ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၂၇ ရက် ထိပ်တန်းသတင်းများ - ထိုင်းက တန်ဖိုးမြင့်အိမ်ခြံမြေဝယ်ယူမှုအများဆုံးတတိယနေရာမှာ မြန်မာရပ်တည်
ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေက တန်ဖိုးမြင့်အိမ်ခြံမြေတွေကို ဝယ်ယူမှုအများဆုံးနိုင်ငံတွေရဲ့ စာရင်းမှာ မြန်မာက တတိယနေရာမှာရှိနေပြီး ၂၀၂၃ ခုနှစ်တစ်နှစ်အတွင်း ထိုင်းဘတ်ငွေ ၂ ဒသမ ၂၅ ဘီလီယံခန့် ( ကျပ်ငွေ သိန်းပေါင်း ၂ သန်း ၂ သိန်း ကျော်) သုံးစွဲထားတယ်လို့ ထိုင်းအစိုးရအိမ်ရာဘဏ် အိမ်ခြံမြေရောင်းဝယ်ရေး သတင်းအချက်အလက်စင်တာ (REIC) မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ တန်းဖိုးမြင့်အိမ်ခြံမြေဝယ်ယူမှုအများဆုံး ထိပ်တန်းပထမနေရာမှာ တရုတ်ကရပ်တည်နေတာဖြစ်ပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဘန်ကောက်မြို့ အပါအဝင် ဖူးခက်နဲ့ ချင်းမိုင်မှာ ရှိတဲ့ တန်ဖိုးမြင့်အိမ်ခြံမြေတွေကို ဝယ်ယူဖို့ပိုပြီး စိတ်ဝင်တစားရှိကြတယ်လို့ ထိုင်းအိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကာလိုက ဆိုပါတယ်။
“မြန်မာက နိုင်ငံရေးမတည်ငြိမ်မှုတွေက သန်းကြွယ်သူဌေးတွေကို ထိုင်းနိုင်ငံမှာ အိမ်ခြံမြေတွေဝယ်ယူပြီး ဒုတိယအိမ်ဖြစ်အောင် တွန်းအားဖြစ်စေတဲ့ အရေးကြီးတဲ့အချက်တွေပဲ” လို့ ကာလိုကဆိုပါတယ်။
ဒါအပြင် မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ အိမ်ခြံမြေတွေဟာ တရုတ်နဲ့ ရုရှားဝယ်ယူသူတွေထက် ဘတ်ငွေ ၆ ဒသမ ၅ သန်းလောက် တန်ဖိုးပိုများလေ့ရှိတယ်လို့လည်း ထည့်ပြောထားပါတယ်။
မြန်မာနိုင်ငံသား သန်းကြွယ်သူဌေးတွေက ဖူးခက်က လဂူနာနဲ့ ဘန်းသောင်ဇုန်တွေမှာရှိတဲ့ ဇိမ်ခံရေကူးကန်ပါ ဗီလာအိမ်ရာတွေကို အထူးစိတ်ဝင်စားကြပြီး အဲဒီနေရာမှာ ဆောက်လုပ်မပြီးစီးခင်မှာပဲ ဘတ်ငွေ သန်း ၄၀ ကျော်တန်ဖိုး ရောင်းချထားပြီးပြီလို့ သူကပြောထားပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဒီလိုတန်ဖိုးမြင့်အိမ်ခြံမြေတွေဝယ်ယူတာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပိုပြီးသိသိသာသာ မြင့်တက်လာတယ်လို့ ထိုင်းကလာတဲ့သတင်းမှာ ဖော်ပြထားပါတယ်။
ပုဏ္ဏားကျွန်း ရဲစခန်းက ရဲအုပ်အပါအဝင် ၂၃ ဦး အေအေ ကိုဘက်ပြောင်း
ရပိုင်ခွင့်တွေဆုံးရှုံးတာနဲ့ ရိက္ခာမလုံလောက်တာတွေကြောင့် ဘက်ပြောင်းခိုလှုံတယ်ဆိုပြီး ပုဏ္ဏားကျွန်း မြို့မရဲစခန်းက ရဲအုပ်ကျော်စိုးအောင်နဲ့ တပ်ဖွဲ့ဝင်(၂၃)ယောက်ရဲ့ ထွက်ဆိုချက်ရုပ်သံဖိုင်ကို
ရက္ခိုင့်တပ်တော် အေအေ က ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
အေအေထုတ်ပြန်တဲ့ရုပ်သံဖိုင်ထဲမှာ ရဲအုပ် ကျော်စိုးအောင်ရဲ့ ပြောဆိုချက်အရ တပ်ဖွဲ့အင်အားမလုံလောက်တာ၊ ရိက္ခာမလုံလောက်တာနဲ့ ရပိုင်ခွင့်တွေဆုံးရှုံးနေတာကြောင့် ဘက်ပြောင်းခဲ့တာလို့ ရဲအုပ်ကျော်စိုးအောင်ကပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ပြည်မကနေရခိုင်ကို ၂ နှစ်တာဝန်နဲ့ လာရတာဖြစ်ပါတယ်။ဒါပေမယ့် ၂ နှစ် ပြည့်လို့ စာတင်မယ်ဆိုတော့လည်း ပြောင်းရွှေ့ခွင့်က ၃ နှစ်ဖြစ်သွားတယ်။ ၃ နှစ်ပြည့်လို့ စာတင်မယ်ဆိုတော့လည်း လူကြီးတွေက ကျွန်တော်တို့ကို ပြောင်းရွှေ့ခွင့်မပေးဘူး။ နောက်ပြီးတော့ နှုတ်ထွက်ခွင့်ပေါ့။ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ နှုတ်ထွက်ခွင့်တို့ ရှောင်တခင်ခွင့်တို့ဆိုရင်လည်း ကန့်သတ်ထားတယ်။ အဲဒါတွေကို မခံနိုင်တော့လို့ ULA/AAဆီမှာအလင်းဝင်လာရခြင်းဖြစ်တယ်” လို့ ရဲအုပ်ကျော်စိုးအောင်ကပြောပါတယ်။
