ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
''အမျိုးသားနဲ့ အတူမနေထိုင်တာ ၁၅ နှစ်ရှိပေမဲ့ ကျွန်မတို့အိမ်ထောင်ရေးပျော်ရွှင်နေဆဲပဲ''
- ရေးသားသူ, အမ်မလီ ဟော့
- ရာထူးတာဝန်, ဘီဘီစီသတင်း
မာဂရက်ဟာ သူ့ ယောက်ျားနဲ့ခွဲပြီး အခြားနိုင်ငံတစ်နိုင်ငံမှာနေတာ ၁၅ နှစ်တောင်ရှိနေပါပြီ။
မာဂရက်က လန်ဒန်မှာနေပြီး သူ့ယောက်ျားကတော့ သြစတြေးလျမှာနေတာပါ။ တစ်နှစ်ကို တစ်ကြိမ် ဒါမှမဟုတ် ၁၈ လကို တစ်ကြိမ်သူနဲ့ ခင်ပွန်းသည် ပီတာတို့ အချင်းချင်းတွေ့ကြဖို့ ကမ္ဘာ့တိုက်ကြီး ၂ ခုကြား အသွားအလာလုပ်ကြရပါတယ်။
သွားကြတွေ့ကြတဲ့ အချိန်ကာလနဲ့ ဝေးကွာမှု ရှိပေမဲ့ သူတို့ ၂ ဦးအကြား ယုံကြည်မှုနဲ့ ပျော်ရွှင်မှု ပြည့်တဲ့စုံတွဲအဖြစ် ဆက်ရှိနေကြပါတယ်။
"မိတ်ဆွေအပေါင်းအသစ် တစ်ဖွဲ့အသစ်လည်း ရခဲ့သလို လန်ဒန်က ကျွန်မရဲ့တိုက်ခန်းလေးဆိုရင်လည်း နေရထိုင်ရ သက်တောင့်သက်သာရှိတယ်။ တကယ့်ကို အံ့သြစရာကောင်းတဲ့အတွေ့အကြုံပဲ" လို့ ဘီဘီစီ Radio 4 ရဲ့အမျိုးသမီးတွေရဲ့အချိန်အစီအစဥ်ကို ပြောပြပါတယ်။
အိမ်ထောင်ဖက်နဲ့ အိမ်ခွဲပြီးတော့ နေတာမျိုးက ပုံမှန်မဟုတ်တဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ LAT လို့ အတိုကောက်အနေနဲ့ ရှိပြီးသားပါ စုံတွဲတွေဟာ "သီးခြားနေထိုင်တဲ့ဆက်ဆံရေး" လို့ ဆိုကြပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးလူတွေ၊ ဒါမှမဟုတ် အရပ်ဘက်အတွဲတွေ သီးခြားနေထိုင်တဲ့ အချိုးက တော့ အရမ်းကို နည်းတဲ့ ၃ ရာခိုင်နှုန်းပဲရှိတာပါလို့ တရားဝင်စာရင်းဇယားတွေအရ သိရပါတယ်။
အိမ်တစ်လုံးထဲမှာအတူနေတာမျိုးမဟုတ်ရင်တောင်မှပဲ ကိုယ်ဟာ ပျော်ရွှင်တဲ့အိမ်ထောင်ပြုခြင်းမျိုး ရှိနိုင်တယ်လို့ မာဂရက်က ယုံကြည်ပါတယ်။
များလှစွာသော လူသိများ၊ စိတ်ဝင်စားခံရသူ စုံတွဲတွေကလည်း ခွဲနေကြတာနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတာတွေရှိပါတယ်။
သရုပ်ဆောင် ဂွင်းနက် ပတ်ထရိုနဲ့ သူ့အမျိုးသား စာရေးဆရာ၊ ဒါရိုက်တာ ဘရတ် ဖဲလ်ချက်ခ် တို့ဟာ သူတို့ရဲ့အိမ်ထောင်သက် အစောပိုင်းကာလတွေ အိမ်ခွဲနေခဲ့ကြရတာမျိုးရှိခဲ့ပါတယ်။ ဒီလိုအခြေအနေ ဖြစ်ပေမဲ့ ပတ်ထရိုကတော့ ''အနေဝေးလို့ သွေးအေးမသွားခဲ့ဘူး'' ပြောပါတယ်။
