ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗယ်လင်တိုင်း - အွန်လိုင်းက ဒိတ်မယ်ဆိုရင် အသုံးဝင်မယ့် အချက် ၇ ချက်
ကိုယ်က တစ်ကိုယ်တည်းသမားဖြစ်ပြီး ဒီဗယ်လင်တိုင်းနေ့မှာ ချစ်သူ ရှာဖို့ စဉ်းစားနေပါသလား။
အွန်လိုင်းစာရင်းဇယားတွေပြုစုတဲ့ Statista ရဲ့လေ့လာချက်အရ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၂၄၀ ဟာ အွန်လိုင်းပေါ်တက်ပြီး ချစ်သူအဖော် ရှာကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ တကယ် ချစ်သူ ရမသွားသူတွေ အများကြီး ရှိတယ်ဆိုတာရော သိကြပါရဲ့လား။
ကဲ ဒီတော့ ချစ်သူရဖို့ဆိုရင် သိထားသင့်တဲ့ ရှောင်ရန်၊ဆောင်ရန် အချက်လေးတွေကို ဒီမှာ စုစည်းဖော်ပြလိုက်ပါတယ်။ ဒါတွေကို ဖော်ထုတ်ပေးသူတွေကတော့ The Man Diet ဆိုတဲ့ စာအုပ်ရေးသားသူ Zoe Strimpel နဲ့ ချစ်မှုရေးရာအတိုင်ပင်ခံ Suzie Hayman တို့ပါပဲ။ သူတို့ပေးတဲ့ ဒိတ် ရဖို့ အကြံတွေကတော့
၁။ ဒိတ် ရဖို့လိုကိုလိုတယ်ဆိုပြီးတော့ မဒိတ်ပါနဲ့
ကိုယ်စိတ်ထဲမှာ အဆင်မပြေဘူးလို့ ခံစားရရင် ရပ်လိုက်ပါ။ အဲဒီ တစ်ယောက်ကို ကိုယ်က ကြိုက်ကြည့်လို့မရရင် သူနဲ့ထပ်မတွေ့ပါနဲ့တော့။ ကြိုးစားကြည့်မယ်ဆိုတာက အန္တရာယ်ရှိပါတယ်။ ကိုယ့်ကို စိတ်ရောလူပါ ပင်ပန်းစေတယ်။ ကိုယ့်ကိုယ်ကိုယ်ကိုရော တခြားလူတွေ အပေါ်မှာပါ အဆိုးမြင် မကောင်းထင်တဲ့ စိတ်တွေ ဝင်လာတတ်ပါတယ်။
၂။ ကိုယ့်ထင်မြင်ချက်ကို ယုံကြည်ပါ
တချိန်ချိန်မှာ သတိထားစရာ တစ်ခုခုရှိလာပြီလို့ အသိပေါ်လာရင် အဲဒီ အချက်ကို အလေးအနက်စဉ်းစားပါ။ ငါ့အမှားပါလေလို့ စိတ်ဖြေတွေးတွေးလိုက်မိတတ်ပါတယ်။ တကယ်တော့ သူ့ဘက်က တစ်ဘက်က အမှား ဖြစ်နေနိုင်ပါတယ်။
၃။ လေ့လာချက်တွေအရ မက်ဆေ့ချ်ပို့တာ နည်းလေ ကောင်းလေပါတဲ့
အွန်လိုင်းပေါ်မှာ ကိုယ်နဲ့ သင့်တော်သူ ကိုက်ညီသူဆိုပြီး အကြံပြုလာသူတွေ အများကြီးနဲ့ တပြိုင်တည်း ချက်လုပ်နေရတာ ကိုယ့်အသိစိတ်ကို ထုံထိုင်းသွားစေတတ်ပါတယ်။ တခါတလေ အဲဒီလို ကိုက်ညီသူဆိုတာတွေက ရာနဲ့ချီရှိနေနိုင်ပါတယ်။
ကိုယ်နဲ့ ဒိတ် ဖြစ်ဖို့ အလားအလာအရှိဆုံးသူ၊ နောက်ပြောင်လို့ ရသူ၊ စကားပြောရတာ ပျော်ဖို့ ကောင်းတဲ့သူတွေနဲ့ ပိုပြောဖို့ပဲ ကိုယ့်အချိန်ကို သုံးပါ။
၄။ ဒိတ် အတွက် လူတွေ့ဖို့ဆိုရင် လူအများကြီးရှိတဲ့ဆီကို သွားပါ
