တပ်မြို့ပြင်ဦးလွင် ရှော့တိုက်ဒုံးတိုက်ခိုက်ခံရမှု ဘယ်လိုဖြစ်ခဲ့လဲ

စစ်ကောင်စီ ဗိုလ်လောင်းတွေကို မွေးထုတ်ပေးနေတဲ့ တပ်မြို့လို့ ခေါ်ကြတဲ့ ပြင်ဦးလွင်မြို့ဟာ ၂၀၂၄ ခုနှစ် ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ညမှာ ရှော့တိုက်ဒုံးတွေဟာ မိုးရွာသလို ကောင်းကင်ကနေ ကျလာခဲ့ပါတယ်။

ဘီဘီစီကို ပေးပို့လာတဲ့ ဗွီဒီယိုတွေအရ မီးရောင်တွေတောက်နေတဲ့ ရှော့တိုက်ဒုံးတွေဟာ တောင်ကုန်းတနေရာကနေ စက္ကန့်ပိုင်းအတွင်း လေခွင်းသံတဝီးဝီးနဲ့ ဆက်တိုက်ထွက်လာတာကို တွေ့ရပါတယ်။

“ခေါင်းပေါ်က ဖြတ်သွားသလိုပဲ ကြားနေရတာ” လို့ ပြင်ဦးလွင်မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

စစ်ခေါင်းဆောင်ကို ဦးတည်တဲ့တိုက်ခိုက်မှုလို့ဆို

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သင်္ကြန်ကာလအတွင်းမှာ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်နဲ့ စစ်နည်းပညာတက္ကသိုလ်တွေမှာ ရောက်ရှိနေချိန် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY PDF)က ၁၀၇ ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၇ လုံး ပေါက်ကွဲခဲ့တယ်လို့ NUG ရဲ့ ရုပ်သံသတင်းဌာနဖြစ်တဲ့ PVTV က သတင်း ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဧပြီ ၁၄ ရက် ၉ နာရီမှာ စတင်တာဖြစ်ပြီး ရှော့တိုက်ဒုံးပေါက်ကွဲတဲ့နေရာတွေဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှိနေတယ်လို့ ယူဆရတဲ့ အိမ်တော်နေရာ၊ စစ်တက္ကသိုလ်၊ စစ်ကောင်စီရုံးတွေနဲ့ စစ်နည်းပညာတက္ကသိုလ်နေရာတွေလို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး MDY PDF ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရချိန်မှာ စစ်ခေါင်းဆောင်ရှိနေလားဆိုတာနဲ့ ပတ်သက်ပြီး ဘီဘီစီက စုံစမ်းတဲ့အခါမှာတော့ “ကာချုပ်က မနေ့ မနက်ကတည်းက ပြန်သွားပြီ၊ သူရှိတယ်ထင်ပြီးပစ်ကြတာနေမှာ၊ သူ့သားနဲ့ သမီးတွေ မြေးတွေပဲ ကျန်ခဲ့တယ်တဲ့၊ ဒါက DSA(စစ်တက္ကသိုလ်)ထဲကနေ သိရတာ”လို့ ပြင်ဦးလွင်မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘယ်မှာရှိနေလဲဆိုတာ ဖြေကြားတာမျိုးမရှိပေမဲ့ လက်ရှိအခြေအနေကို မပြတ်သိရှိစောင့်ကြည့်နေတဲ့သဘောပါတဲ့တုံ့ပြန်ချက်မျိုးနဲ့ ဘီဘီစီကို ဖြေကြားပါတယ်။

“ကာကွယ်ရေးလုံခြုံရေးတာဝန်တွေ၊ နိုင်ငံတော်ရဲ့ တာဝန်တွေ ၊ ကမ္ဘာ့ဖြစ်စဉ်ရော၊ မြန်မာ့ဖြစ်စဉ်ရော ရှုပ်ထွေးနေတဲ့ ကာလဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ တပ်မတော်အကြီးအကဲ၊ နိုင်ငံတော်အကြီးအကဲတစ်ယောက် အနေနဲ့ကတော့ ကွပ်ကဲမှုရတဲ့နေရာမှာပဲ ရှိနေတယ်လို့ ပြောချင်ပါတယ်” သူက ပြောပါတယ်။