မော်ဒယ် အက်ရှ်လေ ဂရမ်နဲ့ သူ့အမျိုးသား ဂျက်စတင် အာဗင်တို့လည်း ဝေးတမြေခြား ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ကြသူတွေပါ။
Ocen's 8 ဇာတ်ကားမှာ Rose Weil ဇာတ်ကောင်၊ ဟယ်ရီပေါ်တာ ဇာတ်ကားတွေထဲ Bellatrix Lestrange ဇာတ်ကောင်နေရာတွေနဲ့ နာမည်ကြီးတဲ့ ဗြိတိသျှ မင်းသမီး ဟယ်လီနာ ဘိုဟမ် ကာတာနဲ့ သူ့ ခင်ပွန်း ဒါရိုက်တာ တင်ဘာတမ်တို့ဟာ ၁၃ နှစ်ကြာ သူတို့ အိမ်ထောင်သက်တမ်းမှာ ဝေးတမြေခြား ဆက်ဆံရေး ရှိခဲ့ကြတာပါ။
လတ်တလော Abbott Elementary ဇတ်ကားထဲက မင်းသမီး ရှယ်ရ် လီ ရာ့ဖ်ကလည်း သူနဲ့ သူ့ ခင်ပွန်းတို့ဟာ အလုပ်ကြောင့် အမေရိတိုက်ကြီးရဲ့ တစ်ဖက်ခြမ်းစီမှာ နှစ် ၂၀ လောက် ကြာအောင်ခွဲနေခဲ့ကြတယ်လို့ ပြောပါတယ်။
သူက အလုပ်ကြောင့် ဟောလိဝုဒ်နယ်ကနေ ခွာလို့ မရချိန် ခင်ပွန်းဖြစ်သူက ပန်ဆေဗေးနီးပြည်နယ် အထက်လွှတ်တော်အမတ်ဖြစ်လို့ ဖလယ်ဒဲဖီးယားမြို့မှာ နေရတာကြောင့် ဖြစ်ပါတယ်။
မာဂရက်အတွက်တော့ လွန်ခဲ့တဲ့ ၁၅ နှစ်က သူ့ဘဝဟာ အလွန်ကို ကွဲပြားခြားနားခဲ့ပါတယ်။ သြစ တြေးလျမှာနေခဲ့သလို အိမ်အပြင်ထွက်အလုပ်မလုပ်ရပဲ ကလေး ၄ ယောက်ကိုပဲ ဂရုစိုက်ခဲ့ရ ပါတယ်။ အဲဒီအချိန်မှာတော့ သူ့ယောက်ျား ပီတာဟာ အချိန်ပြည့်ဆရာဝန်တစ်ယောက်အနေနဲ့ မိသားစုအတွက် အဓိက ငွေရှာပေးသူဖြစ်ခဲ့ပါတယ်။
သူအသက် ၅၇ နှစ်ပြည့်တဲ့အခါမှာတော့ မာဂရက်ဟာ တက္ကသိုလ်ပြန်တက်ပြီး ဘာသဗေဒ ဆိုင်ရာ ဒေါက်တာဘွဲ့ကိုရယူခဲ့ပါတယ်။
သူကျောင်းပြီးတဲ့အခါမှာ ကလေးတွေလည်း အတောင်စုံကြပြီဖြစ်လို့ တစ်ခုခု မတူညီတာမျိုးကိုလုပ်ဖို့အချိန်ကျပြီးလို့ မှတ်ယူတာကြောင့် လန်ဒန်ကို ပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။
"ဘဝရဲ့ အဲဒီအရွယ်မှာပဲ ကျွန်မနဲ့ ပီတာမှာ မတူညီကြတဲ့ရည်မှန်းချက်တွေရှိခဲ့ကြတယ်ဆိုတာကို သိသာထင်ရှားလာခဲ့ပါတယ်။ သူက မိသားစုအိမ်မှာ နေချင်ခဲ့ပြီး အလုပ်ဆက်လုပ်ချင်တယ်။ အဲဒါကိုထောက်ရှုပြီး ကျွန်မက အခွင့်အလမ်းတစ်ခုကိုမြင်ခဲ့ရတယ်"
အခုတော့ မာဂရက်က ခွဲစိတ်ဆရာဝန်တွေများဆိုင်ရာတော်ဝင်ကောလိပ်(the Royal College of Surgeons)မှာ ပညာရေးအရာရှိတစ်ဦး ဖြစ်နေပါပြီ။