ရဲအုပ်နဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ(၂၂)ရက်က ဘက်ပြောင်းလာတယ်ဆိုပါတယ်။ တပ်ဖွဲ့ဝင်တွေအားလုံးအသက်ရှင်ပြီး မိသားစုဝင်တွေစိတ်မပူဖို့လည်းထည့်ပြောထားပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ အေအေရဲ့ ထုတ်ပြန်ချက်မှာလည်း ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။ ရခိုင် ပြည်သူတွေကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့အမိန့်ပေးခဲ့တဲ့ အရာရှိတွေနဲ့ အကောင်ထည်ဖော်ခဲ့တဲ့သူတွေကိုတော့ စစ်ခုံရုံးတင်ပြီးအရေးယူသွားမယ်လို့ဆိုထားပါတယ်။
မုံရွာရဲချုပ်မှာ နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရပြီး တရားရုံးတင်တာမရှိတဲ့ အချုပ်သား ရာနဲ့ချီရှိနေတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ်(၁)ရဲစခန်းရဲ့ အချုပ်ထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူဦးရေ ၂၀၀ ကျော်ရှိနေပြီး အဲဒီထဲက လူဦးရေ ၁၀၀ ကျော်ဟာ ဖမ်းဆီးခံထားရတာ တစ်နှစ်ကျော်ရှိလာပေမဲ့ တရားရုံးတင်စစ်ဆေးတာမရှိဘဲ အချုပ်နဲ့နေရတာတစ်နှစ်နီးပါးရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုသိုက်ထွန်းဦးကပြောပါတယ်။
“နိုင်ငံတကာဥပဒေတွေအရဆိုရင်လည်း အပြစ်မရှိဘဲ လူတစ်ယောက်ကို ၂၄နာရီ ဒါမှမဟုတ် ၄၈နာရီထပ် ပိုပြီးဖမ်းဆီးချုပ်နှောင်ထားလို့မရဘူးဆိုတာရှိတယ်။ ဒါကရဲကျင့်ထုံးတွေကိုမလိုက်နာဘဲနဲ့ လုပ်နေတယ်။ စွဲချက်တင်ခံရသူတွေက ဖြေရှင်းပိုင်ခွင့်ရှိတယ်။ အခုအချုပ်ကနေ တရားရုံးမပို့ဘဲ ထားတာက အင်မတန်စိုးရိမ်ရတယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေသတ်ဖြတ်မှုတွေခံရနိုင်တယ်။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ကိုသိုက်ထွန်းဦးကပြောပါတယ်။
မုံရွာအမှတ်(၁)ရဲစခန်းရဲ့ အချုပ်ခန်း(၃)ခန်းမှာ အသက်မပြည့်တဲ့ကလေးသူငယ်(၂၀)လည်း ဖမ်းဆီးခံထားရတယ် လို့ဆိုပါတယ်။ ဒီအချုပ်ထဲမှာ အစားစာ လုံလုံလောက်လောက် မရတာ၊ တစ်လတစ်ကြိမ်မိသားစုနဲ့တွေ့ခွင့် မရတာနဲ့ လုံလောက်တဲ့ဆေးဝါးစောင့်ရှောက်မှုတွေမရဖြစ်နေတယ်လို့ လည်း ကွန်ရက်ရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ရဲစခန်းသိမ်းခံရတဲ့ ဖားကန့်မြို့ တာမခန်မှာ တိုက်ပွဲပြင်းထန်
နန့်ရေတောင် တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက မနေ့ ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာလည်း တာမခန်အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ဆက်ပြီးတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။
“မနေ့ကတော့ ရဲစခန်းကျသွားတယ်၊ အခု တပ်စခန်းကိုပါ ထပ်ပြီးတိုက်နေတာ၊ ဒီမနက်တင် လေကြောင်းကနေပစ်တာ ၃ ကြိမ်ရှိပြီ” လို့ သူကပြောပါတယ်။
တချိန်တည်းမှာပဲ တာမခန်ရွာအနီးမှာရှိတဲ့ နန့်ရေတောင်ရွာအခြေစိုက် စစ်တပ်စခန်းကိုလည်း KIA နဲ့ PDFပူးပေါင်းအဖွဲ့တွေက မနေ့ ညနေပိုင်းကတည်းကစပြီး တိုက်ခိုက်နေတာလို့ ဒေသခံတချို့ကဆိုပါတယ်။