လူသီးသန့်ပဲ ထားတဲ့ ဆိုက်တွေကို သွားတာထက် လူတွေ အများကြီး ရှိနေတဲ့ ဆိုက်တွေဆီကို သွားပါ။ ဒိတ်လုပ်တယ်ဆိုတာ လူအများကြီးထဲက ရွေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် အဖြုန်းတွေကြားထဲက စိန်ကောင်းတစ်ပွင့်ရွေးဆိုတာမှာ အဖြုန်းတွေအများကြီး ရွေးစရာရှိဖို့လိုပါတယ်။ ကိုယ့် ဆိုက်ထဲမှာ စိန်ကောင်းအဖိုးတန်တွေချည်းပဲ ရှိပါတယ်လို့ ပြောနေတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို မယုံပါနဲ့။ သူတို့မှာ မရှိပါဘူး။ ဖြတ်လမ်းတိုဆိုတာ မရှိပါဘူး။
၅။ အရင်ဆုံးတော့ မိတ်ဆွေ သူငယ်ချင်းရှာပါ
အကောင်းဆုံး အဖော်ဆိုတာက သူငယ်ချင်း မိတ်ဆွေတွေ အဖြစ်နဲ့ စပြီး တဖြည်းဖြည်း ချစ်သူရည်းစားတွေ အဆင့်တက်သွားတာမျိုးမှာ တွေ့ရတတ်ပါတယ်။ အဲဒီ အွန်လိုင်းကနေ သူငယ်ချင်းဖြစ်သွားသူဆီကတဆင့်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် တကယ်တမ်း အဖော်ကို သူ မိတ်ဆက်ပေးရာက ရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
၆။ သိပ်ကြီး တင်းတင်းကြပ်ကြပ် ပိုင်းဖြတ်မထားပါနဲ့
ကိုယ်ဘာကြိုက်တယ်ဆိုတာကို ကိုယ်သိတယ်ဆိုတာမှန်ပါတယ်။ ကိုယ်က ပိုင်းဖြတ်ဆုံးဖြတ်ထားပြီး ကိုယ့်စံနဲ့ကိုက်သူသာ ရွေးမယ်လို့ ဘောင်ကျဉ်းကျဉ်းလေးချထားရင် တကယ်တမ်း ကိုယ့်အတွက် ဖြစ်လာမယ့် လူနဲ့ လွဲရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလူက ကိုယ်စာရွက်ပေါ်ချရေးထားတဲ့ ပုံစံမျိုးနဲ့ အတိအကျတူချင်မှ တူနိုင်မှာပါ။
၇။ သတိထားပါ၊ အမျှော်အမြင်ရှိရှိနဲ့ လုပ်နိုင်ပါစေ
အင်တာနက်ကနေ မိတ်ဆက်ပေးလို့ သိကျွမ်းရတဲ့ အဖြစ်တွေမှာ အားနည်းချက်ကတော့ တစ်ဘက်လူနဲ့ ပတ်သက်လို့ ကိုယ်နဲ့ သူနဲ့ကြား ဘုံမိတ်ဆွေမရှိတဲ့အတွက် သူ့ အကြောင်း ကိုယ်က ဘာမှ မသိရတတ်တာမျိုးပါ။ ဒါကြောင့် တစ်ဘက်က ပြောလာတာတွေအထဲမှာ ယုတ္တိတန်ဖို့ ခက်တာ၊ သံသယရှိစရာတွေ တွေ့လာရင် ကိုယ့်ခေါင်းထဲ မြည်လာမယ့် အချက်ပေး ခေါင်းလောင်းသံကို သတိပြုပါ။
ကိုယ့် ဒိတ် အသစ်က ကိုယ့်ဆီက ပိုက်ဆံတောင်းလာရင်၊ ကိုယ့်နဲ့ စီစဉ်ထားပြီးကိစ္စတွေကို မကြာမကြာ ဖျက်လာရင် အဲဒီလူနဲ့ နောက်ထပ် အဆက်အသွယ်တွေ ဖြတ်ဖို့ စဉ်းစားသင့်ပါပြီ။
စိတ်ခံစားမှုနောက်လိုက်ပြီး ခံစားမှုအတိုင်း ဆုံးဖြတ်ရင် အမှားတွေ့နိုင်ပါတယ်။
အခု သတင်းလွှာကို ဘီဘီစီရဲ့ စားသုံးသူရေးရာ အစီအစဉ် You & Yours မှာ ထုတ်လွှင့်ခဲ့ချက်ကို မှီငြမ်းရေးသားထားပါတယ်။