတွင်းမှာပဲ ကလေးမြို့ပေါ်နဲ့ အနီးဆုံးကျေးရွာတစ်ရွာဖြစ်တဲ့ စက္ကန့်ရွာနဲ့ မြောက်ပိုင်းမှာရှိတဲ့ ကံကြီး၊ ကံသာ စတဲ့ရွာတွေက စစ်ကောင်စီအခြေစိုက်စခန်းတွေကို သိမ်းပိုက်နိုင်တယ်လို့ အမှတ် (၁) စစ်ဒေသ ကနေ တရားဝင်ကြေညာခဲ့ပါတယ်။

ဒီစခန်းတွေထဲက ကံကြီး၊ ကံသာရွာတွေကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပေမဲ့ စက္ကန့်ရွာကိုပြန်လက်လွှတ်လိုက်ရပြီလို့ CDF KKG ကနေ သိရပါတယ်။

“သူတို့က မြောက်ခရမ်း၊ ဟံသာဝတီဘက်က ပျူအင်အားတွေနဲ့ ပြန်ဝင်လာတယ်။ ကျွန်တော်တို့က ကလေးတက္ကသိုလ်ဘက်ကို အင်အားဖြန့်နေရတဲ့အတွက် နောက်ဆုတ်လိုက်ရတယ်” CDF KKG တပ်ရင်း ၃၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒီလိုပြည်သူ့ကာကွယ်ရေးတပ်တွေ အင်အားဖြည့်တင်းခဲ့ရတဲ့ ကလေးတက္ကသိုလ်တိုက်ပွဲမှာ နှစ်ဖက်အထိအခိုက်များခဲ့သလို စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ တိုက်လေယာဉ်တို့နဲ့ဆက်တိုက်လေကြောင်းပစ်ကူတွေကြောင့် တက္ကသိုလ်အနီးက အရပ်သားတွေ ထိခိုက်တဲ့အခြေအနေပါ ကြုံခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် တိုက်ပွဲဖြစ်နေချိန် တက္ကသိုလ်ထဲက ဆရာဆရာမနဲ့ ကျောင်းသားကျောင်းသူ ၂၈၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဖမ်းဆီးခဲ့တာကြောင့် အချိန်မီပြန်လည်ကယ်ဆယ်ခဲ့ပေမဲ့ အချို့ကတော့ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲလို့ စစ်ကောင်စီဘက်က နေ့တွင်းချင်း သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းစစ်ကောင်စီရဲ့ ထပ်မံသတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းကဖမ်းဆီးခံခဲ့ရတဲ့ ဆရာ၊ဆရာမ နဲ့ ကျောင်းသား၊ကျောင်းသူ၂၈၅ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်တင်ခဲ့ပြီး အုပ်ထိန်းသူမိဘတွေဆီကိုပြန်လည်အပ်နှံပေးခဲ့တယ်ဆိုပြီး ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း NUG ရေဒီယို ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ခင်းအစီအစဥ်မှာလည်း ကလေးတက္ကသိုလ်က ဆရာ၊ဆရာမတွေအပါအဝင် လူဦးရေ ၁၄၀ ကျော်ကို ကယ်ထုတ်ခဲ့တယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကပြောကြားတဲ့အကြောင်း ထုတ်လွှင့်သွားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ CDF KKG ကတော့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ဘက်ကနေ ကလေးတက္ကသိုလ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို တိုက်ပွဲထဲမပိတ်မိအောင် ဘေးလွတ်ရာရွှေ့ပေးခဲ့တာလို့ တုံ့ပြန်ပါတယ်။

ထိန်းသိမ်းထားသူတွေရှိသလားလို့ ဘီဘီစီက မေးမြန်းချိန်မှာတော့ “တိတိကျကျ မပြောနိုင်သေးဘူး” လို့ သာ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဖြေကြားပါတယ်။

မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးကို ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်း ဘီဘီစီကဆက်သွယ်မေးမြန်းကြည့်ချက်အရ ဆရာ၊ ကျောင်းသားအယောက် ၂၀၀ ကျော်ကို စစ်ကောင်စီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထဲကို ခေါ်ယူသွားတယ်လို့ သိရကြောင်းပြောပါတယ်။ ဘီဘီစီအနေနဲ့ ကလေးတက္ကသိုလ်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး နောက်ထပ်မြေပြင်အခြေအနေသိရှိသဒေသခံတချို့ ထပ်ပြီးဆက်သွယ်မေးမြန်းနေပါတယ်။