"အများစုကအနားယူတော့မယ်လို့စဥ်းစားနေတဲ့ အချိန်မှာ သက်မွေးလုပ်ငန်းအဆင့်တစ်ခုဆီကို ကျွန်မတက်လှမ်းခဲ့တာပါ။"
"ကိုယ်က အလုပ်လုပ်ချင်နေသေးတယ်ဆိုရင်လည်း အသက် ၆၀ အရွယ်မှာအချိန်ပြည့်အလုပ် တစ်ခုကိုရနိုင်ပါတယ်။ အခြားနိုင်ငံတစ်ခုမှာနေနိုင်ပြီး တစ်ခြားမတူညီတဲ့ နယ်မြေ ဒေသတစ်ခုကို ပြောင်းတယ်ဆိုရင်တောင် အဲဒီလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့အရာ အားလုံး လုပ်နိုင်ပါတယ်"။
ဒါပေမယ့်လည်း အဲဒီလိုတွေဖြစ်လာနိုင်ဖို့အတွက် လင်မယားတွေအကြားမှာ လုံးဝချောချောမွေ့မွေ့ ဖြစ်လာတာမျိုးတော့မဟုတ်ဘူးလို့ မာဂရက်က အလေးထားပြောပြပါတယ်။
"ခွဲနေကြတဲ့အခါ တစ်ကိုယ်ကြည့်ရင် အားနည်းချက်တွေလည်းရှိပါတယ်။ ပီတာအတွက်ဆိုရင် ဘရစ်ဘိမ်းက မိသားစုအိမ်မှာ ဆက်ပြီးနေတယ်။ အရင်တုန်းက အပွဲပွဲနွှဲတတ်တဲ့လူမျိုးက လူတွေနဲ့ ရောရောနှောနှော မရှိဘူးတော့ဘူး။ အဲဒီမှာ တစ်ယောက်တည်း အထီးကျန်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလိုခွဲနေကြတဲ့အခါ မကောင်းတဲ့အချက်က ကျွန်မအတွက်ဆိုရင် တိုးတိုးဖော် မရှိတော့ဘူး"
ဒီလိုခွဲနေကြရာမှာ အလုပ်ဖြစ်ဖို့ အဓိက အကျဆုံးကတော့ ပုံမှန်စကားပြောဆိုဖို့က အရေးကြီးတယ်လို့ သူက ပြောပါတယ်။
"လန်ဒန်က ကျွန်မအလုပ်၊ သူငယ်ချင်းအသစ်တွေနဲ့ ကျွန်မရဲ့ခရီးစဥ်တွေစတဲ့ အရာအားလုံးကို ပီတာကို ပြောပြတယ်"
"သူလန်ဒန်ကိုလာလည်တဲ့အခါမှာလည်း အဲဒါဟာ ဘဝရဲ့အခြားရှုထောင့်မြင်ကွင်းမျိုးကို သူ့ကို ပေးတာမျိုးပါ။ ကျွန်မအတွက်လည်းအတူတူပါပဲ။ သူလည်းအဲဒါကိုကြိုက်ပါတယ်။"
အမျိုးသမီးတွေရဲ့အချိန် အစီအစဥ်ကို နားထောင်သူ ကယ်ရီကတော့ အိမ်ထောင်ဖက်အမျိုးသားနဲ့အတူနေတာ ၃ နှစ်ကျော်ပါပြီ။ သူတို့ရဲ့ "လွတ်လပ်ခွင့်နဲ့ လွတ်လပ်မှု'' ကို ထိန်းထားနိုင်ဖို့ဆိုရင် နှစ်ယောက်အတူပူးတွဲလုပ်ရတဲ့အလေ့ မရှိအောင်လုပ်ဖို့ အတူနေဖို့ ဆုံးဖြတ်ကတည်း နှစ်ဦးသဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။
"အနီးနားမှာပဲ အိမ်တစ်လုံးစီ ဝယ်ခဲ့ကြပြီးတော့ အိမ်ကိစ္စတွေ ကူညီဖို့အတွက်လည်း အိမ်အကူတွေ ထားခဲ့ကြတယ်"
နောက်ဆုံးမှာ လက်ထပ်ဖို့အတွက်သူတို့စီစဥ်ခဲ့ပါတယ်။ ဒါတောင် အရင်က သဘောတူထားတဲ့အတိုင်း ပိုနေမြဲ ကျားနေမြဲ ရှိရင်းစွဲ နေထိုင်မှုပုံစံကို မပြောင်းလဲခဲ့ကြဘူးလို့ ကယ်ရီက ပြောခဲ့ပါတယ်။