တာမခန်ရွာနဲ့ နန့်ရေတောင်ရွာတို့ဟာ ဖားကန့်မြို့တောင်ဘက်ပိုင်း ၁၂ မိုင်ဝန်းကျင်မှာရှိပြီး တောင်တက်လမ်းကြမ်းကိုဖြတ်ပြီးသွားရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်မကုန်းကနေ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ပေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“မနေ့ကတည်းက ပစ်နေတာ၊ အခုအချိန်ထိလည်း ပစ်နေတုန်းပဲ တစ်ခါပစ်ရင် ၈ ချက် ၁၀ ချက်လောက်ဆက်တိုက်ပစ်နေတာ” လို့ သူကပြောပြပါတယ်။
ဖားကန့်မြို့ထဲမှာလည်း ဖိုင်ဘာကြိုးအင်တာနက်တစ်ခုသာသုံးလို့ရပြီး ဖုန်းဒေတာအင်တာနက်တွေ ဖြတ်တောက်ခံထားရတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ကချင်ဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ကလေးတက္ကသိုလ်က ပညာရေးဝန်ထမ်းနဲ့ ကျောင်းသားတွေ ဘယ်လိုအခြေအနေရှိနေလဲ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာရှိတဲ့ ကလေးတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရသလို ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်က ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ CDF KKG ကတော့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ဘက်ကနေ ကလေးတက္ကသိုလ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တက္ကသိုလ်ဝန်းထဲမှာရှိတဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေကို တိုက်ပွဲထဲမပိတ်မိအောင် ဘေးလွတ်ရာရွှေ့ပေးခဲ့တာလို့ တုံ့ပြန်ပါတယ်။
"မနေ့ညနေပိုင်းကျွန်တော်တို့ ပြန်ဆုတ်တဲ့အချိန်မှာ ဒီဆရာ၊ဆရာမနဲ့ကျောင်းသားတွေကို သူတို့ပြန်ခေါ်သွားပြီ။ ကျွန်တော်တို့ဆီမှာ အချို့ ကျန်သေးလားဆိုတာကတော့ တိတိကျကျမပြောနိုင်သေးဘူး" လို့ CDF KKG တပ်ရင်း ၃ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
နှစ်ဖက်ထုတ်ပြန်ပြောဆိုချက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်းစစ်ကူတွေ ဆက်တိုက်အသုံးပြုပြီး အင်အားရာချီဖြည့်တင်းတာတွေကြောင့် မနေ့ညနေပိုင်းတုန်းက တက္ကသိုလ်ဝန်းထဲကနေ တော်လှန်ရေးအဖွဲ့တွေပြန်လည်ဆုတ်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
မနေ့ကတိုက်ပွဲမှာ နှစ်ဖက်အထိအခိုက်အကျအဆုံးများသလို တက္ကသိုလ်အနီးမှာနေထိုင်တဲ့ အရပ်သားပြည်သူဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရကြတယ်လို့ ကနဦးသတင်းတွေအရသိရပြီး အသေးစိတ်ကိုတော့ ဒေသခံတွေနဲ့ မေးမြန်းနိုင်ဖို့ ဘီဘီစီကြိုးစားနေပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ကလေးတက္ကသိုလ်အနီးတိုက်ပွဲဖြစ်ပွားတာမရှိသလို ကလေးမြို့တကြောမှာလည်း စစ်ရေးတင်းမာနေတဲ့အခြေအနေလို့ သိရပါတယ်။
ကလေးမြို့ရဲ့ အနောက်တောင်ပိုင်း၊ တောင်ပိုင်း ၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ အခုဖေဖော်ဝါရီဒုတိယအပတ်ကစလို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။
ကော့ကရိတ်နဲ့ အာရှလမ်းမကြီးကိုထိန်းချုပ်ထားနိုင်ပြီလို့ KNU ပြော
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်ဖို့အတွက်အဓိကကျတဲ့ အာရှလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ပြီး ကော့ရိတ်မြို့တွင်းမှာလည်း အုပ်ချုပ်ရေးယန္တရားချနိုင်ဖို့ စီစဉ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဖေဖော်ဝါရီ(၂၇)ရက်မှာကြေညာပါတယ်။