အခုလိုတိုက်ပွဲပြင်းထန်နေတဲ့ ကလေးမြို့စစ်မျက်နှာပြင်တွေကို စစ်ကောင်စီတပ်ကူဖြည့်တင်းရာမှာ မြို့တောင်ပိုင်းက ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) တွေကို အလုံးအရင်းအသုံးပြုနေတယ် လို့ မြေပြင်မှာတိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေက ထောက်ပြပါတယ်။

ကလေး - ဂန့်ဂေါလမ်းမကြီးဘေးမှာရှိတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့အပိုင်ထဲက မြောက်ခင်ရန်း၊ ဟံသာဝတီ စတဲ့ ရွာတွေဟာ ပြည်သူ့စစ်အားကောင်းတဲ့ရွာတွေဖြစ်ပြီး စက္ကန့်ရွာတိုက်ပွဲ၊ မှန်တောနဲ့ အောင်သာယာရွာ ကြားက CNDF ဒုစစ်ဦးစီးချုပ် ခြုံခိုတိုက်ခိုက်မှုတွေမှာ ပါဝင်တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။

“မြောက်ခင်ရမ်းက ပျူတွေကို မကြာသေးခင်ကပဲ လက်နက်အင်အားအလုံးအရင်းတပ်ဆင်ပေးတယ်လို့ သတင်းရထားတယ်။ အခုခြုံခိုတိုက်ခိုက်မှုမှာလည်း သူတို့အင်အားရာချီပါတယ်လို့ စုံစမ်းရတယ်” လို့ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက သူရထားတဲ့အချက်အလက်ကို ပြန်ပြောပြပါတယ်။

စစ်မျက်နှာပြင်လေးခုမှာ စစ်ကောင်စီရဲ့ လူ၊လက်နက်သာလွန်အင်အားတွေနဲ့ တိုက်ခိုက်တာကိုကြုံနေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပြီး ဖေဖော်ဝါရီလတိုက်ပွဲတွေဟာ အတက်အကျကြမ်းတဲ့ကာလတွေလို့ မှတ်ချက်ပြုပါတယ်။

ဒုဦးစီးချုပ်အပါအဝင် သုံးဦးအပြင် စက္ကန့်ရွာထဲမှာ မိုင်းရှင်းလင်းချိန် မိုင်းနင်းမိလို့ ရဲဘော်တစ်ဦးသေဆုံးခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၃ ရက် တစ်ရက်တည်းမှာတင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ၄ ဦး သေဆုံးခဲ့သလို တိုက်ပွဲတစ်လျှောက် တော်လှန်ရေးပူးပေါင်းတပ်တွေမှာ ထိခိုက်သေဆုံးသူတွေရှိနေပြီး အတိအကျတော့ ထုတ်ပြန်လာတာမရှိသေးပါဘူး။

“သူက ဂီတသမားဆိုတော့ သူ့ရဲဘော်တစ်ဦးကျတိုင်း အိမ်မှာဂီတာတီးပြီး သီချင်းဆိုလေ့ရှိတယ်” လို့ စစ်မြေပြင်မှာ အသက်ပေးခဲ့ရတဲ့ တော်လှန်ရေးသမား ဒုစစ်ဦးစီးချုပ်တစ်ယောက်ရဲ့ အလေ့အကျင့်တစ်ခုကို ဇနီးဖြစ်သူက အမှတ်တရအနေနဲ့ ပြောပြပါတယ်။

ကိုယ်တိုင်လည်း အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်ထားတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဇနီးသည်ဟာ စစ်အာဏာသိမ်းမှုအောက်မှာ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ကနေ ဖြစ်တည်လာတဲ့ ၁ နှစ်နဲ့ ၁၁ လအရွယ် သားဖြစ်သူကို အဖေတူသားတစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဇနီးက ပြောပါတယ်။

“တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်တတ်တဲ့ သူ့အဖေလိုမျိုး၊ အဖေထက်ပိုပြီး တိုင်းပြည်ကိုချစ်တတ်အောင် သွန်သင်ပေးချင်တယ်” လို့ ဇနီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးတိုင်း ဓမ္မတေးဆိုဆုတောင်းလေ့ရှိတဲ့ ချင်းတော်လှန်ရေးတပ် ဒုစစ်ဦးစီးချုပ်ရဲ့ နောက်ဆုံးခရီးမှာတော့ သူ့နေအိမ်က ဂီတာလည်း အသံတိတ်သွားခဲ့ပြီဖြစ်ပါတယ်။