ဒီလိုပစ်ခတ်တာတွေရဲ့ နောက်ကွယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်နိုင်ပြီး အထူးသဖြင့် တအာင်းလွတ်မြောက်ရေးတပ်(TNLA) ပါဝင်နိုင်တယ်လို့ သုံးသပ်တဲ့အကြောင်း စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရှော့တိုက် ဒုံးတွေနဲ့ ပစ်ခတ်ခံရချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတွေလည်းရှိခဲ့ပါတယ်။ “ညက ဒုံးတွေပစ်ခံရတဲ့အချိန်မှာ DSA ဘက်ကလည်း ပြန်ပစ်ပါတယ်”လို့ ပြင်ဦးလွင်မြို့ခံကပြောပါတယ်။

အဲ့လို နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ လူအထိခိုက်သေဆုံးတာတွေလည်း ရှိလာခဲ့ပါတယ်။

“စစ်တက္ကသိုလ်ဘက်ကို ဒုံးတွေကျပြီးတဲ့အချိန် အဲ့ဒီဘက်ကလည်း ပြန်ပစ်တဲ့အသံတွေကြားရတယ်။ သေဆုံးတဲ့သူတွေက ဘယ်ဘက်က ပစ်တဲ့လက်နက်ကြောင့်လည်းတော့ သေချာမသိဘူးပေါ့၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေက စစ်တက္ကသိုလ်နဲ့အဝေးကြီးပဲ၊ ဆန့်ကျင်ဘက်နေရာတွေ”လို့ နောက်ထပ် ပြင်ဦးလွင်မြို့ခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

စစ်တက္ကသိုလ်ရှိတဲ့နေရာဟာ ရပ်ကွက်ကြီး ၉ မှာရှိပြီး နည်းပညာတက္ကသိုလ်ရှိတဲ့နေရာက ရပ်ကွက်ကြီး ၁၂ ထဲမှာဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ရပ်ကွက်ကြီး ၆ မှာရှိတဲ့ အောင်မြေဇေယျာဘုန်းကြီးကျောင်းဝန်းထဲက သံဃာနှစ်ပါး ပျံလွန်တော်မူပြီး အရပ်သား တစ်ဦးသေဆုံးခဲ့ကာ နောက်ထပ် နှစ်ဦးစိုးရိမ်ဒဏ်ရာတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင်ရပ်ကွက်ကြီး ၅ ထဲက ပြည်သူ့ဆေးရုံ အရိုးကုသဆောင်လည်း ထိမှန်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်နိုင်ငံပိုင်ရုပ်သံတွေမှာတော့ သံဃာနှစ်ပါးနဲ့ အရပ်သား နှစ်ဦး သေဆုံးပြီး ပြည်သူ့ဆေးရုံမှာ တက်နေတဲ့ အသက် ၅ နှစ်အရွယ်၊ ၉ နှစ်အရွယ် ကလေးတွေအပါအဝင် ဆေးရုံတက်လူနာနဲ့ ဝန်ထမ်း စုစုပေါင်း ၁၁ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် Luxury ဟိုတယ်ခြံစည်းရိုးနားကိုလည်း ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပေမဲ့ ထိခိုက်တာမရှိဘူးလို့လည်း ပြောပါတယ်။

စစ်တက္ကသိုလ်ထဲက ဗိုလ်လောင်းထိခိုက်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ “တစ်ယောက်ပဲထိတာ၊ အသံတွေကြားလို့ ထွက်ကြည့်ရင်း ထိတာလို့ သိရတယ်” ဆိုပြီး စစ်တပ်နဲ့အစပ်ဆက်ရှိတဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။

ပေါက်ကွဲသံတွေ ထွက်လာပြီးနောက် စစ်သားတွေကလည်း မြို့အနှံ့ လုံခြုံရေးတင်းကျပ်ခဲ့သလို လမ်းမတွေ ပေါ်မှာ လူအသွားအလာရှင်းလင်းသွားတယ်လို့လည်း ဆိုပါတယ်။