မြို့ရဲ့(၆၀)ရာခိုင်နှုန်းကိုထိန်းထားနိုင်ပြီလို့လည်း NUG တောင်ပိုင်းတိုင်းစစ်ဒေသက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့KNLA/KNU ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်နေတာ လချီကြာလာပြီဖြစ်ပြီး စစ်ရှောင်(၃) သောင်း ကျော် ရှိလာနေတာပါ။
ကော့ကရိတ်မြို့တွင်းကနေ စစ်ရှောင်နေရတဲ့ပြည်သူတွေရဲ့ နေအိမ် ဆိုင်ခန်း တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး တာနဲ့ လက်နက်ကြီး လက်နက်ငယ်နဲ့ပစ်ခတ်တာအပြင် ဒရုန်းနဲ့ဗုံးကြဲပစ်ခတ်တာတွေလည်း လုပ်နေတယ်လို့ KNUထုတ်ပြန်ချက်မှာပြောထားပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင်အိုးအိမ်ဆိုင်ခန်းအများအပြားပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းက အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မင်းပြား တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းရဲ့ အစိတ်အပိုင်းအများစုကို သိမ်းပိုက်ထားတယ်လို့ အေအေပြော
လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၁၃ ဦးထက်မနည်းဒဏ်ရာရ
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရဲ့ အစိတ်အပိုင်းတော်တော်များများကို သိမ်းပိုက်ထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ထားပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့နေရာအချို့နဲ့ ဆေးရုံ၊ ဆေးခန်းတော်တော်များများ ပျက်စီးသွားပြီလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီရဲ့ အမှတ် (၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို အေအေဘက်က ၉ ရက်ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အေအေထုတ်ပြန်သလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပြန်လည်ခုခံတိုက်ခိုက်နေတာကြောင့် မင်းပြားမြို့တဝိုက်တိုက်ပွဲပြင်းထန်နေတာလို့ မြေပြင်မှာရှိတဲ့ဒေသခံတွေကဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရာမောင်တံတားအနီး သေကံကျေးရွာက ဒေသခံ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပြီး အဲဒီထဲက တချို့ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
မင်းပြားမြို့က ဆေးရုံဆေးခန်းတွေ ပျက်စီးသွားသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခြားနေရာအထိ ဆေးသွားကုဖို့ မလွယ်ကူတာကြောင့် ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းမှာပဲ ဖြစ်သလို ဆေးကုနေရတယ်လို့ သူကဆက်ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ချအညံ့မခံတဲ့စခန်းတွေထဲက တစ်ခုဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့က ခြေမြန်တပ်ရင်း (ခမရ-၅၅၀) တပ်ရင်းဌာနချုပ်ကို အေအေဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း စစ်တပ်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်မထားဖို့အပြင် ဂုဏ်သိက္ခာရှိရှိဆက်ဆံဖို့ သူ့ရဲ့ X (အရင်တွစ်တာ) လူမှုကွန်ရက်အကောင့်ကနေ မနေ့ဖေဖော်ဝါရီ ၂၆ ရက်မှာပဲ ရေးသားပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ရခိုင်ဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။