"ကျွန်မတို့ ၂ ယောက်လုံးအတွက် တကယ်လည်းအလုပ်ဖြစ်တယ်။ ခိုင်မာ အားကောင်းတဲ့ဆက်ဆံရေး လိုမျိုး ၂ ယောက်လုံးကို ခံစားစေရတဲ့ ရလဒ်မျိုးကို ရရှိပါတယ်"
Relate at Family Action က အရည်အသွေးထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး အမန်ဒါ မေဂျာကတော့ ဒီလို အစီအစဥ်မျိုးဟာ လူတိုင်းနဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ဝေးတမြေဆီ ခွဲနေကြတဲ့ လက်ထပ်ပြီးသား ဇနီးမောင်နှံတွေအတွက်တော့ အကျိုးကျေးဇူးရှိတယ်လို့ သူက ပြောပါတယ်။
''ဒီလိုခွဲနေလိုက်တော့ ကိုယ့်အတွက် နေရာလေးတစ်ခုဖြစ်လာတယ်။ ကိုယ်ကြိုက်တာလေးတွေ လုပ်ဖို့၊ လူမှုစီးပွားထဲ မနစ်သွားတော့ဘဲ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာကို ကိုယ့်ကိုယ်ကို မမေ့ သွားအောင် ထောက်ကူစေတယ်''
"ကိုယ်က လက်ထပ်ထားပေမဲ့ ကိုယ့်အတွက် ကိုယ့်နေရာရှိတယ်၊ ကိုယ်လုပ်ချင်တာတွေရှိတယ်၊ အဲဒီအတွက်လည်း ကိုယ့်ကို အားပေးနားလည်မယ့် ခင်ပွန်း ဒါမှဟုတ် ဇနီးလည်းရှိတယ်ဆိုတာမျိုး လူတွေကို ခံစားမိစေတဲ့တွန်းအားကို ဖြစ်စေတယ်''
အနေဝေးပေမဲ့ သွေးမအေးအောင် ဘယ်လိုလုပ်သင့်လဲ
- ၂ ဖက်လုံးက တကယ့်ကို လိုချင်တဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့ သေချာပါစေ၊ ဖိအားလိုမခံ စားစေဖို့ပါ။ ဘာကြောင့်လဲဆိုရင် တစ်ယောက်နဲ့ လိုက်ဖက်ပေမယ့် နောက်တစ် ယောက်နဲ့တော့ လိုက်ဖက်ချင်မှလိုက်ဖက်တာမျိုးမို့လို့ပါ။
- တကယ့် နှစ်ယောက်သားအပြည့်အဝဆွေးနွေးထားတဲ့ လက်ခံနိုင်တဲ့ အခြေခံအချက် တွေရှိပါစေ။
- အဲဒီလိုလုပ်ထားတာက တကယ်အလုပ်ဖြစ်နေဆဲလားဆိုတာကို နှစ်ဖက်လုံးက ပုံမှန် သေချာစစ်ဆေးပါ။
- ဘယ်လိုနေ့တွေမှာ အတူကုန်ဆုံးကြမယ်။ လိင်ပိုင်းဆိုင်ရာဆက်ဆံရေးအတွက် စီမံခန့်ခွဲခြင်း ဒါမှမဟုတ် ကလေးတွေရှိတယ်ဆိုရင်လည်း သူတို့အတွက် စီမံခန့်ခွဲခြင်း တွေကို ဆွေးနွေးနိုင်ကြဖို့ပါ။
- ကိုယ့်လက်တွဲဖော်နဲ့ အချိန်တိုင်းမှာ လုံးဝရှင်းလင်းတဲ့ဆက်သွယ်ရေးကို ထားရှိနိုင်ပါစေ။
- ဆက်ဆံရေးအတိုင်ပင်ခံဝန်ဆောင်မှုကပေးတဲ့အကြံဉာဏ်တွေကိုလည်း လက်ခံပါ။