“ဘယ်ကပစ်တဲ့ လက်နက်နဲ့ထိတယ်လို့တော့ မသိကြရသေးဘူး” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အောင်မြေဇေယျာ ဘုန်းကြီးကျောင်းနဲ့ ပြည်သူ့ဆေးရုံတို့ဟာ စစ်တက္ကသိုလ်ရဲ့ ဆန့်ကျင်ဘက်မှာရှိပြီး အလယ်မှာ ရပ်ကွက်တွေခြားသလို လားရှိုး-မန္တလေးလမ်းမကြီးလည်း ခြားထားပါတယ်။

ပြင်ဦးလွင်ဝန်းကျင် လက်ရှိအခြေအနေ

ဧပြီလ ၁၅ ရက် မနက်ပိုင်းမှာတော့ ပြင်ဦးလွင် မြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးတာတွေ ရှိနေပေမဲ့ မြို့ထဲမှာတော့ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကြန်ရေကစားမဏ္ဍပ်တွေက ပုံမှန်ကစားနေတာရှိပေမဲ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တုန်းကလောက် ရေကစားတဲ့သူတွေ မများဘဲ ခြောက်ကပ်နေတယ်လို့ သိရပါတယ်။

“ပြင်ဦးလွင်မှာ ရေလာကစားတာ၊ အပူလာရှောင်တဲ့သူတချို့ ပြန်ဆင်းသွားကြတယ်၊ ဒီနေ့ ကားတွေက အဆင်းကားတွေ ပိုများတယ်။ အရိုးဆောင်ကို ထိထားတော့ လူနာတချို့ကိုလည်း ဆေးရုံတာဝန်ရှိသူတွေကနေရာ ပြောင်းပေးထားတယ်”လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တက္ကသိုလ်နဲ့ စစ်နည်းပညာတက္ကသိုလ်အနားမှာရှိတဲ့ ရပ်ကွက်ကြီးတွေထဲက ဒေသခံတချို့ကတော့ မနေ့ည ပစ်ခတ်ချိန်မှာ ယမ်းနံ့တွေ ဝေနေခဲ့သလို ပေါက်ကွဲသံတွေနဲ့ ဆူညံနေခဲ့တယ်လို့ဆိုပြီး ပေါက်ကွဲ ပစ်ခတ်မှုတွေဖြစ်တဲ့အခြေအနေကို ဘီဘီစီကို ပြောပြပါတယ်။

“မနက်ကျတော့ စစ်တက္ကသိုလ်တွေနားက နေတဲ့သူတွေလည်း တခြားနေရာ ခဏရွှေ့ကြတယ်”လို့‌ ဒေသခံတစ်ယောက်က ပြောပါတယ်။

တခြားပြည်နယ်နဲ့တိုင်းတွေထဲက ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ၊ နေအိမ်မီးရှို့ခံရတာတွေ၊ လူသေဆုံးတာတွေ ရင်ဆိုင်နေရတာဖြစ်ပြီး စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မှာလည်း တချိန်ချိန် ကြုံလာနိုင်တာကိုလည်း ကြိုတွေးထားပြီးသားလို့ မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့အစပ်နားက သရက်ကုန်းကျေးရွာမှာ ဒီနေ့မနက်ကနေ ညနေစောင်းတဲ့အထိ MDY PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သရက်ကုန်းကျေးရွာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက TNLAနဲ့ MDY PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျောက်မဲလေးရွာနားမှာ ရှိတာပါ။

ဧပြီ ၁၅ ရက် တိုက်ပွဲကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“ကျွန်မတို့ရွာကို ကူညီပေးကြပါဦး၊ သူများတွေသင်္ကြန်ပျော်နေချိန်မှာ ကျွန်မတို့ သရက်ကုန်းရွာ သူရွာသားတွေကတော့ အသက်လုပြီပြေးနေရတယ်”လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေက သရက်ကုန်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။

သရက်ကုန်းရွာတိုက်ပွဲကြောင့် ရှေးဟောင်းဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်နေတယ်လို့ သိရပြီး တခြား ထိခိုက်မှုအခြေအနေတွေကိုတော့ ဆက်ပြီးစုံစမ်းနေပါတယ်။